Travel

The rarest beaches in the world

The rarest beaches in the world

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာပေါ်မှာ အလှပဆုံး၊ အသာယာဆုံးနဲ့ အနားယူလို့ အကောင်းဆုံးသော ကမ်းခြေတွေ အများကြီး ရှိပါတယ်။ လူအများစုအနေနဲ့ ဒီကမ်းခြေတွေထဲက တစ်ခုမဟုတ် တစ်ခုတော့ ရောက်ဖူးပြီးကြလိမ့်မယ် ထင်ပါတယ်။

 

ဒီတစ်ခါ ဖော်ပြပေးမှာကတော့ ကမ္ဘာပေါ်မှာ ကမ်းခြေတစ်ခုကို တစ်နေရာထဲမှာပဲ မြင်တွေ့နိုင်မယ့် ရှားပါးပြီး ထူးခြား ဆန်းကျယ်တဲ့ ကမ်းခြေ (၁၀) ခုပဲ ဖြစ်ပါတယ်။ ကမ်းခြေတစ်ခုချင်းစီရဲ့ အကြောင်း၊ တည်ရှိတဲ့ နိုင်ငံတွေနဲ့ ထူးခြားချက်တွေကို အောက်မှာ အသေးစိတ် ဖော်ပြထားပါတယ်။

 

ကမ်းခြေတွေဟာ တကယ်ကို ထူးခြားပြီး လှပတာကြောင့် ရေးနေရင်းနဲ့တောင် ကမ်းခြေတစ်ခုချင်းစီကို တစ်ခေါက်လောက်တော့ ရောက်သွားဖူးချင်မိပါတယ်။

 

Advertisement

Click Here >  Hmwe

 

၁။ Moeraki Boulders, New Zealand

 

နယူးဇီလန်မှာ ရှိတဲ့ Moeraki Boulders ကျွန်းကို လာလည်တဲ့အခါ ကမ်းခြေမှာ နဂါးဥနဲ့ ဆင်တူတဲ့ ထူးခြားတဲ့ အနည်ကျ ကျောက်တုံးတွေကို မြင်တွေ့ရမှာ ဖြစ်လို့ ဇာတ်ကားတွေထဲကလို နဂါးတွေနဲ့ သူတို့ နေထိုင်တဲ့ ရဲတိုက်တွေဆီ ရောက်ရှိနေသလို ခံစားရစေနိုင်ပါတယ်။ 

 

ဒဏ္ဍာရီတစ်ပုဒ်နဲ့ ကျွန်းသူကျွန်းသားတွေရဲ့ အဆိုအရ ဒီကျောက်တုံးတွေဟာ သူတို့ ဘိုးဘေးတွေရဲ့ မြင့်မြတ်လှတဲ့ ရွက်လှေသင်္ဘော Arai-Te-Uru အပျက်အစီးတွေကနေ မျောပါလာခဲ့တာ ဖြစ်ပြီး ကမ်းစပ်မှာ သောင်တင်နေတဲ့ အမှန်တကယ် တန်ဖိုးရှိတဲ့ ကျောက်တုံးတွေလို့ သိရပါတယ်။

 

 

၂။  Jokulsarlon, Iceland

 

ရေခဲတောင်တွေက ဝန်းရံထားပြီး ပူနွေးနေတဲ့ သဲတွေနဲ့ အဖြူရောင်ရေခဲတွေကို ကမ်းခြေတစ်လျှောက် တွေ့ရှိရမယ့် Jokulsarlon ဟာ ကမ္ဘာပေါ်မှာ အရှားပါးဆုံးနဲ့ အလှဆုံး ကမ်းခြေများထဲက တစ်ခုဖြစ်ပါတယ်။ ဒီလိုမျိုး ကမ်းခြေကို တစ်ကမ္ဘာလုံးမှာ ဒီတစ်နေရာထဲမှာပဲ မြင်တွေ့နိုင်မယ့် တစ်ခုထဲသော ကမ်းခြေပါ။ ဥရောပနိုင်ငံတစ်ခုဖြစ်တဲ့ Iceland မှာ တည်ရှိပါတယ်။

 

 

၃။ Giant's Causeway, Ireland

 

အိုင်ယာလန်နိုင်ငံက Giant's Causeway ကမ်းခြေမှာ ထူးထူးခြားခြား ဆဋ္ဌဂံပုံစံရှိတဲ့ ကျောက်စိုင် ၄၀,၀၀၀ ကျော်ကို ကမ်းခြေတစ်လျှောက် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒေသခံတွေ ပြောပြတဲ့ ကမ်းခြေမှာ နေထိုင်တဲ့ ဘီလူးကြီးတွေအကြောင်း ပုံပြင်ကိုလည်း နားထောင်ရမှာပါ။ ဒဏ္ဍာရီအရတော့ ဒီဆဋ္ဌဂံပုံစံရှိတဲ့ ကျောက်စိုင်တွေဟာ ဧရာမဆောက်ထားတဲ့ လမ်းမကြီးရဲ့ အကြွင်းအကျန်တွေလို့ ဆိုပါတယ်။

 

ဇာတ်လမ်းကတော့ အိုင်ယာလန်ဘုရင်ကြီး Finn MacCool ဟာ စကော့တလန်ဘုရင်ကြီး Benandonner ရဲ့ စိန်ခေါ်ခြင်းကို ခံခဲ့ရပါတယ်။ Finn ဟာ စိန်ခေါ်မှုကို လက်ခံပြီး ဧရာမဘီလူးနှစ်ကောင် တွေ့ဆုံနိုင်ဖို့အတွက် North Channel ကို ဖြတ်ပြီး အမြန်လမ်းကို တည်ဆောက်လိုက်ပါတယ်။ 

 

Finn ရဲ့ ဇနီးဖြစ်သူ Oonagh ဟာ စကော့တလန်ဘီလူးကြီး ရောက်လာတာကို မြင်တဲ့အခါ Finn ကို ကလေးအဖြစ် အသွင်ပြောင်းပြီး ပုခက်ထဲမှာ ထည့်ထားလိုက်ပါတယ်။ ဒီတော့ Benandonner ဟာ ကလေးတောင် ဒီလောက်ကြီးနေရင် သူ့အဖေဆို ပိုကြီးမှာပဲလို့ ယူဆပြီး Finn နောက်က မလိုက်နိုင်အောင် လမ်းကို ဖျက်ဆီးပြီး စကော့တလန်ကို ပြန်ပြေးခဲ့ပါတယ်။

 

 

၄။ Glass Beach, California

 

ဖန်သားကမ်းခြေဆိုတဲ့ Glass Beach ကတော့ ကယ်လီဖိုးနီးယားပြည်နယ်မှာ တည်ရှိပါတယ်။ ကမ်းခြေတစ်လျှောက် ပုံမှာ ပြထားတဲ့အတိုင်း ကြည်တောက် လှပတဲ့ ရောင်စုံ ဖန်သားကျောက်တုံးလေးတွေကို ထူးထူးခြားခြား မြင်တွေ့ရမှာပါ။ 

 

တကယ်ကတော့ ဒီကမ်းခြေမှာ မှန်တွေ၊ အသုံးအဆောင်တွေသာမက ကားတွေအထိ စွန့်ပစ်ခဲ့ကြတာကြောင့် အမှိုက်ပုံကြီးတစ်ခုလိုတောင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကမ်းခြေကို လှိုင်းတွေ ကြိမ်ဖန်များစွာ တိုက်စားရာကနေ အခုလို လှပတဲ့ ရောင်စုံ ဖန်သားကျောက်တုံးလေးတွေ ဖြစ်ပေါ်လာခဲ့တာပါတဲ့။

 

 

၅။ Beach of the Cathedrals, Ribadeo, Spain

 

ဒီကမ်းခြေကတော့ Beach of the Cathedrals လို့ ခေါ်ပြီး စပိန်နိုင်ငံ၊ Galicia ပြည်နယ်မှာ တည်ရှိပါတယ်။ နှစ်ထောင်ပေါင်းများကထဲက လေထုနဲ့ ပင်လယ် ပေါင်းစပ်ရာကနေ ချောက်ကမ်းပါးတွေနဲ့ တဲတွေသဖွယ် ဖြစ်တည်နေတဲ့ ဆန်းကျယ်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

 

ကျွန်းပေါ်မှာ နေထိုင်သူတွေရဲ့ အဆိုအရ ဒီကျောက်ဆောင်တဲတွေဟာ နာရီနဲ့ နေရဲ့ အနေအထားပေါ် မူတည်ပြီး အရောင်ပြောင်းနိုင်ပါသေးတယ်။ ဒီတော့ ကမ္ဘာပေါ်မှာ အခမ်းနားဆုံးသော ကမ်းခြေတွေထဲက တစ်ခုဖြစ်နေတာလည်း မမှားပါဘူး။ တကယ်ကို ထူးခြားပါတယ်။

 

 

၆။ Green Sand Beach, Kourou, French Guiana

 

တောင်အမေရိကဘက်ခြမ်း ပြင်သစ်နိုင်ငံရဲ့ Kourou မြို့မှာ ရှိတဲ့ Green Sand Beach က အစိမ်းရောင်သဲတွေဟာ  ပင်လယ်ရေအေးနဲ့ ချော်ရည်ပူတွေကြား ထိပ်တိုက်တွေ့မှုကနေ ဒီလို အလွန်ကြီးကျယ်ပြီး လှပတဲ့ ကမ်းခြေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီကမ်းခြေဟာလည်း သာမန်ကမ်းခြေတွေနဲ့ မတူဘဲ သဘာဝရဲ့ နောက်ထပ် ဖန်တီးမှုတစ်ခု ဖြစ်ပါတယ်။

 

 

၇။ Punaluu Black Sand Beach, Hawaii

 

ဟာဝိုင်အီမှာ ရှိတဲ့ Punaluu ကမ်းခြေဟာ သူ့ရဲ့ ထူးခြားမှုကြောင့် ကမ္ဘာလှည့်ခရီးသည် အများအပြား လာရောက်လည်ပတ်မှု အများဆုံးထဲက တစ်ခုဖြစ်ပါတယ်။ ချော်ရည်တွေ စိမ့်ထွက်မှုကြောင့် သဲဟာ အနက်ရောင် ပြောင်းလဲနေပြီး ဖြူဖွေးတဲ့ ကမ်းရေပြင်နဲ့ ပေါင်းစပ်ကာ လှပတဲ့ ကမ်းခြေတစ်ခုအသွင် ဖော်ဆောင်ထားပါတယ်။

 

 

၈။ The Red Beaches of Rabida Island

 

ဇီဝဗေဒနဲ့ ဘူမိဗေဒ ရှားပါးမှုအကြောင်း ပြောရင် ဒီ Galápagos ကျွန်းကိုလည်း ချန်ထားလို့ မရပါဘူး။ ဒီကမ်းခြေမှာ ဖြစ်ပေါ်နေတဲ့ သဲနီတွေဟာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ချော်ရည်တွေရဲ့ သံဓာတ်ပါဝင်မှု မြင့်မားကြောင့် သဘာဝအတိုင်း ဖြစ်တည်လာတာပါ။ စိမ်းပြာရောင်ရေနှင့် သဲနီရောင်တို့ ရောနှောထားတဲ့ ကမ်းခြေရောင်စုံမြင်ကွင်းက အံ့သြဖွယ် နေရာတစ်ခုပါပဲ။

 

 

၉။ Red Beach, China

 

တရုတ်နိုင်ငံမှာရှိတဲ့ Panjin ကမ်းခြေက Red Beach ဟာလည်း တော်တော်လည်း ထူးခြား ဆန်းကျယ်ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ တချို့သော ကမ်းခြေတွေဟာ အနက်ရောင်၊ အဖြူ၊ ပန်းရောင်၊ အစိမ်းရော စတဲ့ အရောင်မျိုးစုံသော သဲတွေကြောင့် ထူးခြားတာပါ။ 

 

ဒါပေမယ့် ဒီအနီရောင်ကမ်းခြေကတော့ သဲမဟုတ်ပဲ ရေက ဖြစ်နေတာပါ။ ရေပြင်ကျယ်ဟာ ကော်ဇောနီ ခင်းထားသလို ဖြစ်နေပြီး ဒီလိုဖြစ်ရတာက ဧပြီလနဲ့ မေလမှာ ပေါက်ရောက်လေ့ရှိတဲ့ ရှားပါး ပင်လယ်ရေညှိတစ်မျိုးကြောင့်ပဲ ဖြစ်ပါတယ်။ အောက်မှာ ရေပြင်ကြီး ရှိနေတာကိုတော့ မမေ့ဖို့ လိုပါတယ်။

 

 

၁၀။ The Green Lagoon, Spain

 

နောက်ဆုံးကမ်းခြေကတော့ စပိန်နိုင်ငံမှာ တည်ရှိတဲ့ The Green Lagoon ဆိုတာပဲ ဖြစ်ပါတယ်။ ကမ်းခြေကို တောင်တွေ၊ နက်ပြာရောင် ပင်လယ်ပြင်နဲ့ သဲနက်တွေက ဝန်းရံထားတဲ့အပြင် စိမ်းလန်းတဲ့ ရေကန်တွေကလည်း ရှိနေပါသေးတယ်။ ထူးခြား ရှားပါးတဲ့ ရောင်စုံမြင်ကွင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

 

ဒီရောင်စုံရေတွေဟာ ဆာလဖာပါဝင်မှု မြင့်မားတာကြောင့် ရေဆင်းကူးတာမျိုး၊ ရေငုပ်တာမျိုးတော့ လုပ်လို့ ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့အနီးမှာရှိတဲ့ အတ္တလန်တိတ်ရဲ့ အပြာရောင်ရေပြင်ကိုတော့ သွားလာ ရေကူးလို့ ရနိုင်ပါတယ်။ အပြီးပြည့်စုံသော ခံစားမှုကို ရရှိစေမှာပါ။

 

 

စာဖတ်သူတွေအနေနဲ့ရော ဘယ်ကမ်းခြေကို အထူးခြားဆုံးလို့ ထင်လဲ၊ ဘယ်ကမ်းခြေကို အကြိုက်ဆုံးလဲ၊ တကယ်လို့ သွားခွင့်ရခဲ့မယ်ဆိုရင် ဘယ်ကမ်းခြေကို သွားရောက် လည်ပတ်ဖြစ်မယ် ထင်လဲ၊ ဒါလေးတွေကို ပြောပြခဲ့လို့ ရပါတယ်။

 

Su Mon Oo

Source : https://blog.xcaret.com/ 

Photo credit goes to the owners.

⇐ Previous Next

Read 1033 times