Technology

OPPO ColorOS 13 New Features

OPPO ColorOS 13 New Features

OPPO မှ နောက်ဆုံးပေါ်  Android 13 ကို အခြေခံထားသော Operating System ဖြစ်တဲ့ ColorOS 13 Global Version ကို ဩဂုတ်လ (၂၄) ရက်နေ့တွင် နိုင်ငံတကာမှာ တရားဝင်ဖြန့်ချိ မိတ်ဆက်ခဲ့ပါတယ်။

ColorOS 13 တွင် တိကျပြီး သက်သောင့်သက်သာရှိသော မြင်ကွင်းအတွေ့အကြုံ (UI) တို့ကို ပေးစွမ်းမယ့် Aquamorphic ဒီဇိုင်းအသစ်နှင့် ပိုမိုကောင်းမွန်တဲ့ User အတွေ့အကြုံ (UX) ကို ရရှိနိုင်ရန် Device များစွာကို ချိတ်ဆက် အသုံးပြုနိုင်မယ့် Smart Multi-device Connection စတဲ့ လုပ်ဆောင်ချက်အသစ်များကို ထည့်သွင်းထားပါတယ်။

OPPO ဟာ ColorOS 13 ဒီဇိုင်းကို သဘာဝအတိုင်း ရေများ စီးဆင်းလှုပ်ရှားပုံကို နမူနာယူကာ အသက်ဝင်ပြီး ပြည့်စုံကောင်းမွန်တဲ့ Aquamorphic ဒီဇိုင်းအဖြစ် ဖန်တီးခဲ့ပါတယ်။ 

ColorOS 13 တွင် ပင်လယ်ရေမျက်နှာပြင်မှ နေထွက်ချိန်နှင့် နေဝင်ချိန်ကြားရှိ အလင်းအရောင် ပြောင်းလဲမှုကို အခြေခံထားတဲ့ Theme Palette အသစ်တစ်ခုပါရှိပြီး စာသားဖောင့်ကိုလည်း ဘယ်ဘာသာစကားနဲ့မဆို ပိုမိုလွယ်ကူစွာဖတ်နိုင်ရန် ပြုလုပ်ထားပါတယ်။ 

ColorOS 13 တွင် ပိုမိုကောင်းမွန်တဲ့ User အတွေ့ကြုံများကို ရရှိစေရန်  System Animations များတွင် မတူညီသော Aquamorphic Effects များ၊ UI နှင့်  Quantum Animation Engine တို့လို User တွေရဲ့  အပြုမူဆိုင်ရာ လုပ်ဆောင်ချက်များကို  ကြိုတင်ခန့်မှန်းပေးနိုင်တဲ့  ခန့်မှန်းချက်အသစ်ကို ထည့်သွင်းထားပါတယ်။

ထိုခန့်မှန်းချက်အသစ်မှာ OPPO ရဲ့ လူသား ဗဟိုပြု ဒီဇိုင်းဘာသာစကားများဖြစ်တဲ့ Empty State Illustrations၊ မတူညီသော မျက်နှာပြင်အရွယ်အစားအတွက် လိုက်လျောညီထွေမှုရှိတဲ့ Layout များ၊ ဖတ်ရှုမြင်တွေ့နိုင်စွမ်းကို တိုးမြှင့်ပေးရန် သိသာထင်ရှားတဲ့ Icon များဖြင့် ပေါင်းစပ်ဖြည့်စွက်ထားပါတယ်။

ထို့အပြင် “Homeland" လို့ အမည်ပေးထားတဲ့ Always-On Display ပုံရိပ်အသစ်များကို ဖန်တီးထားပြီး သဘာဝတောရိုင်း တိရိစ္ဆာန်တွေရဲ့ မြင်ကွင်းပုံရိပ်များကို ထည့်သွင်းဖော်ပြထားပါတယ်။ Always-On Display Animation ပုံရိပ်များတွင် အပူချိန်ပြောင်းလဲမှုကို အခြေခံ၍ တိရစ္ဆာန်တွေရဲ့ ပုံတွေကို ပြောင်းလဲဖော်ပြသွားမှာဖြစ်ပါတယ်။ ဆိုလိုတာက အပူချိန်နည်းရင် အေးတဲ့ရာသီဥတုမှာ နေထိုင်သော တိရိစ္ဆာန်တွေကို ဖော်ပြပြီး အပူချိန်များရင် ပူတဲ့ရာသီဥတုမှာ နေထိုင်သော တိရိစ္ဆာန်တွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။

ColorOS 13 ဟာ Dynamic Computing Engine ရဲ့  ပွဲဦးထွက် အမှတ်အသားဖြစ်တဲ့အပြင် ဘက်ထရီသက်တမ်းနှင့် ပါဝါသုံးစွဲမှုတို့ကို မျှတစေရန် ထိန်းညှိပေးပါတယ်။ OPPO ရဲ့ ထိပ်တန်း နည်းပညာတစ်ခုဖြစ်တဲ့ LTPO2.0 ကို ထည့်သွင်းထားသဖြင့် အချို့သော အခြေအနေများအတွက် ပါဝါသုံးစွဲမှုကို ၃၀% သက်သာစေပါတယ်။

ထို့အပြင် App တစ်ခုအတွင်း အသုံးပြုထားတဲ့ လက်ရှိအနေအထားကို မဆုံးရှုံးစေဘဲ (သို့မဟုတ်) App တစ်ခုမှတစ်ခု ပြောင်းပြီး သုံးမယ်ဆိုလည်း နှေးကွေးမှုကို မခံစားရစေဘဲ  App တစ်ခုမှ တစ်ခုကို ချောမွေ့စွာ ပြောင်းနိုင်စေရန် ကူညီပေးပါတယ်။

အခုအခါမှာဆိုရင် ColorOS 13 တွင် ထည့်သွင်းထားတဲ့ Always-On Display မှာ အသုံးပြုသူများအနေနဲ့ ဂီတ၊ အစားအသောက် ဝန်ဆောင်မှု App များနဲ့ ပတ်သက်တဲ့ အချက်အလက်များကို ပိုမိုမြန်ဆန်စွာ ဝင်ရောက်ရွေးချယ်နိုင်ပါတယ်။

OPPO က Always-On Display မှတဆင့် သုံးစွဲသူ စိတ်ကြိုက်ရွေးချယ်ထားသော အတွေ့အကြုံများစွာကို ပေးစွမ်းနိုင်ရန် Bitmoji နှင့် Spotify အပါအဝင် ကမ္ဘာ့ထိပ်တန်းဆော့ဖ်ဝဲနှင့် Service Provider များကိုပါ ပူးပေါင်းထားပြီးဖြစ်ပါတယ်။

Covid-19 ကပ်ရောဂါအပြီးတွင် အွန်လိုင်းအစည်းအဝေးများ ပိုမိုများပြားလာလို့ OPPO မှ အွန်လိုင်း အစည်းအဝေးများအတွက် အထူးထုတ်လုပ်ထားတဲ့ Meeting Assistant ကို ColorOS 13 တွင် ထည့်သွင်းတီထွင်ခဲ့ပါတယ်။

Meeting Assistant က အွန်လိုင်းအစည်းအဝေးများအတွင်း ပိုမိုတည်ငြိမ်သော အင်တာနက်လိုင်းများ ရရှိစေရန် Wireless ဒေတာပက်ကေ့ဂျ်များကို အလိုအလျောက် ရွေးချယ်ပေးပါတယ်။

သုံးစွဲသူများအနေနဲ့ အစည်းအဝေးဆိုင်ရာ မှတ်စုတိုများကို ရေးမှတ်ဖို့  သေးငယ်သော Pop-up Window ဖြင့် OPPO Notes4 ကို ဖွင့်နိုင်ရန် ကူညီပေးတဲ့အပြင် Banner Notification များ ပေါ်လာစေခြင်းဖြင့် အနှောင့်အယှက်များကို လျှော့ချပေးပါတယ်။

ColorOS 13 တွင် ပါဝင်လာတဲ့ အကြီးမားဆုံး နောက်ဆုံးပေါ် လုပ်ဆောင်ချက်များထဲမှ တစ်ခုက တစ်ပြိုင်တည်းမှာ Device များစွာကို ချိတ်ဆက် သုံးစွဲနိုင်ခြင်းဖြစ်ပါတယ်။ Multi-screen Connect ဆိုတာ စမတ်ဖုန်းနှင့် OPPO Pad Air အကြား၊ စမတ်ဖုန်းနှင့် PC အကြား ချောမွေ့စွာချိတ်ဆက်မှုကို ပံ့ပိုးပေးထားပါတယ်။

ထို့အပြင် Hardware ကန့်သတ်ချက် မရှိဘဲ ပိုမိုစုံလင်သော ဖိုင်အမျိုးအစားများ ပေးပို့ရာတွင် ကူညီပေးတဲ့ File Transfer မှတဆင့် လုပ်ဆောင်နိုင်စွမ်းကို တိုးမြှင့်ပေးထားပါတယ်။ Multi-screen Connect မှတဆင့် ကိုယ့်ရဲ့ စမတ်ဖုန်းကို PC နှင့် ချိတ်ဆက်အသုံးပြုနေရင် PC ဖန်သားပြင်ပေါ်တွင်လည်း ဖုန်းထဲက App များစွာကို တစ်ပြိုင်နက် မြင်နေရမှာဖြစ်ပါတယ်။

OPPO မှ ဖန်တီးထားသော နည်းပညာဟာ သုံးစွဲသူရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ထိန်းသိမ်းရေးနှင့် လုံခြုံရေးကို တိုးမြှင့်ရာမှာ အလေးပေးထားပါတယ်။ စမတ်ဖုန်းတွင် ပါရှိသော  Auto Pixelate ကို တစ်ချက်နှိပ်ရုံဖြင့် Chat Screenshot ပုံများမှ ပရိုဖိုင်ဓာတ်ပုံများနှင့် နာမည်များကို ကြည့်လို့မရအောင် အလိုအလျောက် မှုန်ဝါးသွားစေနိုင်ပါတယ်။

လုံခြုံရေး အဆင့်ပိုမိုမြင့်မားစေရန် တွင်ကျယ်စွာ အသုံးပြုနေကြတဲ့ Advanced Encryption Standard (AES) ဖြင့် Private Safe အသစ်ကို ကုဒ်ဝှက်ကာ ထိန်းသိမ်းပေးထားပါတယ်။ Wi-Fi Feature အသုံးပြုသူများအနေနဲ့ ကိုယ့်ရဲ့ တည်နေရာအချက်အလက်ကို အတိအကျ မဖော်ပြဘဲ Wi-Fi ကို ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။

OPPO မှ ColorOS 13 Version ကို Find X5 နဲ့ Find X5 Pro တို့တွင် စတင်ထည့်သွင်းကာ ဖြန့်ချိသွားဖို့ စီစဥ်ထားပါတယ်။

ဒီလောက်ဆိုရင်တော့ OPPO မှ နောက်ဆုံးထွက်ရှိထားတဲ့ Version အသစ် OPPO ColorOS 13 မှာ ပါဝင်တဲ့ နောက်ဆုံးပေါ်နည်းပညာတွေ၊ Features အလန်းတွေ၊ နောက်ဆုံးပေါ် ဒီဇိုင်းအပြင်အဆင်တွေ၊ ခိုင်မာတဲ့လုံခြုံရေးစနစ်တွေကို သေချာလေးသိသွားပြီလို့ ယူဆပါတယ်။

 

 

⇐ Previous Next

Read 931 times