Travel

Best Tourist Destination In Bangkok - Baan I-Tong

Best Tourist Destination In Bangkok - Baan I-Tong

မြန်မာနိုင်ငံရဲ့ ထားဝယ်မြို့နဲ့ဆို သိပ်မဝေးလှတဲ့ နတ်အိမ်တောင်ကို ရောက်ဖူးသူတိုင်းက အိမ်မက်ရွာလေးလို့ တင်စားကြရတဲ့အထိ နေချင်စဖွယ် တောင်ပေါ်ရွာငယ်လေးတစ်ခုပါ။ သူက ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်ထဲက Thong Pha Phum (သောင်ဖဖွန်း) မြို့မှာ တည်ရှိပြီး မြန်မာတွေ အများစုနေတဲ့ရွာ ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ နှစ် (၈၀) လောက်တုန်းက ပီလော့ဆိုတဲ့ သတ္ထုမိုင်းတွင်းအဟောင်း ရှိခဲ့တဲ့နေရာမို့ Pilok Mine (ပီလော့မိုင်း) လို့လည်း တချို့က ခေါ်ကြပါတယ်။ နတ်အိမ်တောင်ရွာကို ထိုင်းလိုဆို အီတောင် (E-tong)/ ဘန်အီးတောင် (Baan I-Tong) လို့ ခေါ်ပါတယ်။ နတ်အိမ်တောင်မှာ ထိုင်းနဲ့ ထားဝယ်လူမျိုးတို့ အများဆုံးနေထိုင်ကြပြီး ထိုင်းစကား၊ မြန်မာစကားနဲ့ ထားဝယ်စကားကို အများဆုံး ပြောကြပါတယ်။ 

ဘန်ကောက်ရောက်ရင်တော့ မြန်မာလူမျိုးတွေ မဖြစ်ဖြစ်အောင် လည်ပတ်လေ့ရှိတဲ့ နေရာတစ်ခုပါ။ ထူးခြားတာ ဘာမှမရှိပေမဲ့ ရိုးရှင်းလှတဲ့ အေးချမ်းမှုနဲ့ မြန်မာလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုကို ထိတွေ့ခံစားရတဲ့ နေရာဖြစ်လို့ နိုင်ငံခြားသားတွေ အရမ်းသဘောကျကြပါတယ်။ 

နတ်အိမ်တောင်ကို ထားဝယ်မြို့ ကံပေါက်ရွာဘက်ကနေတဆင့် သွားလို့ရတယ်လို့ ကြာဖူးပေမဲ့ နယ်စပ်ဖြတ်ကျော်ရမှာမို့ အန္တရာယ်လည်းများသလို တောင်တက်တောင်ဆင်းလမ်းတွေကြောင့် အခက်အခဲ ရှိနိုင်ပါတယ်။ ထိုင်းအပိုင် နယ်မြေဖြစ်တဲ့အတွက် ဘန်ကောက်ရောက်တော့မှ သွားလည်တာ ပိုအဆင်ပြေပါလိမ့်မယ်။ 

ဘယ်လိုသွားလို့ရမလဲ?

ဘန်ကောက်ကနေ ကန်ချနာဘူရီ - သောင်ဖဖွန်း - ပီလော့ ဆိုပြီး ကားသုံးဆင့် စီးရပါတယ်။ အရင်ဆုံး ဘန်ကောက်ကနေ ကန်ချနာဘူရီကို အရင်သွားရပါတယ်။ ပြီးရင် ကန်ချနဘူရီမြို့ပေါ် ကားဂိတ်ကနေမှ သောင်ဖဖွန်းမြို့ကို ထပ်သွားရပါတယ်။ ထိုင်းစစ်သားတွေ Passport/Visa စစ်တာခံပြီးမှ သောင်ဖဖွန်းမြို့ကို ဝင်ရောက်လို့ ရတာပါ။ ပြီးရင် (၅) မိနစ်လောက် ဆိုင်ကယ်ကယ်ရီ စီးပြီး သောင်ဖဖွန်းစျေးထဲကို သွားပါ။ အဲ့ကနေမှတဆင့် Baan I-Thong (ဘန်းအီးတောင်) ပေါ်ကို ဒိုင်နာကားလို ကားအဝါလေးတွေနဲ့ တက်ရပါတယ်။ ဒီလိုဆို နတ်အိမ်တောင်ကို ရောက်ပါပြီ။ နတ်အိမ်တောင်ရွာကနေ မြန်မာ-ထိုင်း ထိစပ်နေတဲ့ နယ်စပ်နေရာကို ရောက်ဖို့ ကားနဲ့ ၁၂မိနစ် (လမ်းလျှောက်သွားရင် ၄၄ မိနစ်) လောက် သွားရပါတယ်။ 

No photo description available.

ခန့်မှန်းကြာချိန်

ဘန်ကောက်ကနေ နတ်အိမ်တောင်ပေါ် အရောက်ကို ၆ နာရီခွဲ ၇ နာရီဝန်းကျင်လောက် ကြာနိုင်ပါတယ်။

လည်ပတ်စရာနေရာ

ရွာငယ်လေးဖြစ်တာကြောင့် ထူးထူးခြားခြား လည်ပတ်စရာနေရာတွေ အများကြီး မရှိပါဘူး။ မြူတွေကြားထဲမှာ ဓါတ်ပုံလှလှလေးတွေ ရိုက်ဖို့ရယ်၊ နေဝင်ချိန်ရောက်လာရင် အိမ်တိုင်းလိုလို မီးအိမ်ထွန်းလေ့ရှိတာကြောင့် ဒီမီးအိမ်လေးတွေနဲ့ ဓါတ်ပုံရိုက်ကြတာကိုက ရွာလေးရဲ့ ဆွဲဆောင်မှုလိုပါပဲ။

နောက်ထပ် ထူးခြားတာက ကိုရီးယားမှာ သော့ချိတ်သလိုမျိုးလေး နတ်အိမ်တောင် အဝင်၀မှာ သစ်သားကဒ်လေးတွေပေါ် အမှတ်တရစာလေးတွေ ရေးပြီး ချိတ်ဆွဲ ဆုတောင်းလို့ ရပါတယ်။ ရွာရဲ့ အနီးနားမှာတော့ - 

- Jog Kra Din Waterfall

- Noen Chang Suek Viewpoint

- Thai Border Viewpoint

- Khao Chang Phuak Viewpoint တို့ကို စိတ်ဝင်စားရင် သွားလည်လို့ ရပါတယ်။ 

အစားအသောက်

ပင်လယ်စာတွေက လတ်ဆတ်ပြီး စျေးချိုပါတယ်။ စျေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ ပေါပါတယ်။ Shabu (ဟော့ပေါ့)၊ Mookata (မူကထ) တို့ကတော့ ဆိုင်တိုင်းလိုလိုမှာ ရနိုင်ပါတယ်။

ဆိုင်တော်တော်များများမှာ ထားဝယ်သူ/သားတွေ ရှိတာမို့ မြန်မာ အစားအစာ (လက်ဖက်ရည်၊ ပလာတာ၊ အီကြာကွေး) စတာတွေလည်း မှာစားလို့ ရပါတယ်။

မနက်မိုးလင်းကနေ ညဘက်ထိ ဖွင့်တဲ့ ဈေးသေးသေးလေးလည်း ရှိပါတယ်။ 

တည်းခိုစရာနေရာ

ရေကန်ဘေးတစ်လျှောက်မှာ ဟိုတယ်တွေ တန်းစီပြီး ရှိပါတယ်။ ပိတ်ရက်တွေဆို အမြဲ အခန်းဘိုကင်ပြည့်နေတတ်လို့ ကိုယ်က စောသွားဖို့ လိုပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ရွာထဲမှာ တည်းခိုစရာနေရာလေးတွေ ထပ်ရှိပါသေးတယ်။ 

ရန်ကုန်ကနေ ဘန်ကောက်ကိ ပြေးဆွဲလျက်ရှိတဲ့ လေကြောင်းလိုင်းတွေကို အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

>> https://myyangon.com.mm/mm/article/domestic-and-international-airlines-in-myanmar

⇐ Previous Next

Read 801 times