Travel

Top (10) Hotels in Yangon

Top (10) Hotels in Yangon

ခရီးသွားဧည့်သည်များသည် Destination တစ်ခုကို ရောက်သည်နှင့် မည်သည့်နေရာတွင် တည်းခိုအိပ်စက်ရမည်ကို ဦးစွာ စဉ်းစားကြသည်။ 

ထို့ကြောင့် ရန်ကုန်မြို့တွင် ဇိမ်ခံဟိုတယ် မြောက်များစွာရှိသည့်အနက် ခရီးသွားဧည့်သည်များ၏ ကောင်းမွန်သော မှတ်ချက်များ ပေးခြင်းခံရသည့် ဟိုတယ် (၁၀) ခုကို မျှဝေပေးချင်ပါသည်။

(1) Pan Pacific

ရန်ကုန်မြို့၏ အချက်အချာကျသော ဧရိယာတွင် ကောင်းမွန်စွာ နေရာယူထားသည့် Pan Pacific Yangon သည် သင်၏ အလုပ်များသောနေ့များမှ အနားယူရန် အသင့်တော်ဆုံးနေရာတစ်ခုဖြစ်သည်။ 

ဟိုတယ်တွင် အခန်းပေါင်း (၃၃၆) ခန်း ပါဝင်ပြီး ရွှေတိဂုံဘုရားနှင့် အခြား ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းများကို ကြည်ရှုခံစားနိုင်ပါသည်။ 

ရေကူးကန်၊ Spa၊ Fitness Center၊ ဘားနှင့် စားသောက်ဆိုင်များ၊ လူဦးရေ ၄၀၀ ကျော်ဆန့်သည့် အစည်းအဝေးခန်းမများလည်း ပါရှိသည်။

Pan Pacific ဟိုတယ်သည် Junction City Shopping Center ၏ အနီးမှာ ရှိသည့်အတွက် ဝယ်ခြမ်းစရာရှိသည့်အခါ ဝေးဝေးလံလံသွားရန် မလိုတော့ပါ။

(2) Sule Shangri-La

ရန်ကုန်မြို့လယ်ခေါင်တွင် တည်ရှိသော Sule Shangri-La သည် ဧည့်သည်များအား ခမ်းနားသော ဇိမ်ခံပစ္စည်းများနှင့် လှိုက်လှဲပျူငှာသောဝန်ထမ်းများ၏ ဝန်ဆောင်မှုများကို ပေးဆောင်ပါသည်။ 

ဟိုတယ်သည် ရန်ကုန်မြို့၏ လည်ပတ်စရာနေရာဖြစ်သည့် ဆူးလေဘုရား၊ မဟာဗန္ဓုလပန်းခြံနှင့် ဗိုလ်ချုပ်စျေးအနီးတွင် တည်ရှိပါသည်။

ဟိုတယ်တွင် Gym၊ ဘား၊ စားသောက်ဆိုင်များ၊ ရေကူးကန်၊ အစည်းအဝေးခန်းမနှင့် ပွဲခန်းမများရှိပါသည်။

Sule Shangri-La တွင် ခေတ်မီသော ဇိမ်ခံအခန်းများ ရှိပါသည်။ ဧည့်သည်များသည် ကျယ်ဝန်းသော အခန်းပြတင်းပေါက်များမှ သမိုင်းဝင် ရန်ကုန်မြစ်၊ အပူပိုင်းသစ်ပင်များနှင့် ရွှေရောင်လွှမ်းနေသောစေတီများကို မြင်တွေ့နိုင်သည်။ 

Café Sule တွင် မနက်စွာအတွက် မြန်မာမုန့်စစ်စစ်နှင့် နိုင်ငံတကာဟင်းလျာမျိုးစုံကို ရရှိပါသည်။ ထို့နောက် ဧည့်သည်များသည် ဟိုတယ်၏ အမှတ်အသား စားသောက်ဆိုင်ဖြစ်သည့် Summer Palace တွင် ကောင်းမွန်သော ဟင်းလျာများကို မြည်စမ်းနိုင်ပြီး စတိုင်ကျသော Gallery Bar ကို သူငယ်ချင်းများနှင့် အပန်းဖြေရန် ရွေးချယ်နိုင်ပါသည်။

Peacock Lounge သည် လတ်ဆတ်သော သစ်သီးဖျော်ရည်ကော့တေးများကို နှစ်သက်သူများအတွက် နောက်ထပ် စိတ်ဝင်စားစရာ ရွေးချယ်မှုတစ်ခုဖြစ်သည်။  Sule Shangri-La သည် ရန်ကုန်မြို့တွင် သင်၏ မမေ့နိုင်သော တည်းခိုနေထိုင်မှုကို အပြည့်အ၀ခံစားရစေမယ့် နေရာဖြစ်ပါသည်။

(3) Lotte Hotels & Resorts Yangon

Lotte ဟိုတယ်သည် ရန်ကုန်မြို့တော်အတွင်း အလှပဆုံးနှင့် အဆန်းသစ်ဆုံးသော နေရာတစ်ခုဖြစ်ပါသည်။ ဟိုတယ်သည် ရန်ကုန်မြို့၏ အဓိက လမ်းမကြီးဖြစ်သည့် ပြည်လမ်းမပေါ်တွင်တည်ရှိပြီး အလှပဆုံးနေရာ တစ်ခုဖြစ်သည့် အင်းလျားကန်နှင့်လည်း နီးပါသည်။

လှပထည်ဝါဆန်းသစ်သော မိုးလုံလေလုံရေကူးကန်နှင့်အတူ အားကစားခန်းမ၊ ဂေါက်ရိုက်ခန်း၊ ရေနွေးကန်နှင့် ချွေးထုတ်ခန်းများလည်း ရှိပါသည်။

Infinity Pool ဟုခေါ်သော အပြင်ဘက်တွင်တည်ရှိသော ရေကူးကန်မှလည်း အင်းယားကန်၏ အလှအပ မြင်ကွင်းကို ခံစားနိုင်ပါသည်။ ဧည့်သည်များ အနားယူအပန်းဖြေနိုင်စေရန် နေရာများရှိပြီး စားသောက်ဖွယ်ရာများကိုလည်း မှာယူသုံးဆောင်နိုင်ပါသည်။

လူဦးရေ ၈ ယောက်မှ ၁၂ ယောက်အထိ ဝင်ဆံ့သော Business Center တွင်လည်း ဧည့်သည်တော်များ၏ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ပါသည်။

(4) Chatrium Hotel

ရန်ကုန်မြို့လယ်တွင် တည်ရှိသော Chatrium Hotel သည် လက်ရာမြောက်သော အခန်းပေါင်း (၃၀၀) ပါရှိသော ဇိမ်ခံ တည်းခိုခန်းတစ်ခုဖြစ်သည်။ ဟိုတယ်ကို ကိုလိုနီခေတ်ပုံစံ တည်ဆောက်ထားပြီး အရှေ့တိုင်းဗိသုကာ ဒီဇိုင်းများဖြင့် ပုံဖော်ထားသည့်အတွက် တင့်တယ်လှပနေသည်။ 

ဟိုတယ်အတွင်းပိုင်ကိုလည်း ဂန္ထဝင်အပြင်အဆင်နှင့် သစ်မာပရိဘောဂများဖြင့် ပြုလုပ်ထားသည်။ အခန်းအားလုံးတွင် ဆိုဖာတစ်လုံး၊ မီနီဘားနှင့် ရေချိုးကန်ပါဝင်ပါသည်။ 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မိနစ် ၂၀ ခန့်သာ ကွာဝေးပြီး ဟိုတယ်သည် ကန်တော်ကြီးကန်၊ ကန်တော်ကြီးသဘာဝဥယျာဉ်၊ စကော့ဈေး၊ မြို့တော်ခန်းမနှင့် ရွှေတိဂုံဘုရားတို့ကဲ့သို့သော ခရီးသွားဆွဲဆောင်မှုနေရာများနှင့် နီးပါသည်။

ရန်ကုန်မြို့၏ အထင်ကရနေရာများသို့ ဧည့်သည်များ လွယ်ကူစွာ သွားလာနိုင်ရန် ဟိုတယ်မှ အခမဲ့ ပြေးဆွဲပေးသည့် ဘတ်စ်ကားဝန်ဆောင်မှုကို ပေးဆောင်ထားသည်။ ဟိုတယ်တွင် စားသောက်ဆိုင်သုံးဆိုင်၊ ဘားနှစ်ခု၊ အစည်းအဝေးခန်းမ၊ ရေပူစမ်း၊ ကျန်းမာရေးစင်တာနှင့် ရေကူးကန်တို့ပါရှိပါသည်။ 

(5) Park Royal

Park Royal ဟိုတယ်သည် ရန်ကုန်မြို့၏ ဈေးဝယ်စင်တာများထဲမှ တစ်ခုဖြစ်သော La Pyay Wun ပလာဇာအနီး၊ အလံပြဘုရားလမ်းတွင်ရှိသည်။ ဟိုတယ်မှ နာမည်ကျော် ဗိုလ်ချုပ်ဈေးသို့သွားရန် အနည်းငယ် လမ်းလျှောက်ရမည်ဖြစ်ပြီး ရွှေတိဂုံဘုရားနှင့် အလှမ်းဝေးသည့်အတွက် ကားဖြင့်သွားမှ အဆင်ပြေမည်။ 

ဟိုတယ်သည် အလွန်ကောင်းမွန်သော ဝန်ဆောင်မှု ကျင့်ဝတ်များနှင့် ကောင်းမွန်သော စီမံခန့်ခွဲမှုများရှိသော ဟိုတယ်တစ်ခုဖြစ်သည်။ ရန်ကုန်မြို့၏ ထိပ်တန်း ဖျော်ဖြေရေးနေရာများထဲမှ တစ်ခုဖြစ်သည့် ဟိုတယ်တွင်းရှိ Club 5 တွင် Bar၊ Small Disco နှင့် Live Music Venue လည်းရှိပါသည်။ ဒါ့အပြင် ရေကူးကန်၊ တင်းနစ်ကွင်း၊ လေ့ကျင့်ခန်းစင်တာနှင့် အေရိုးဗစ်စတူဒီယိုတို့လည်း ရှိသည်။

(6) Sedona Hotel

Sedona Hotel သည် အမေရိကန်၊ ကိုရီးယား၊ စင်္ကာပူနှင့် UN စသည့် သံရုံးများအနီးတွင် တည်ရှိပြီး စီးပွားရေးခရီးသွားများအတွက် ပြီးပြည့်စုံသော နေရာတစ်ခုဖြစ်သည်။ 

ထို့အပြင် အင်းလျားကန်၊ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်နှင့် ရွှေတိဂုံဘုရားတို့ အနီးမှာတည်ရှိသည့်အတွက် အပန်းဖြေခရီးသွား ဧည့်သည်များအတွက်လည်း ရွေးချယ်စရာ ဟိုတယ်တစ်ခု ဖြစ်လာနိုင်သည်။

ဟိုတယ်တွင် ဝန်ဆောင်မှုများ အပြည့်ဖြင့် ခေတ်မီဆန်းသစ်သောဒီဇိုင်းများဖြင့် ဖန်တီးထားသော အခန်းပေါင်း ၃၅၀ ရှိပါသည်။ 

ခမ်းနားကြီးကျယ်သော ဧည့်ခန်းနှင့် စားသောက်ဆိုင်များသည် အာဆီယံညစာစားပွဲများကျင်းပရာနေရာဖြစ်ပါသည်။ Sedona ဟိုတယ်တွင် ရန်ကုန်သို့လာရောက်လည်ပတ်သည့် နိုင်ငံ့ခေါင်းဆောင်များတောင် သွားရောက်တည်းခိုကြပါသည်။

(7) Melia Yangon

Melia သည် ရန်ကုန်တွင် ၂၀၁၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်မြို့၏ ထူးခြားသော အပြင်အဆင်တစ်ခုဖြစ်သောကြောင့် ခရီးသွားများအတွက် စမတ်ကျသော ရွေးချယ်မှုတစ်ခုဖြစ်သည်။ 

ဟိုတယ်၏ သွားလာရလွယ်ကူသည့် တည်နေရာကြောင့် နှစ်စဉ် ခရီးသွားဧည့်သည်အများအပြားကို ဆွဲဆောင်လျက်ရှိသည်။ 

ရိုးရှင်းစွာပြောရလျှင် Melia Hotels International မှ သင်မျှော်လင့်ထားသည့် ဝန်ဆောင်မှုများနှင့် သာယာအဆင်ပြေမှုများကို Melia Hotel Yangon မှလည်းရရှိနိုင်ပါသည်။

ဟိုတယ်သည် Myanmar Plaza နှင့် အင်ယားကန်အနီးမှာ တည်ရှိပြီး အင်ယားကန်၏ လတ်ဆတ်အေးချမ်းသော လေကို ရှုရှိုက်ခံစားနိုင်ပါသည်။

ထို့အပြင် အခန်းအားလုံးတွင် ရုပ်မြင်သံကြား LCD၊ ရေချိုးခန်း၊ ကော်ဖီဖျော်စက်၊ အစိုဓာတ်ထိန်းစက်နှင့် လော့ခ်ကာတို့ ပါရှိပါသည်။

ဟိုတယ်တွင် ချွေးထုတ်ခန်း၊ ပြင်ပရေကူးကန်၊ Spa၊ အနှိပ်ခန်း၊ အစည်းအဝေးခန်းမနှင့် စားသောက်ဆိုင်များရှိပါသည်။

(8) Novotel Yangon Max

အရည်အသွေးကောင်းမွန်သော ဝန်ဆောင်မှုတွေကို ပေးဆောင်ထားသည့် Novotel Yangon Max သည် ပြည်လမ်း၊ ကမာရွတ်မြို့နယ်မှာ တည်ရှိပါသည်။

ဟိုတယ်မှ ပြည်သူ့ရင်ပြင်နှင့် ရန်ကုန်တက္ကသိုလ်သို့ ကားဖြင့် သွားမည်ဆိုလျှင် ၁၀ မိနစ်သာ အချိန်ကုန်ပါသည်။

ဧည့်သည်များ သက်တောင့်သက်သာရှိရေး နှင့် အဆင်ပြေစေရန်အတွက် ဟိုတယ်တွင် ၂၄ နာရီ အခန်းဝန်ဆောင်မှု၊ အခန်းအားလုံးတွင် Wi-Fi အခမဲ့၊ 24 နာရီ လုံခြုံရေး၊ နေ့စဉ်အခန်းသန့်ရှင်းရေး ဝန်ဆောင်မှုတို့ကို ပေးထားပါသည်။

ဟိုတယ်တွင် ယောဂအခန်း၊ ရေပူစမ်း၊ ရေကူးကန်၊ လေ့ကျင့်ခန်းစင်တာ၊ Spa၊ ချွေးထုတ်ခန်းနှင့် ဂေါက်ကွင်း ကဲ့သို့သော အပန်းဖြေစရာများ ရှိပါသည်။။ Novotel Yangon Max သည် ရန်ကုန်မြို့၏ ကျက်သရေနှင့် သက်တောင့်သက်သာရှိမှုကို ရှာဖွေနေသည့် ခရီးသွားများအတွက် စံပြနေရာတစ်ခုဖြစ်သည်။

(9) Summit Park View

ရွှေတိဂုံဘုရားနှင့် မဝေးသောနေရာတစ်ခုတွင် တည်ရှိသည့် Summit Parkview Hotel သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာ ဟိုတယ်ဖြစ်သည်။ 

ဧည့်သည်များသည် နာမည်ကြီး စားသောက်ဆိုင်ကြီးဖြစ်သည့် Parkview Cafe Restaurant တွင် ပျော်ရွှင်စွာ စားသောက်နိုင်သည်။ ထိုစားသောက်ဆိုင်သည် နိုင်ငံတကာမှ အထူးဟင်းလျာမီနူးများကို ဆောင်ရွက်ပေးပါသည်။ 

Dagon Bar သည် ညဘက်တွင် သူငယ်ချင်းများနှင့် အပန်းဖြေရန် နေရာကောင်းတစ်ခုဖြစ်သည်။ Summit Parkview Hotel တွင် ယဉ်ကျေးပျူငှာသော ဝန်ထမ်းများ၏ ဝန်ဆောင်မှုများကိုလည်း ရရှိပါဦးမည်။ 

(10) Strand Hotel

Strand Hotel သည် ရန်ကုန်မြို့ Strand လမ်းမပေါ်တွင် တည်ရှိပါသည်။ ဟိုတယ်အတွင်းတွင် သုံးထားသည့် ပရိဘောဂနှင့် အသုံးအဆောင်များသည် ခေတ်ဆန်သော်လည်း အဆောက်အဦး အပြင်ဒီဇိုင်းသည် Victorian စတိုင်ရှိသည့် သုံးထပ်အဆောက်အဦးကြီးဖြစ်သည်။ ရှေးခတ်အငွေ့အသက်တွေကို ခံစားနိုင်တာကြောင့် နိုင်ငံခြားသားများ အင်မတန်သဘောကျကျပါသည်။

ဟိုတယ်မှ မိနစ် (၂၀) လမ်းလျှောက်ရုံနှင့် တရုတ်တန်း၊ ဗိုလ်ချုပ်စျေးနှင့် ဆူးလေဘုရားတို့ကို သွားရောက်လည်ပတ်နိုင်ပါသည်။ 

ဟိုတယ်တွင် မြန်မာ့ရိုးရာပုံစံ အနှိပ်ခန်းရှိပြီး (၂၄) နာရီ အခန်းဝန်ဆောင်မှုတွေ၊ Free WiFi ၊ အားကစားခန်းမနှင့် စားသောက်ဆိုင်များလည်း ပါရှိသည်။ 

 

⇐ Previous Next

Read 3312 times