Travel

Shwe Thaung Yan Beach Near Chaung Thar

Shwe Thaung Yan Beach Near Chaung Thar

ဒီဇင်ဘာလ ခရစ်မတ်ပိတ်ရက်မှာ မြို့ပြရဲ့အဝေး ပင်လယ်ကမ်းခြေမှာ သွားရောက်အပန်းဖြေ အနားယူချင်တဲ့သူတွေအတွက် ရွှေသောင်ယံကမ်းခြေက ထည့်သွင်းစဉ်းစားရမယ့် နေရာတစ်ခုဖြစ်ပါတယ်။ ပင်လယ်ကိုကြိုက်ပေမဲ့ ချောင်းသာ၊ ငွေဆောင်တို့က လူအရမ်းရှုပ်လို့ မသွားချင်ဘူးဆိုရင် ချောင်းသာကနေ ရှစ်မိုင်လောက်အကွာမှာရှိတဲ့ ရွှေသောင်ယံကမ်းခြေမှာ အပန်းဖြေအနားယူနိုင်ပါတယ်။

ရွှေသောင်ယံကမ်းခြေကို ဘယ်လိုသွားမလဲ….?

ရန်ကုန် -ပုသိမ် -ချောင်းသာ လမ်းအတိုင်း ချောင်းသာကို အရင်သွားရမှာပါ။ ချောင်းသာရောက်ရင် မြို့အဝင် ဆိုင်းဘုတ် အကျော်လေးက ရွှေဟင်္သာဟိုတယ်နားမှာ ကျောက်မောင်နှမဘက်သွားတဲ့ လမ်းခွဲကို စတွေ့ရပါမယ်။ အဲဒီမှာ "ရွှေသောင်ယံမြို့ကို ရှစ်မိုင်" ဆိုပြီး ရေးထားတဲ့ လမ်းညွှန်ဆိုင်းဘုတ်ကို မြင်ရမှာပါ။ အဲဒီကနေ ဆက်ပြီး ဝင်သွားရပါမယ်။ 

ကျောက်မောင်နှမကို ကျော်ပြီးရင်တော့ နေပြည်တော် ရောက်သွားသလားထင်ရတဲ့ ခြောက်လမ်းသွား ကွန်ကရစ်လမ်းမကြီးနဲ့အတူ အဝိုင်းပတ်တွေကို မြင်ကြရဦးမှာပါ။ အဲဒီနောက်တော့ ကျောက်ခဲလမ်းတွေနဲ့ မြေလမ်းတွေ တစ်လှည့်စီလောက် ဖြစ်လာပြီး ရွှေသောင်ယံမြို့ဆီကို ဖြတ်တဲ့ တံတားပြာလေးကို ရောက်သွားပါလိမ့်မယ်။ ရွှေသောင်ယံမြို့ (ရွာနဲ့ပိုတူ) ထဲမှာတော့ စားသောက်ဆိုင်လေးတွေ၊ ဟိုတယ်တွေနဲ့ အတော်လေးစည်ပါတယ်။ 

ရွှေသောင်ယံကမ်းခြေမှာ ဘာလည်စရာရှိလဲ….?

ပင်လယ်ကမ်းခြေဖြစ်တာမို့ အထွေအထူးတော့ လည်ပတ်စရာမရှိပါဘူး။ တံငါရွာလေးလိုဖြစ်နေတဲ့ ရွှေသောင်ယံမြို့က ဒေသခံတွေရဲ့ လူနေထိုင်မှု ဘဝပုံစံတွေကို လေ့လာနိုင်ပါမယ်။ လမ်းမှာ ကျောက်မောင်နှမ ကမ်းခြေနဲ့ ဆင်စခန်းတွေကို လည်ပတ်လို့ရပါမယ်။ Gerizim Hotel Resort မှာ တည်းခဲ့မယ်ဆိုရင် Gerizim Water Park မှာ မိသားစု၊ သူငယ်ချင်းတွေနဲ့ ကဲလို့ရဦးမှာပါ။

ချောင်းသာကနေ ရွှေသောင်ယံတစ်လျှောက် မြင်ကွင်းလှလှလေးတွေရှိလို့ ဓာတ်ဖမ်းနိုင်ပါတယ်။ ရွှေသောင်ယံ မြို့အဝင်က တံတားပြာကြီးကနေ နေဝင်နေထွက်အလှကို ပင်လယ်နဲ့ ယှဉ်တွဲ ခံစားနိုင်ပါတယ်။ ချောင်းသာထက် ရွှေသောင်ယံကမ်းခြေမှာ ချစ်စရာကောင်းတဲ့ ပင်လယ်ကောင်လေးတွေကို ပိုတွေ့ရတတ်ပါတယ်။ 

အဓိကကတော့ ရွှေသောင်ယံကမ်းခြေက လူရှုပ်တာမကြိုက်ဘဲ အေးအေးလူလူ နားအေးပါးအေးနေချင်တဲ့ သူတွေနဲ့ အဆင်ပြေပါတယ်။ ရေလည်းသန့်ပြီး ကြည်တယ်။ သဲသောင်ကတော့ နူးညံ့နေတဲ့အထဲမပါပေမယ့် အဆင်ပြေပါတယ်။ မြင်ကွင်းတွေကတော့ ချောင်းသာကမ်းခြေနဲ့ မတူတဲ့ အသွင်အပြင်သစ်တစ်မျိုးကို ရသမြောက်စွာ ခံစားရမှာပါ။ မျက်စိရှုပ်နားရှုပ် မရှိတဲ့ ကမ်းခြေမှာ ချောင်းသာက ပင်လယ်ဟင်းလက်ရာတွေကို စားချင်သူတွေအတွက်တော့ အတော်စိတ်ဝင်စားစရာကောင်းတဲ့ ကမ်းခြေဖြစ်ပါတယ်။

⇐ Previous Next

Read 1727 times