Travel

The Beautiful Attraction Places in Thanlyin

The Beautiful Attraction Places in Thanlyin

ခေတ်ကာလအခြေအနေကြောင့် ခရီးဝေးသွားပြီး လည်ပတ်ဖို့ထက် အပန်းလည်းပြေမယ် ရန်ကုန်နဲ့လည်း နီးနီးနားနား နေ့ချင်းပြန်သွားလို့ရမယ့် သန်လျင်ကျောက်တန်းဘက်က လည်ပတ်စရာနေရာလေးတွေကို မျှဝေပေးချင်ပါတယ်။

ရန်ကုန်မြို့တစ်ဖက်ကမ်းက သန်လျင်ကို ရောက်တာနဲ့ မြို့ပြနဲ့ မတူတဲ့ အငွေ့အသက်တွေဖြစ်တဲ့ လမ်းတစ်လျှောက် စပါးခင်းတွေ၊ စိမ်းစိမ်းစိုစို လယ်ကွင်းတွေ၊ ကမ်းခြေတွေ၊ ရေလယ်ဘုရားတွေ၊ ရွာဓလေ့ ရွာအလှတွေကို တွေ့မြင်ခံစားနိုင်ပါတယ်။ ချောင်းသာတို့ ငပလီတို့ မသွားသေးဘဲ ဒီကမ်းခြေရွာလေးတွေမှာ အပန်းဖြေအနားယူပြီး ဘုရားတွေဖူးရင်း ပင်လယ်စာတွေလည်း တ၀ကြီး မြည်းစမ်းကြည့်ခဲ့လို့ ရပါသေးတယ်။ 

ဘယ်လိုသွားရမလဲ?

ရန်ကုန်ကနေ ပဲခူးမြစ်ကို သန်လျင်တံတားပေါ်ကနေ ဖြတ်ကျော်လိုက်ပြီဆိုတာနဲ့ သန်လျင်မြို့နယ်ထဲကို ရောက်ပါပြီ။ သန်လျင်ကနေ တောင်ဘက်ကို ဆက်သွားရင်တော့ ကျောက်တန်းမြို့နယ်ကို ရောက်ပါတယ်။ YBS နဲ့ဆို ၉၅၊ ၁၂၉ တို့ စီးပြီး ကျောက်တန်းကို သွားလို့ရပါတယ်။ ကျောက်တန်းရေလယ်ဘုရားကနေမှတဆင့် ဆိုင်ကယ်ကယ်ရီဖြစ်ဖြစ် ကားအငှားဖြစ်ဖြစ် လှေနဲ့ဖြစ်ဖြစ် ဆက်သွားပြီး သံတဲရွာ၊ မီးပြရွာ၊ ဥယျာဉ်ရွာနဲ့ ကျောက်တိုင်ကမ်းခြေ (သံတဲကမ်းခြေ)၊ ဇွဲဘာကမ်းခြေတွေကို သွားလည်လို့ ရပါတယ်။

လည်ပတ်စရာနေရာတွေ

မီးပြတိုက်

၁၉၂၂ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့တဲ့ ရာစုနှစ်နီးပါး သက်တမ်းရှိ မီးပြတိုက်ဟောင်းကြီးဟာ ကျောက်တန်းမြို့နယ်၊ ကုလားတန်ကျေးရွာအုပ်စု၊ သံတဲရွာရဲ့ အနောက်ဘက်အပိုင်းမှာ ရှိပါတယ်။ ပင်လယ်ဝကနေ ရန်ကုန်မြစ်အတွင်း ခုတ်မောင်းလာတဲ့ နိုင်ငံကူးသင်္ဘောတွေကို အချက်ပြနိုင်ဖို့အတွက် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ မီးပြတိုက်ကို သံထည်ဖြင့် ဆောက်လုပ်ထားပြီး ရေနံဆီမီးဖြင့် အချက်ပြပါတယ်။

 Advertisement

Click Here > GeoResources

ကျောက်တိုင်

ကျောက်တိုင်ဟာ မီးပြတိုက်ရဲ့ အရှေ့တောင်အရပ် ပင်လယ်ကမ်းစပ်နားမှာ တည်ရှိပါတယ်။ မီးပြတိုက်နဲ့ နီးတဲ့အတွက် လမ်းလျှောက်သွားလို့လည်း ရပါတယ်။ ကျောက်တိုင်ကို အောက်မြန်မာပြည် အင်္ဂလိပ်လက်အောက် ရောက်စဉ်အခါက ဆောက်ခဲ့တဲ့ မီးပြတိုက်လို့လည်း တချို့က ပြောကြပါတယ်။ ကျောက်တိုင်ပေမဲ့ ကျောက်နဲ့ ဆောက်ထားတာ မဟုတ်ဘဲ အုတ်နဲ့ပါ။

သံတဲကမ်းခြေ

သံတဲကမ်းခြေက ကျောက်တိုင်ရဲ့ အရှေ့မှာတင် ရှိပါတယ်။ ရန်ကုန်မြစ်ရဲ့ အဆုံးသတ်နေရာလည်း ဖြစ်ပါတယ်။ သံတဲကမ်းခြေရှိ ကျောက်တိုင်ရဲ့ မျက်စောင်းထိုးနားမှာ လှေကြီးတစ်စီး ရှိပါတယ်။ အဲ့လှေက ၂၀၁၈ ခုနှစ်အစပိုင်းလောက်က ဖမ်းမိခဲ့တဲ့ ဘင်္ဂလီဒုက္ခသည်တွေ စီးလာခဲ့တဲ့ လှေကြီးလို့လည်း သိရပါတယ်။

ဇွဲဘာကုန်းတန်းကမ်းခြေ

ဇွဲဘာကမ်းခြေဆိုတာ ရေနောက်နောက် ပင်လယ်ကမ်းခြေတစ်ခုပါပဲ။ ရေထဲ ဆင်းဆော့လို့ ရသလို ကမ်းပေါ်မှာ အပန်းဖြေရင်း စားလိုက်၊ သောက်လိုက်နဲ့ အနားယူချင်လည်း ရပါတယ်။ ကမ်းခြေတစ်လျှောက်မှာ ထမင်းဆိုင်၊ ပုစွန်ကင်ဆိုင်၊ ဘဲဆားမွှမ်းကင်၊ ကြက်ဆားမွှမ်းကင်၊ အုန်းရေ စသဖြင့် ဆိုင်သေးသေးလေးတွေတော့ ရှိပါတယ်။ 

ရွှေဘုံသာစေတီ ရေလယ်ဘုရား

ရွှေဘုံသာစေတီဟာ သံတဲရွာရဲ့ အနောက်မြောက်ဘက်ရှိ ရန်ကုန်မြစ်ကမ်းနှဖူးမှာ တည်ထားတဲ့ မီးပြရွာလယ်မှာ ရှိပါတယ်။ တကယ်တော့ ရွှေဘုံသာစေတီတော်ကြီးကိုလည်း ရေလယ်စေတီလို့ ဆိုနိုင်ပါတယ်။ ရေထဲမှာ တည်ရှိနေပြီး စေတီကို ဖူးဖို့ အုတ်တံတားလေးကနေတဆင့် ကူးပြီး သွားကြရတာပါ။ စေတီက အရင်က ကုန်းမြေပေါ်မှာပဲ တည်ရှိခဲ့ပေမဲ့ နောက်ပိုင်း မြစ်ကမ်းပါး ရေတိုက်စားမှုကြောင့် ရေလယ်စေတီ ဖြစ်သွားခဲ့တာပါ။ 

ရွှေဂူကြီးစေတီ

ရွှေဂူကြီးစေတီဟာ ကျောက်တန်းကနေ ၅ မိုင်ခန့်အကွာက ဥယျာဉ်ရွာမှာ တည်ရှိပါတယ်။ သံတဲရွာကနေဆိုရင် မြောက်ဘက်စွန်းစွန်းမှာပါ။ စေတီဝန်းထဲမှာ အပြာရောင်အဆောင် ရှိပါတယ်။ အဲ့အဆာင်အခန်းထဲမှာ အဖြူရောင်ကားချပ်တစ်ချပ် ထောင်ထားပြီး စေတီပုံရိပ်ကို ကားချပ်ပေါ်မှာ ဖူးမျှော်နိုင်ပါတယ်။

ရွှေဂူကြီးစေတီကို ပါဒမင်းဆက်ရဲ့ (၃၄) ဆက်မြောက် ဖြစ်တဲ့ နရိန္ဒမင်းလက်ထက်မှာ တည်ထားခဲ့တာလို့ သိရပါတယ်။ နရိန္ဒမင်းဟာ သမီးတော် ပါဒမင်းသမီး အပန်းဖြေ အနားယူရန်အတွက် ဥယျာဉ်ကြီးတစ်ခု ဆောက်လုပ်စေခဲ့ပါတယ်။ ဥယျာဉ်တော် အနီးတဝိုက်မှာ စေတီ (၉) ဆူ၊ ရေတွင်း (၉) တွင်းနဲ့ ကန် (၃) ကန်လည်း တည်ဆောက်ခဲ့ပါတယ်။ စေတီ (၉) ဆူမှာ (၃) ဆူက ပြန်လည်ပြုပြင်မှု ရှိခဲ့ပေမယ့် ကျန် (၆) ဆူကတော့ ကုန်းမို့မို့အနေနဲ့သာ ကျန်ပါတော့တယ်။

ဒါ့အပြင် နောက်ထပ်ထူးခြားတာက ရွှေဂူစေတီရဲ့ အနောက်ဘက် ကျောင်းအပေါ်ထပ်မှာ လူပျံရုပ်ထုလေး ရှိပါတယ်။ လိုရာဆုတောင်းပြည့်တယ်လို့လည်း အယူအဆ ရှိကြပါတယ်။

ကျိုက်မှော်ဝန်းရေလယ်စေတီ

ကျိုက်မှော်ဝန်းရေလယ်စေတီဟာ ရန်ကုန်မြစ်ရဲ့ မြစ်လက်တက်တစ်ခုဖြစ်တဲ့ မှော်ဝန်းချောင်းအတွင်းမှာ ရှိပါတယ်။ ကျောက်တန်းမြို့ရဲ့ အထင်ကရစေတီ တစ်ဆူဖြစ်ပြီး ကျောက်တန်းရေလယ်ဘုရားလို့လည်း လူသိများပါတယ်။ ဘုရားဓါတ်တော်၊ မွေတော်တွေကို ဌာပနာပြီး ပါဒနိုင်ငံတော်ကို စတင်တည်ထောင် နန်းတည်ခဲ့တဲ့ ဘောဂသေနမင်းကြီးက တည်ထားခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ဘောဂသေနမင်း လွန်ပြီး ၁ဝ ဆက်မြောက် ဘုရင်ဖြစ်တဲ့ တွတ္တနာဂမင်းကြီးလက်ထက်မှာ မူလစေတီကို ပြုပြင်ပြီး အဓိဌာန် ၃ ချက် ပြုခဲ့ပါတယ်။ စေတီရဲ့ ရင်ပြင်တော်ကို ရေမလွှမ်းနိုင်ပါစေ၊ ဘုရားဖူး ရဟန်းရှင်လူ လာသလောက် ရင်ပြင်ပေါ်တွင် နေလောက်ပါစေနဲ့ စေတီကို ပြုပြင်လှူဒါန်းသူတိုင်း ပစ္စုပ္ပန်မှာ လောကီစီးပွား တိုးတက်ပါစေ တို့ဖြစ်ပါတယ်။

အပေါ်မှာ ပြောပြပေးခဲ့တဲ့ နေရာတွေကို သူငယ်ချင်းတွေနဲ့ စုပြီး တပျော်တပါးကြီး သွားလည်မယ်ဆိုရင် ပိုက်ဆံလည်း အများကြီး မကုန်ပါဘူး။ လမ်းခရီးစရိတ်အသွားအပြန်ရယ်၊ စာရေးသောက်ရေးပါမှ တစ်ယောက်ကို ၁၀,၀၀၀ ကျပ်လောက်ရှိရင်ကို ပျော်ပါးလို့ ရပါပြီနော်။

Source - Traveller Chan

⇐ Previous Next

Read 1752 times