Travel

National Races Village

National Races Village

ပဲခူးမြစ်ဘေးမှာ တည်ရှိတဲ့ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာကို ကုန်လမ်းအပြင် ရေကြောင်းလမ်းမှ တဆင့် သွားရောက်လည်ပတ်နိုင်ဖို့ ဆောက်လုပ်ထားတဲ့ ဆိပ်ခံဗောတံတား တည်ဆောက်မှုက ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ကနေ သိရပါတယ်။

ရေယာဉ်တွေ ဆိုက်ကပ်နိုင်ဖို့ ဆိပ်ခံဗောတံတား တည်ဆောက်မှု ပြီးစီးသွားတာ ဖြစ်တဲ့အတွက် အများပြည်သူတို့အနေနဲ့ တိုင်းရင်းသားကျေးရွာကို ကားနဲ့အပြင် အပန်းဖြေရေယာဉ်သင်္ဘောတို့နဲ့ပါ သွားရောက်လည်ပတ်နိုင်ပါပြီ။ ရန်ကုန်မြစ်ကနေ တိုင်းရင်းသားကျေးရွာကို ပန်းဆိုးတန်းဆိပ်ကမ်း၊ ဗိုလ်တထောင်ဆိပ်ကမ်းအပါအဝင် ပဲခူးမြစ်ကမ်းတစ်လျှောက်မှာ ရှိတဲ့ ကျေးလက်ဒေသတွေက စက်တပ်သမ္ဗာန်ငယ်၊ အပျော်စီးစက်လှေတို့နဲ့လည်း သွားရောက်လည်ပတ်နိုင်ကြောင်း သိရပါတယ်။ 

ကုန်လမ်းကနေမဟုတ်ဘဲ ရေလမ်းခရီးကနေ သွားရမှာဖြစ်တဲ့အတွက် လမ်းခရီးတလျှောက် မြစ်ပြင်ရှုခင်း၊ ဒီရေတောရှုခင်းတွေနဲ့ ဆိပ်ခံဗောတံတားရှုခင်းတွေကို တွေ့မြင်ခံစားနိုင်ပါတယ်။ 

Advertisement

Click Here > SB Plastic

၂၀၀၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး (၂၁) နှစ် သက်တမ်းရှိပြီ ဖြစ်တဲ့ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)  မှာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ နေထိုင်မှုပုံစံနဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို တစ်နေရာတည်းမှာ လေ့လာနိုင်ပြီး ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာစေဖို့နဲ့ တိုင်းရင်းသားလူမျိုးအချင်းချင်း စည်းလုံးညီညွတ်စေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ 

တိုင်းရင်းသားကျေးရွာက ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ၁၀-မြောက် ရပ်ကွက်၊ ရှုခင်းသာလမ်း၊ သန်လျင်တံတားအနီးတွင် တည်ရှိပါတယ်။ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် - 

၁။ ပင်မမုဒ်ဦး

၂။ ပင်လုံစားသောက်ဆိုင်

၃။ အဝင်မုဒ်ဦး

၄။ ပြည်ထောင်စုခန်းမ

၅။ စားသောက်ဆိုင်နှင့် ကပွဲခန်းမ

၆။ နန်းမြင့်မျှော်စင်

၇။ ရခိုင်ရွာ

၈။ ဗမာရွာ

၉။ မွန်ရွာ

၁၁။ ချင်းရွာ

၁၂။ ရိရေကန်

၁၃။ ကချင်ရွာ

၁၄။ ခါကာဘိုရာဇီတောင်

၁၅။ ရှမ်းရွာ

၁၆။ ကယားရွာ 

၁၇။ အင်းလေးကန်

၁၈။ တောင်ကွဲစေတီနှင့် ငွေတောင်ဆည်

၁၉။ MV 705 ကမ်းရိုးတန်းသွားသင်္ဘောကြီး

၂၀။ ဆလုံပြခန်း တို့ပါဝင်ပါတယ်။

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာမှာ ဘာတွေ လည်ပတ်ကြည့်လို့ရမလဲ?

- ကျေးရွာအတွင်း တိုင်းရင်းသားလူမျိုး ၈ မျိုးတို့ရဲ့ ရိုးရာအိမ်တွေ၊ ဒေသအထိမ်းအမှတ် ပုံစံတူတွေ

- ရိုးရာအိမ်တွေထဲက ရိုးရာဝတ်စုံနဲ့ ရိုးရာအသုံးအဆောင်ပစ္စည်းတွေနဲ့ သက်ဆိုင်ရာဒေသအလိုက် ဒေသပေါက်ပင်တွေကို

- နန်းမြင့်မျှော်စင်တွင် တိုင်းရင်းသား ၈ မျိုးတို့ရဲ့ ရိုးရာဝတ်စားဆင်ယင်မှုပုံစံတွေ၊ ရိုးရာအိမ်ပုံစံငယ်တွေ၊ နံရံဆေးရေးပန်းချီကားတွေနဲ့ တိုင်းရင်းသားလူမျိုးတို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေ

- တိုင်းရင်းသားရိုးရာ အထိမ်းအမှတ် ရုပ်တုငယ်တွေ

- ကလေးငယ်တွေ အပန်းဖြေဖို့ ကစားကွင်း

- လည်ပတ်သူတွေ ကြည့်ရှုလေ့လာနိုင်ဖို့ မိကျောင်းကန်၊ ယုန်ခြံ၊ ငှက်လှောင်အိမ်၊ သမင်ခြံ၊ MV 705 ကမ်းရိုးတန်းသွား သင်္ဘော

- ဆလုံလူမျိုးတွေရဲ့ လူနေမှုဓလေ့စရိုက်

- အပတ်စဥ် တနင်္ဂနွေနေ့တွင် ယဥ်ကျေးမှုသရုပ်ပြ ဝန်ထမ်းတွေက ဧည့်ခံတင်ဆက်တဲ့ တိုင်းရင်းသားရိုးရာ အကအလှတွေ

- သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လမုတောနဲ့ ဒီရေတောတွေရှိတဲ့အပြင် အကျယ်အဝန်းက (၁၁၇) ဧကရှိပြီး ဝင်းအတွင်းမှာ ကားမောင်းခွင့် မရှိပေမဲ့ စက်ဘီး၊ ဘာဂီ၊ ရထားလုံး၊ မြင်းလှည်း စတာတွေ ငှားရမ်းစီးနင်းလို့ရအောင် စီစဉ်ပေးထားပါသေးတယ်။ 

ဝင်ကြေးကတော့ ပြည်တွင်းခရီးသွား လူကြီးတစ်ဦးကို ငွေကျပ် (၅၀၀) သတ်မှတ်ထားပြီး ကလေး၊ ရဟန်းသံဃာနှင့် သီလရှင်များကို အခမဲ့ဝင်ရောက်ခွင့်ပြုထားပါတယ်။ နိုင်ငံခြားခရီးသွားဧည့်သည် တစ်ဦးအတွက် ဝင်ကြေး ၃,၀၀၀ ကျပ် ကောက်ခံပါတယ်။

ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ကို ကုန်းလမ်း၊ ရေလမ်းဖြင့် လမ်းနှစ်သွယ် ဝင်ရောက်နိုင်ပြီဖြစ်တဲ့အတွက် အများပြည်သူ ခရီးသွားဧည့်သည်တွေ အရင်ထက် ပိုမိုဝင်ရောက်လာနိုင်တော့မှာ ဖြစ်ပါတယ်။

⇐ Previous Next

Read 1476 times