Travel

10 Photogenic Places In Yangon

10 Photogenic Places In Yangon

သဘာ၀ဆန်ဆန်ပုံလေးတွေ ရိုက်ချင်ပေမဲ့ ဘယ်နေရာတွေမှာ သွားရိုက်ရမှန်းမသိ ဖြစ်နေတဲ့ ဓာတ်ပုံရိုက် ဝါသနာရှင်လေးတွေအတွက် ရန်ကုန်မြို့တွင်းက ဓာတ်ဖမ်းလို့ အကောင်းဆုံး ရုပ်ရှင်ဆန်ဆန်နေရာ (၁၀) ခုကို ပြောပြပေးလိုက်ပါတယ်။

၁။ ဗိုလ်ချုပ်အောင်ဆန်းစျေး

ဒီနေရာလေးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ ဗိုလ်ချုပ်စျေးက ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပန်းပဲတန်းမြို့နယ်မှာ တည်ရှိပါတယ်။ ရှေးဟောင်းနှစ်ထပ် အဆောက်အဦးကြီးဖြစ်ပါတယ်။ ဓာတ်ပုံလည်းရိုက်ရင်း အမှတ်တရပစ္စည်းလေးတွေ ဝယ်လို့ရတဲ့ နေရာလည်းဖြစ်ပါတယ်။ မုန့်သည်တွေလည်း ရှိတာမို့ ဓာတ်ပုံရိုက်လို့ ပင်ပန်းလာရင်လည်း မုန့်ဝင်စားခဲ့လို့ရပါတယ်။

၂။ ဆိပ်ကမ်းသာလမ်း

ဆိပ်ကမ်းသာလမ်းကတော့ ကျောက်တံတားမြို့နယ်မှာ တည်ရှိပါတယ်။ ဆိပ်ကမ်းသာလမ်း အောက်ဘလောက်မှာ ဓာတ်ပုံရိုက်ရင် အရမ်းလှပါတယ်။ ပုံလှလှလေးတွေ ဖန်တီးချင်တယ်ဆိုရင် နေကျချိန်သွားဖို့ အကြံပြုချင်ပါတယ်။

၃။ ရန်ကုန်ဆေးရုံကြီးရှေ့

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကတော့ လသာမြို့နယ်မှာရှိပါတယ်။ ဆေးရုံရှေ့နားက စက္ကူပန်းလေးတွေ လှိုင်လှိုင်ပွင့်နေတဲ့နေရာမှာ ဓာတ်ပုံရိုက်မယ်ဆိုရင် အရမ်းလှပါတယ်။ ပန်းအရောင်ကစိုပြီး လှနေတာမလို့ ပန်းကိုနမ်းပြီးရိုက်ရင်ဖြစ်ဖြစ်၊ ကိုင်ပြီးရိုက်ရင်ဖြစ်ဖြစ် အရမ်းလှမှာပါ။ ပန်းချစ်တဲ့သူတွေအတွက်ဆို ဒီနေရာလေးက လုံး၀အံကိုက်ပါပဲ။

၄။ အင်းယားကန်ဘောင်

အင်းယားကန်ဘောင်ဟာ အရင်ထဲက ကျောင်းသားကျောင်းသူတွေ၊ ချစ်သူစုံတွဲတွေ၊ မိသားစုလိုက် အပန်းဖြေကြတဲ့သူတွေ၊ ကျန်းမားရေးလိုက်စားသူတွေနဲ့ လူသိများပါတယ်။ ကျယ်ဝန်းလှတဲ့ ကန်ရေပြင်ကြီးရယ်၊ မြက်ခင်းစိမ်းလှလှတွေရယ်နဲ့ ညနေခင်းနေဝင်ဆည်းဆာအချိန်ကို ခံစားရင်း ဓာတ်ဖမ်းချင်သူတွေအတွက်တော့ အသင့်တော်ဆုံးပါ။

 ၅။ ဝန်ကြီးများရုံး

အတွင်းဝန်ရုံးလို့ခေါ်တဲ့ ဒီနေရာလေးက ကိုလိုနီခေတ် အဆောက်အဦးဖြစ်လို့ ဓာတ်ဖမ်းဖို့ အကောင်းဆုံးနေရာတွေထဲက တစ်ခုအပါဝင်ပါ။ အဆောက်အဦးတွင်းမှာလည်း မြန်မာ့ရှေးဟောင်းအမွေအနှစ်တချို့ကို လေ့လာနိုင်ပါသေးတယ်။

၆။ မင်္ဂလာဒုံပန်းခြံ

ခရေပင်လမ်းခွဲအကျော်လေးက မင်္ဂလာဒုံပန်းခြံမှာ ဓာတ်ပုံလှလှလေးတွေ ရိုက်လို့ရပါတယ်။ နေရာလေးက သစ်ပင်အကြီးကြီးတွေနဲ့ ပန်းအလှလေးတွေရောရှိလို့ စိမ်းစိမ်းစိုစိုနဲ့ ရှုခင်းအရမ်းလှပါတယ်။ မင်္ဂလာဒုံမှာနေပြီး ဒီပန်းခြံလေးမှာ ဓာတ်ပုံမရိုက်ဖူးသေးဘူးဆိုရင် သွားရိုက်လိုက်ပါဦးနော်။

၇။ ဗိုလ်တစ်ထောင်ကမ်းနား

ရန်ကုန်ရဲ့ နေဝင်ချိန်ကို ချစ်သူနဲ့အတူ၊ ဘော်ဒါတွေနဲ့အတူ ဖြတ်သန်းချင်ရင် ဗိုလ်တစ်ထောင်ကမ်းနားကိုသာ ရွေးလိုက်ပါ။ အလှဓာတ်ပုံတွေရိုက်ရင်း ရန်ကုန်မြို့ရဲ့ နေဝင်ဆည်းဆာအလှကို ခံစားကြည့်လို့ရပါတယ်။

၈။ ရန်ကုန်ဘူတာကြီး

 

 

 

 

 

 

 

 

 

 

 

 

 

ရန်ကုန်ဘူတာကြီးကတော့ ရှေးဟောင်းမူလ လက်ရာမပျက်အောင် ထိန်းသိမ်းထားတဲ့ နေရာဆိုတော့ ရှေးဟောင်းအငွေ့အသက်တွေကို ခံစားရင်း ဓာတ်ပုံရိုက်နိုင်သလို ရထားလာချိန်ဆို ရထားကြီးတွေနဲ့ တွဲရိုက်နိုင်ပါတယ်။

၉။ သဗ္ဗညုပုထိုးတော်ကြီး

ဒီနေရာလေးက ပုဂံသွားစရာမလိုဘဲ ရန်ကုန်မြို့ထဲမှာပဲ ပုဂံရောက်သွားသလို ခံစားမှုကို ရရှိစေမယ့် နေရာလေးဖြစ်ပါတယ်။ ပုဂံမြို့က သဗ္ဗညုဘုရားနဲ့ ပုံစံတူ ဘုရားကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ကျောက်ရေတွင်းတောင်ပိုင်း၊ သုခလမ်းနှင့် ဓမ္မပာလလမ်းမှာ ၁၉၈၉ ခုနှစ်တည်းက တည်ထားတာပါ။ ဘုရားဖူးရင်း ကုသိုလ်လည်းရ ဓာတ်ပုံလှလှလေးတွေလည်း ရနိုင်ပါတယ်။

၁၀။ ကြည့်မြင်တိုင်ဘူတာ

ကြည့်မြင်တိုင်ဘူတာမှာ ကိုလိုနီခေတ်က အဆောက်အဦးပုံစံ အဆောက်အဦးနီနီကြီးရယ်၊ ပန်းပင်လေးတွေရယ်၊ ရုပ်ရှင်ဆန်ဆန် ထိုင်ခုံလေးတွေရယ်က လှပကောင်းမွန်တဲ့ ဓာတ်ပုံလေးတွေရဖို့ ပံ့ပိုးပေးမှာဖြစ်ပါတယ်။ ဝတ္ထုဆန်ဆန် အလှအပတွေကို နှစ်သက်တယ်ဆိုရင် ကြည့်မြင်တိုင်ဘူတာမှာ တစ်ခါလောက်သွားပြီး ဓာတ်ပုံရိုက်ကြည့်ပါ။

ဒါ့ပြင် ရန်ကုန်မြို့ရဲ့ ဓာတ်ဖမ်းလို့အကောင်းဆုံး နောက်ဖေးလမ်းကြားနေရာ (၁၀) ခုကို အောက်ပါလင့်ခ်တွင် ဆက်လက်ဖတ်ရှု့နိုင်ပါတယ်။

>> https://bit.ly/3J9tNRW

Photo Source - Zack Blogs

⇐ Previous Next

Read 2250 times