Entertainment

Myanmar Books Collection

Myanmar Books Collection

ဒီတစ်ပတ်မှာတော့ “မ” နဲ့ စပြီး စာပေချစ်ပရိသတ်တွေရဲ့ စိတ်နှလုံးကို ခြွေယူခဲ့တဲ့ စာအုပ်ကောင်း (၅) အုပ်နဲ့ ပိတ်ရက်ကို ဖြတ်သန်းကြပါစို့။ ခေတ်ပေါ်ဂန္ဓဝင်ဆန်ပြီး ဖတ်ဖူးသူတိုင်း ရင်မှာ တသသဖြစ် ကျန်ရစ်ခဲ့ရတဲ့ စာအုပ်ကောင်းတွေမို့ မျှဝေပေးလိုက်ပါတယ်။  

(၁) မေ ~ ဒဂုန်တာရာ

"မေ ဝတ္ထုကို ဖတ်ရသည်မှာ ရှမ်ပိန်အရက်ကို သောက်ရသည်နှင့် တူလေသည်" ဆိုပြီး သခင်ဗဟိန်း အမှာစာ ရေးပေးထားတဲ့ အတိုင်းလေးပါပဲ။ စာအုပ်ဖတ်ရင်း ရင်ထဲ ရှိန်းခနဲ ဖိန်းခနဲ ဖြစ်တာကို ခံစားကြည့်ချင်ရင် မေ ဝတ္ထုကို ဖတ်ကြည့်စေချင်ပါတယ်။ စင်စစ် မေဝတ္ထုဟာ ဇာတ်ကြောင်းအရ ထူးခြားမှု ရှိတာမျိုး မဟုတ်ပေမဲ့ အရေးအသားက စွဲငြိစရာ ဖြစ်ခဲ့တဲ့အတွက်ကြောင့် မေဟာ ဒဂုန်တာရာရဲ့ အနုပညာဘဝမှာ အရေးကြီးတဲ့ မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။ 

မေဟာ ဘယ်လိုမိန်းမမျိုးပါလိမ့်။ အရှက်အကြောက်နည်းတဲ့ ကောလိပ်ကျောင်းသူလေး မေ၊ လူကုံထံ အသိုင်းအဝိုင်းကို လှောင်ပြောင်ချင်နေတဲ့ မေ အဖြစ်ကနေ သူကိုယ်တိုင် လူကုံထံအသိုင်းအဝိုင်းကြားမှာပဲ မွေ့ပျော်သွားမိပုံတွေ။ လောကရဲ့ သဘောသဘာဝဖြစ်တဲ့ ရမ္မက်နွံတွေထဲက ရုန်းမထွက်နိုင်ဘဲ ပျက်စီးသွားပုံတွေ။ အမှားတွေ အမှန်မပြင်နိုင်တော့ဘဲ နောက်ဆုံးအချိန်ထိ ပစ္စည်းဥစ္စာနဲ့ ကာမ ရမ္မက်တွေကြားထဲ နစ်မြှပ်သွားပုံတွေကို ရေးပြသွားတဲ့ ဝတ္တုကောင်းလေးတစ်အုပ်ပါ။ ဆရာကြီး ဒဂုန်တာရာဟာ လူတွေကို “မေ့” လို ဘဝကို သာယာမိဖို့ စိတ်မျိုး ကူးစက် ပေါ်ပေါက်ခြင်း မရှိချင်အောင်ကို ကလောင်စွမ်းနဲ့ ထိထိမိမိ အလင်း အမှောင် ခွဲခြားပြနိုင်ခဲ့ပါတယ်။ 

Pdf link – https://www.mediafire.com/download/g2v4hgp63m6hlwj 

(၂) မီ ~ ကြည်အေး

"မီဟာလှတယ်။ ဒါပေမဲ့ ဒါ့ထက်ပိုတာတစ်ခုရှိတယ်။ ဘာလဲတော့ မသိဘူး။ ရှင်းရှင်းပြောရရင် မီ့မှာ ကျွန်တော့်ကို ရူးစေတဲ့ အရာတစ်ခု ရှိတယ်။"

“ မီ ကြောက်တာ ခုမှ မဟုတ်ပါဘူး။ ငယ်ငယ်ထဲကပဲ။ မီ့မှာ အကြောက်နဲ့ အရဲ တွဲနေတယ်။ အဆန့်ကျင်ဆုံးနှစ်ခု တွဲနေတယ်။ ဒါကြောင့် ထင်ရာတွေ ဖြစ်ခဲ့တာလား မသိဘူး။”

-မီ-

စာရေးဆရာမကြီး ကြည်အေးရဲ့ မီ၀တ္ထုဟာ ရုပ်ရှင်အဖြစ် မဖန်တီးခင်ကတည်းက စာပေလာကမှာ နာမည်ကျော်ပြီးသား ၀တ္ထုရှည်တစ်ပုဒ်ပါ။ ဒီ၀တ္ထုကို ဖတ်ပြီး သိနိုင်တာက စာရေးဆရာမ ကြည်အေးဟာ အရေးဆန်းသလို အတွေးလည်း ဆန်းတယ်ဆိုတာကိုပါ။

မီဟာ လှတယ်။ ရက်ရောတယ်။ ရဲတယ်။ သွေးအေးတယ်။ လျှို့ဝှက်ချက်တွေများတယ် ဆိုပြီး အမျိူးမျိုး ပုံဖော်ကြပါတယ်။ "မီဟာ ကျားနာပဲ၊ ဘယ်သူမှ မကိုက်ရရင် သူ့အမြီးသူ ခဲနေတာ" ဆိုတဲ့အတိုင်း ကိုယ့်ကိုကိုယ် ညှဥ်းဆဲနေတဲ့ မီဟာ တကယ်ကို နားလည်ရ အခက်ဆုံး အမျိုးသမီးပါ။

မီ့အလှ၊ မီ့ဂုဏ်တွေအောက်မှာ နစ်မြောသွားတဲ့ ပုရိသတစ်စုရဲ့ အချစ်တွေ၊ အမုန်းတွေ၊ အငြိုးတွေကို ဆိုလိုရင်း ထိထိရောက်ရောက်နဲ့ ရေးပြထားတဲ့ စာအုပ်ပါ။ ဆရာမကြီး ကြည်အေးဟာ မီရဲ့ အကြောင်းတွေကို ယောကျာ်းတစ်ယောက်ချင်းစီရဲ့ ဇာတ်လမ်းတစ်ပုဒ်စီမှာ မတူညီစွာ ပုံဖော်ပြခဲ့ပြီး စာဖတ်သူတွေကို အတွေးများစေခဲ့ပါတယ်။

Pdf link - https://www.mediafire.com/download/mr1662hva1lkl28

(၃) မြိုင် ~ ဗန်းမော်တင်အောင် 

"အနှိပ်စက်ခံရမှာ ကြောက်လို့ပဲဖြစ်ဖြစ်၊ အသတ်ခံရမှာ ကြောက်လို့ပဲဖြစ်ဖြစ် တိုးတက်မူနဲ့ အမှန်တရားဘက်က ရပ်တည်မယ့်လူတွေသာ သမိုင်းတစ်လျှောက်မှာ ပေါ်ပေါက်မလာခဲ့ရင် လူ့လောကဟာ တိရစ္ဆာန်လောကသာသာလောက်ပဲ ရှိနေဦးတော့မှာပေါ့ မြိုင်ရယ်"

-မြိုင်-

ဗန်းမော်တင်အောင်ဟာ ဖဆပလ အစိုးရခေတ်မှာ စာပေအရေးအသားကြောင့် ပထမဆုံး အဖမ်းခံရသူ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ နိုင်ငံရေးအကြောင်း‌တွေ၊ အမျိုးသားလွတ်မြောက်ရေး‌အ‌ကြောင်းတွေ၊ ကွန်မြူနစ်အကြောင်းတွေ၊ ဒါ့အပြင် လူတန်းစားနှစ်ရပ်ရဲ့ ကွာခြားမှုတွေ၊ လူနေမှုဘ၀အ‌ကြောင်းတွေ နောက်ခံထားပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ အခန်း (၃၃) ခန်းရှိရာ စာရေးဆရာက (၂၃) ခန်းကို သူထောင်ကျနေစဉ်အတွင်း ရေးသားခဲ့တာပါ။

လွတ်လပ်ရေးရပြီးခေတ် ဖြစ်ပေမဲ့ ကိုလိုနီခေတ် အငွေ့အသက်တွေ လွှမ်းမိုးနေဆဲ လူ့အထက်တန်းလွှာမှာ မွေးဖွားလာသူ မြိုင် ဆိုတဲ့ ခေတ်သမီးပျိုတစ်ဦးနဲ့ အရင်းရှင်စနစ်ကို မုန်းတီးစက်ဆုပ်ပြီး ကိုယ်ယုံကြည်ရာ သတင်းသမားအလုပ်မှာ ဘဝကို မြှုပ်နှံထားသူ ကိုတင်ဦး။

မတူညီတဲ့ အလွှာနှစ်ခုက မတူညီတဲ့ အတွေးအခေါ် ခံယူချက်၊ ယုံကြည်ချက်တွေကိုယ်စီနဲ့ သူစိမ်းနှစ်ဦး တွေ့ဆုံမိကြဖို့ အကြောင်းဖန်လာစေတာက အနုပညာကို နှစ်သက်ခံစားတတ်တဲ့ နှလုံးသားကြောင့်ပါပဲ။ ဒီလို အဓိကဇာတ်ဆောင်တွေအပြင် တခြား ဇာတ်ပို့၊ ဇာတ်ရံ၊ ဇာတ်ကောင်တွေများစွာနဲ့ သရုပ်ဖော်ထားတဲ့ ဒီဝတ္ထုရှည်ကြီးထဲမှာ ခေတ်စနစ်တစ်ခုအောက် လူးလွန့်လှုပ်ရှားနေတဲ့ လူတန်းစားအလွှာတွေရဲ့ သရုပ်သကန်ကို ပီပီပြင်ပြင် ထင်ထင်ရှားရှား မြင်တွေ့နိုင်မှာ ဖြစ်သလို၊ မြိုင်နဲ့ ကိုတင်ဦးတို့ကြားက ကွဲလွဲနေတဲ့ အတွေးအခေါ် ခံယူချက်တိုက်ပွဲဟာလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

Pdf link - https://www.mediafire.com/download/k3nj8dcm8sc3ym6

(၄) မွှေး ~ ခင်နှင်းယု 

"သာမန်ကြည့်လျှင် မွှေးသည် အိမ်ထောင်ရေး အချစ်ဇာတ်လမ်းတစ်ခုဟု ဆိုနိုင်ပါသော်လည်း ကျွန်မသည် တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ်ဓာတ်ကို အခြေခံခဲ့ပါသည်"

- ဆရာမ ခင်နှင်းယု - 

ငယ်ကချစ် အနှစ်တရာ မမေ့သာ ဆိုသလို အတွတ်က မွှေးကို ငယ်ငယ်တည်းက တိတ်တခိုး ချစ်ခဲ့ရပြီး အတွတ်ကို ချစ်ရမှန်း မသိသော မွှေးကတော့ ဖရက်ဒီ (ခေါ်) တင်အောင်ထွန်းကို ချစ်မိလေပါတယ်။ အတွတ်နှင့်မွှေး ဇာတ်လမ်းက ဖရက်ဒီနဲ့ ကိုကိုနိုင်တို့ကြောင့် အချိုးအဆစ်ပေါင်း များစွာ ချိုးကွေ့သွားရပါတယ်။

တီဘီရောဂါနဲ့ အိန္ဒိယနိုင်ငံမှာ ဆေးသွားကုသရာမှ မွှေးနှင့် အတွတ် (ဒေါက်တာ မိုးကောင်း) တို့ ပြန်လည်ဆုံဆည်းခွင့် ရခဲ့ကြပါတယ်။ မွှေးက မိန်းမပေမဲ့ မိန်းမမဆန်ပါဘူး။ မွှေးရဲ့ ဆုံးဖြတ်ချက် ပြတ်သားပုံတွေ၊ မိသားစုအပေါ် တာဝန်ကျေပုံတွေနဲ့ အိမ်ထောင်ရှင်မကောင်း ပီသပုံတွေကို ဒီစာအုပ်မှာ ပီပီပြင်ပြင် တွေ့ရပါတယ်။ အချစ်ကို ဖွင့်မပြောတတ်ဘဲ အမြဲနှောင့်နှေး နောက်ကောက်ကျတတ်တဲ့ "အတွတ်" အတွက်လည်း ရင်မောရ သနားဂရုဏာ သက်ရပါတယ်။

အရင်ခေတ်က မွှေး၊ ကုသိုလ်ကြမ္မာမမီပါခဲ့၊ အတွတ်ရေ၊ ကျွန်တော်တင်အောင်ထွန်း ဆိုတဲ့ လုံးချင်း၀တ္ထု (၄) အုပ် တစ်အုပ်စီထွက်ခဲ့ပေမဲ့ ဒီဘက်ခေတ်မှာတော့ အကုန်လုံးပေါင်းပြီး တစ်အုပ်ထွက်ထားပေးပါတယ်။ မိသားစုရေး၊ အချစ်ရေး၊ အိမ်ထောင်ရေး အပြင် နိုင်ငံရေးအကြောင်းတို့ကိုပါ တစ်စေ့တစ်စောင်း ရေးသားဖော်ပြပေးထားတဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါ။

Pdf link - https://www.mediafire.com/download/5n5mvc65ct5dt0w

(၅) မမ ~ မြသန်းတင့်

"မင်းကတော် အသိုင်းအဝိုင်းထဲက မမ . . .

ပညာရှိပြီး နာမည်ဂုဏ်သတင်း / လှပသော ဂုဏ်သတင်းတို့နဲ့ ကျော်စောလှသော မမ  . . .

လူတကာ ‌လေးစားရသော မမ . . ."

ထိုသို့သော မမတစ်ယောက် အချစ်ကို အိမ်ထောင်ဘက်အပြင် အခြားတစ်ယောက်ဆီမှာပါ ရှာမိသွားတဲ့အခါ။ ခင်ပွန်းဖြစ်သူ ဦးသက်ထွန်းရဲ့ ခွင့်လွှတ်နိုင်စွမ်းတွေ၊ ကိုသက်ဆွေရဲ့ အချစ်ကြီးပုံတွေနဲ့ မမ တစ်ယောက် ဝေခွဲမရ မပြတ်သားနိုင်ပုံတွေ။ သစ္စာတရား၊ မေတ္တာတရားနဲ့ ရာဂအမှောင်တွေ အကြောင်း တစ်ဦးစီ ကိုယ်စားပြုပြီး ရေးပြသွားတဲ့ စာအုပ်ကောင်းပါ။

ဒီစာအုပ်ဟာ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသမီးကောင်းရဖို့ အမျိုးသားကောင်းရဖို့ဆိုတာထက် မိမိကိုယ်မိမိ ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်တတ်ဖို့က အဓိက လိုအပ်ကြောင်း ပညာပေးထားတာဖြစ်ပါတယ်။ သူများ သားမယားကိုမှ မစိတ် မွှန်နေခဲ့တဲ့ ကိုသက်ဆွေ၊ သားရော လင်ရော ရှိပါလျက်နဲ့ အရှက်တရားမဲ့စွာ ဖောက်ပြန်နေခဲ့တဲ့ မမ၊ မေတ္တာတရားရှိပြီး သဘောထားကြီးတဲ့ ကိုသက်ထွန်းတို့ရဲ့ သုံးပွင့်ဆိုင် အိမ်ထောင်ရေးဇာတ်လမ်းကြီးကတော့ စာရေးဆရာ မြသန်းတင့်ရဲ့ လက်ရာကောင်းတွေထဲက တစ်ပုဒ် ဖြစ်ပါတယ်။  

Pdf link - https://bit.ly/3916AA

ဒါတွေအားလုံးဟာ မြန်မာစာပေလောကရဲ့ အထင်ရှားဆုံး အမျိုးသမီး ဇာတ်ကောင်တွေလို့ ဆိုရင် မမှားနိုင်ပါဘူး။ 

Credit – Original Uploader

⇐ Previous Next

Read 1274 times