Entertainment

What Happened To The Wolf?

What Happened To The Wolf?

Hobnobben ရုပ်ရှင်ပွဲတော်ဆိုတာ အမေရိကန်ပြည်ထောင်စု Indiana ပြည်နယ်၊ Fort Wayne မြို့တွင် အောက်တိုဘာလမှာ လေးရက်တာ ကျင်းပပြုလုပ်သွားမယ့် ရုပ်ရှင်ပွဲတော်ဖြစ်ပါတယ်။

ထိုရုပ်ရှင်ပွဲတော်မှာ ဒါရိုက်တာဏကြီး ရိုက်ကူးထားပြီး မြန်မာပရိသတ် အခိုင်အမာရရှိထားတဲ့ မင်းသမီး အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့ အဓိကပါဝင်သရုပ်ဆောင်ထားသော "What Happened To The Wolf?" မြန်မာရုပ်ရှင်ဇာတ်ကားကို ရုပ်ရှင်ပွဲတော်နောက်ဆုံးရက်မှာ ပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။

Hobnobben ရုပ်ရှင်ပွဲတော်ကို‌ အောက်တိုဘာ (၁၃)၊ (၁၄)၊ (၁၅) နှင့် (၁၆) ရက်တို့တွင် ကျင်းပသွားမှာဖြစ်ပြီး "What Happened To The Wolf?" မြန်မာရုပ်ရှင်ဇာတ်ကားကိုတော့ Fort Wayne မြို့က Cinema Center အမည်ရှိ ရုပ်ရှင်ရုံမှာ အောက်တိုဘာ (၁၆) ရက်နေ့တွင် ပြသသွားမှာဖြစ်ပါတယ်။

"What Happened To The Wolf?" ဟာ မြန်မာနိုင်ငံမှာ ရုံတင်ပြသခွင့်မရခဲ့ပေမဲ့ နိုင်ငံတကာမှာတော့ ဆုတွေ ဆွတ်ခူးနိုင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ အချစ်တော်မင်းသမီး အိန္ဒြာကျော်ဇင်က Oldenburg International Film Festival မှာ ၂၀၂၁ ခုနှစ်ရဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့အပြင် Dili International Film Festival မှာလည်း BEST NARRATIVE FEATURE AWARD ကို ဒီဇာတ်ကားက ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

မကြာသေးခင် ဩဂုတ်လ လကုန်ပိုင်းလောက်က ကျင်းပပြုလုပ်ခဲ့တဲ့ Taiwan International Queer Film Festival မှာလည်း ဒီရုပ်ရှင်ဇာတ်ကားကို ထိုင်ပေမြို့ Ambassador Theatres @ Spring Center မှာ ပြသခဲ့ပါသေးတယ်။

ဒီမြန်မာဇာတ်လမ်းလေးဟာ အမျိုးသမီးနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ ဇာတ်ကားတစ်ခုဖြစ်လို့ တခြားမြန်မာဇာတ်ကားတွေရဲ့ ဇာတ်အိမ်တွေနဲ့ ကွဲထွက်ပြီး ထူးခြားနေပါတယ်။

ဒီဇာတ်ကားက ဆေးရုံတစ်ရုံမှာ အမျိုးသမီးနှစ်ဦးဟာ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့တာကနေ အစချီထားပါတယ်။ သူတို့ရဲ့ အမှတ်မထင် တွေဆုံမှုဟာ သေမင်းနေရာလို့ ထင်မှတ်ထားတဲ့ ဆေးရုံကြီးဟာလည်း သူတို့ရဲ့ ပျော်ရွှင်စရာနိဗ္ဗာန်ဘုံလေးတစ်ခု ဖြစ်လို့လာပါတယ်။

နောက်ပိုင်း သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုအပြောင်းအလဲတွေ ရှိလာမလဲဆိုတာကိုတော့ Cinema Center ရုပ်ရှင်ရုံမှာ အောက်တိုဘာ (၁၆) ရက်နေ့တွင် ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း Fort Wayne မြို့မှာနေထိုင်တဲ့ မြန်မာလူမျိုးတွေအတွက် သတင်းကောင်းပါးလိုက်ပါတယ်။

လက်မှတ်စျေးနှုန်း၊ လက်မှတ်ဝယ်ယူရန်နှင့် Hobnobben ရုပ်ရှင်ပွဲတော်အကြောင်းကို အသေးစိတ်သိချင်တယ်ဆိုရင်တော့ အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

 Hobnobben Film Festival - https://hobnobben.org/#box-office

Cinema Center - https://cinemacenter.org/

 

 

⇐ Previous Next

Read 1006 times