Travel

Guide for applying Myanmar Passport

Guide for applying Myanmar Passport

ပထမဆုံး မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားဖို့အတွက်  www.passport.gov.mm မှာ QR Code နဲ့ Appointment အရင် ရယူရပါမယ်။ Online Appointment ပြုလုပ်ခြင်း “ လျှောက်ထားရန် “ ကို နှိပ်ပြီး လိုအပ်တာတွေ ဖြည့်စွက်ပါ။ ( Reference No. G23… နဲ့ စတဲ့ နံပါတ်လေးကို သိမ်းထားဖို့ လိုပါတယ်။ )

 

ကိုယ်ရေးအချက်အလက်တွေ ဖြည့်စွက်နေချိန်မှာ မြင်တွေ့ရတဲ့ ကိုယ်ရေးမှတ်တမ်း ထိန်းသိမ်းရန် ပုံစံကို Download ရယူထားပါ။ Kpay, MPU Card တွေနဲ့ ငွေပေးချေလို့ ရပါတယ်။ အသစ်လျှောက်တာရော၊ သက်တမ်းတိုးတာရော (၃၅,၀၀၀) ကျပ်ပါ။ 

 

ငွေသွင်းပြီးရင် လျှောက်ထားသူ ID No. ကို မှတ်ထားပါ။ QR ရယူရန် ဆိုတဲ့ နေရာမှာ Appointment Letter ကို တွေ့ရပါလိမ့်မယ်။ အဲဒါကိုလည်း Print ထုတ်ထားဖို့ လိုအပ်ပါတယ်။ ( အဆင့်တိုင်း လိုအပ်မယ် ထင်တာတွေ မမေ့သွားအောင် SS ရိုက်ထားတာ မမှားပါဘူး။ )

 

ဖြည့်စရာတွေ အကုန်ပြီးသွားပြီ၊ လိုတာတွေလည်း  အကုန်လုပ်ပြီးပြီဆိုရင် “ ရက်ချိန်းစစ်ဆေးရန် “ ဆိုတဲ့ နေရာမှာ G23 နဲ့ စတဲ့ လျှောက်ထားမှု အမှတ်စဉ်ရယ်၊ နာမည်၊ မှတ်ပုံတင်ရယ် ရိုက်ထည့်ပြီး Confirm ပါ။ အပေါ်မှာ QR ရယူဖို့ မေ့ခဲ့တယ်ဆိုရင်လည်း ဒီနေရာမှာ Appointment Letter ပြန်ယူလို့ ရပါတယ်။

 

လိုအပ်သည်များ

===========

- ကိုယ်ရေးမှတ်တမ်း ထိန်းသိမ်းရန် ပုံစံ (၁) စောင်

- Appointment Letter (၁) စောင်

- မှတ်ပုံတင် မူရင်း၊ မိတ္ထူ (၂) စောင်

- သန်းခေါင်စာရင်း မူရင်း၊ မိတ္ထူ (၂) စောင်

- မွေးစာရင်း မူရင်း၊ မိတ္ထူ (၂) စောင် 

  ( အသက် ၁၀ နှစ်အောက်ကလေးများသာ )

- ပတ်စ်စပိို့စ်အဟောင်း ( သက်တမ်းတိုးသူများသာ )

 

မှတ်ချက်။ ။ ကိုယ်ရေးမှတ်တမ်း ထိန်းသိမ်းရန် ပုံစံကို လက်ရေးနဲ့ အိမ်ကနေ ကြိုရေးသွားလို့ ရပါတယ်။ ပတ်စ်ပို့စ်ရုံးရောက်ရင် တံဆိပ်တုံးထုပြီးတာနဲ့ တန်းပြီး တန်းစီရုံပါပဲ။ ပိုမြန်ပါလိမ့်မယ်။

 

ကုန်ကျငွေ

=======

Online Payment - ၃၅,၀၀၀ 

တံဆိပ်တုံးထုခ - ၁,၀၀၀

လဝက ဖြတ်ခ - ၃,၀၀၀ ( တချို့ ၅,၀၀၀ ပေးရ )

ဓာတ်ပုံရိုက်ခ - ၅,၀၀၀ 

စုစုပေါင်း - ၄၄,၀၀၀ ကျပ် 

 

Passport ရုံးသို့ သွားခြင်း

=================

Appointment ချိန်းဆိုထားတဲ့ ရက်ရောက်ရင် သတ်မှတ်ထားတဲ့အချိန် ရောက်အောင် သွားပါ။ ( ဥပမာ : မနက် ၈ နာရီမှ ၁၀ နာရီအထိ ဆိုရင် ၈ နာရီ အရောက်သွားပါ။ စောသွားဖို့လည်း မလိုသလို အရမ်းနောက်ကျပြီးတော့လည်း မသွားပါနဲ့။ သူ့အချိန်သူပဲ ဝင်ခွင့်ပေးတာမို့လို့ စောရင် (သို့) နောက်ကျရင် ကိုးလို့ကန့်လန့် ဖြစ်ပါလိမ့်မယ်။ 

 

ပထမဆုံး စစ်ဆေးရေးဂိတ်

==================

ပတ်စ်ပို့ရုံးထဲ မဝင်ခင် လမ်းမပေါ်က ဂိတ်မှာ အိတ်စစ်ပါတယ်။ ရေဘူး၊ ကိုင်းထီး၊ အိတ်၊ နားကြပ် ဒါတွေ ယူသွားလို့ မရပါဘူး။ ပလတ်စတစ်အိတ် အကြည်ထဲ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ ဘော့ပင်၊ ပိုက်ဆံအိတ်၊ သော့၊ ခေါက်ထီးတွေ ထည့်သွားလို့ ရပါတယ်။ ( ကိုယ့်ကို ချိန်းဆိုထားတဲ့ အချိန်ရောက်ရင် အဲ့ဂိတ်ကို တန်းသွားပါ။ တခြားသူတွေ ရုတ်စိရုတ်စိ လုပ်နေတာကို ဂရုမစိုက်ပါနဲ့။ )

 

ဝင်ပေါက်တွင် ထပ်မံ စစ်ဆေးခြင်း

=======================

ဒုတိယအဆင့်အနေနဲ့ ပတ်စ်ပို့ရုံး အဝင်ဝမှာ တန်းစီပါ။ နှစ်ခြမ်း တန်းစီကြပါတယ်။ အခြေအနေ ကြည့်ပြီး မြန်နိုင်မယ့် အတန်းကို ဝင်စီပါ။ ( လူတန်းကြီး ရှည်တာ၊ တိုတာကို မကြည့်ဘဲ ဘယ်ဘက်ခြမ်းက စစ်တာ ပိုမြန်လဲ ဆိုတာ အဓိကထား လေ့လာပါ။ )

 

အဝင်ဝမှာ (၃) ဆင့် စစ်ဆေးပါတယ်။

- ပထမတစ်ခုက Appointment Letter ပါမပါ ပါ။

- ဒုတိယတစ်ခုက ပါလာတဲ့ QR Code မှန်မမှန်ပါ။

- တတိယတစ်ခုက Body Checking ပါ။ 

ဒီအဆင့်တွေ ပြီးရင်တော့ အထဲကို ရောက်ပါပြီ။

 

တံဆိပ်တုံးထုခြင်း

============

အိမ်က ရေးလာတဲ့ ကိုယ်ရေးမှတ်တမ်း ထိန်းသိမ်းရန် ပုံစံကို ဝင်ဝင်ချင်း မြင်ရတဲ့ စားပွဲမှာ တံဆိပ်တုံး ထုပါ။ ( တစ်ထောင် ပေးရပါတယ်။ ) ပြီးရင် သက်တမ်းတိုးမယ့်သူဆိုရင် နံပါတ် (၁) မှာ တန်းစီပါ။ အသစ်လျှောက်တဲ့ သူတွေကတော့ နံပါတ် (၂) ကနေ (၆) အထိ အဆင်ပြေတဲ့ နေရာမှာ တန်းစီလို့ ရပါတယ်။

 

လူဝင်မှုကြီးကြပ်ရေးတွင် စစ်ဆေးခြင်း

==========================

ဒါက လဝကပါ။ Appointment Letter ရယ်၊ ကိုယ်ရေးမှတ်တမ်း ထိန်းသိမ်းရန် ပုံစံရယ်၊ မှတ်ပုံတင်မူရင်းနဲ့ သန်းခေါငါစာရင်း မူရင်းရယ် စစ်ဆေးပါလိမ့်မယ်။ ( ကိုယ့်အလှည့်ရောက်ခါနီးရင် ပိုမြန်အောင် အဆင်သင့် ထုတ်ထားလိုက်ပါ။ ) ဘယ်ဘက်လက်မကို Scan ဖတ်ရပါတယ်။

 

ဒီနေရာမှာ OK တယ်ဆိုရင် နောက်ဘက်ခြမ်းမှာ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင် မိတ္ထူ (၂) စောင်စီ ပေးပါ။ တစ်စုံကို ယူထားလိုက်ပြီး နောက်တစ်စုံကို စလစ်နဲ့ တွဲပြီး ပြန်ပေးပါလိမ့်မယ်။ ( သုံးထောင် ပေးရပါတယ်။ )

 

လိုအပ်သည့် စာရွက်စာတမ်းများ စစ်ဆေးခြင်း

===============================

နောက်ဆုံးအဆင့်အနေနဲ့ ဓာတ်ပုံရိုက်တဲ့ နေရာမှာ တန်းစီရပါတယ်။ ခုနက လဝကက ပေးလိုက်တဲ့ စလစ်အတွဲနဲ့ Appointment Letter ကို ပေးရပါတယ်။  သက်တမ်းတိုးတဲ့သူတွေက ပတ်စ်ပို့အဟောင်းပါ ပေးရပါမယ်။ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း မူရင်းတွေကိုလည်း ထပ်ပြီး စစ်ဆေးပါတယ်။ ( ဒီမှာ ငါးထောင်ပေးရပါတယ်။ )

 

ဓာတ်ပုံရိုက်ခြင်း

===========

စစ်တာ အဆင်ပြေပြီဆိုရင် အပြင်ခဏ ပြန်ထွက်ပြီး  ဓာတ်ပုံအရိုက်ခံဖို့အတွက် ထပ်စောင့်ရပါတယ်။  ဓာတ်ပုံရိုက်ပြီးရင် ဘယ်၊ ညာ လက်မနှစ်ခုကို တစ်ခါ၊ ကျန်လက်လေးချောင်းကို တစ်လှည့်စီ တစ်ခါ Scan ဖတ်ရပါတယ်။ လက်မှတ်ထိုးရပါတယ်။

 

ဒါဆိုရင် ပတ်စ်ပို့စာအုပ် ထုတ်ယူနိုင်မယ့် နောက်ဆုံးစလစ်ကို ရရှိပါပြီ။ ပါရှိတဲ့ ကိုယ်ရေး အချက်အလက်တွေကို  မှန်မမှန် ပြန်စစ်ဆေးပါ။ မှားနေရင် ပြန်ပြင်ခိုင်းပြီး မှန်တယ်ဆိုရင် စစ်ဆေးသူက တံဆိပ်တုံးထုပြီး လက်မှတ်ထိုးပေးပါလိမ့်မယ်။

 

မှတ်ချက် ။ ။ အပေါ်မှာ ပြောပြထားတဲ့အတိုင်း အဆင့်တိုင်းကို သေချာလုပ်သွားရင် Appointment ပေးထားတဲ့

အချိန် (၂) နာရီအတွင်းမှာ အေးအေးဆေးဆေး ပြီးပါတယ်။

 

ပတ်စ်ပို့စာအုပ် ထုတ်ယူခြင်း

===================

(၁၀) ရက် အကြာမှာ ပတ်စ်ပို့ရုံးကို တစ်ခါ ပြန်သွားပါ။ ( သွားရမယ့်ရက်က ရုံးပိတ်ရက်ဖြစ်နေရင် နောက်ရက် ရုံးပြန်ဖွင့်တဲ့ရက် သွားပါ။ အလောတကြီး မလိုဘူးဆိုရင် စာအုပ်ထုတ်ရမယ့် ရက်ကစလို့ ရက်ပေါင်း (၉၀) အတွင်း ကိုယ်အဆင်ပြေတဲ့အချိန် သွားလို့လည်း ရပါတယ်။ )

 

စာအုပ်ထုတ်ယူရုံပဲမို့ သွားလျှောက်ရတာလောက် မကြာတော့ပါဘူး။ ( ပထမသွားတုန်းကလိုပဲ လိုအပ်တာတွေပဲ ယူပြီး အပိုတွေ ယူမသွားပါနဲ့။ ) မှတ်ပုံတင်မူရင်းနဲ့ ပတ်စ်ပို့ သွားရောက်လျှောက်ထားစဉ်က ပေးလိုက်တဲ့ စလစ်ပဲ လိုအပ်ပါတယ်။ စလစ်နောက်ကျောမှာ နာမည်၊ လက်မှတ်၊ မှတ်ပုံတင်နဲ့ ဖုန်းနံပါတ်ကို ကြိုရေးသွားပါ။

 

မနက် (၉) နာရီမှ ဝင်ခွင့်ပေးပါတယ်။ (၈) နာရီလောက်ကထဲက စောရောက်နေရင် ပိုအဆင်ပြေပါတယ်။ ဒါမှ လူတန်းရှည်ကြီးနောက်မှာ မဖြစ်မှာပါ။ စာအုပ်ထုတ်တဲ့သူတွေက သပ်သပ်တန်းစီရပါတယ်။ ပတ်စ်ပို့စ် လာလျှောက်တဲ့သူတွေ စီတဲ့အတန်းနဲ့ မမှားအောင်တော့ ကိုယ့်အရှေ့မှာရှိတဲ့သူကို မေးမြန်းပါ။ 

 

ရုံးရဲ့ ဘေးဘက်ကနေ အထဲကို အစဉ်လိုက် ဝင်ရပါတယ်။ စလစ်ကို မှောက်လျက်ထပ်ပြီး နာမည်ခေါ်တာ စောင့်နေပါ။ မှတ်ပုံတင်မူရင်း ပြရပါတယ်။ ပတ်စ်ပို့စ်အသစ်ဆို ရတာနဲ့ တန်းပြန်လို့ ရပါပြီ။ သက်တမ်းတိုးတာ ဆိုရင်တော့ တံဆိပ်တုံးထုဖို့ လိုအပ်ပါတယ်။ အဖုံးတပ်ချင်ရင် (၃,၀၀၀) ပေးရပါတယ်။ ဒါဆိုရင်တော့ မိမိလက်ထဲကို ပတ်စ်ပို့စ်ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။

⇐ Previous Next

Read 4075 times