Entertainment

6 Books that Girls should Read

6 Books that Girls should Read

ဒီတစ်ပတ်ပိတ်ရက်မှာ ညီမငယ်လေးတွေအတွက် ရည်စူးပြီး စာအုပ်ကောင်း (၆) အုပ်ကို ရွေးချယ်ပေးထားပါတယ်။ မိန်းကလေးတွေ ငယ်ရွယ်စဉ်မှာ မှားတတ်တဲ့ အမှားတွေကို ပညာပေးသဘော ရေးသားထားတဲ့ ဒီစာအုပ်တွေက ကြည်နူးစရာကောင်းမှာ မဟုတ်ပေမဲ့ လက်တွေ့မှာ ဖြစ်တတ်တဲ့ အကြောင်းအရာတွေကို သဘာ၀ဆန်ဆန် ရေးသားထားတာကြောင့် ယူတတ်ရင် ပညာတွေ အများကြီး ရနိုင်မှာပါ။  

(၁) မိုးမိုး(အင်းလျား) - ပျောက်သောလမ်းမှာစမ်းတဝါး

ဒီစာအုပ်က ၁၉၇၄ ခုနှစ်၊ အမျိုးသားစာပေ (၀တ္ထုရှည်) ဆုရခဲ့ပြီး ရုရှားဘာသာ၊ ဂျပန်ဘာသာတို့ဖြင့် ပြန်ဆိုထုတ်ဝေခြင်းခံခဲ့ရပါတယ်။ ဒီစာအုပ်ထဲက ဇာတ်ကောင် မိန်းကလေးဟာ တက္ကသိုလ်ပြီးခါစ ဘ၀အတွက် အဆင့်သင့်မဖြစ်သေးတဲ့အချိန်မှာ စိတ်အလိုလိုက်ပြီး အိမ်ထောင်ပြုခဲ့ပါတယ်။ ချစ်သူဘဝမှာက အချစ်ကြောင်းတွေ ပြောပြီး ကြည်နူးရပေမယ့် အိမ်ထောင်သည်ဘ၀မှာ ဝမ်းရေးကိစ္စတွေ၊ ခင်ပွန်သည်ဘက်က ဆွေမျိုးတွေနဲ့ ပြသနာတတ်တာမျိုးတွေ၊ ဇနီးမောင်နှံနှစ်ယောက် ငှားရမ်းနေထိုင်တဲ့ အိမ်ကလေးမှာ ကြုံတွေ့ရတဲ့ လူမှုရေး ဖိစီးမှုတွေကို ရင်ဆိုင်ဖြတ်သန်းပုံကို ဖော်ကျူးထားပါတယ်။

(၂) မိုးမိုး(အင်းလျား) - ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား

ဆယ်ကျော်သက်ညီမလေးတွေ အချစ်ကို ကိုးကွယ်မိရင် ဘာဖြစ်တတ်လဲဆိုတာကို ဆရာမက သဘာ၀ဆန်ဆန်ရေးပြီး ပညာပေးထားပါတယ်။ ဒီစာအုပ်ထဲမှာ ဆယ်တန်းအောင်ကာစ ကောင်မလေးတစ်ယောက်က အချစ်ကို စတွေ့ပြီး ကိုးကွယ်မိလို့ ဘဝအခက်ခဲတွေ ရင်ဆိုင်ရပုံကို ရေးထားတာပါ။ ဒီကောင်မလေးချစ်မိသွားတဲ့ ကောင်လေးဟာ ခပ်ဆိုးဆိုး ကောင်လေးတစ်ယောက်ပါ။ ကောင်မလေးက ချမ်းသာတဲ့ မိသားစုအသိုင်းအဝိုင်းကပေမဲ့ အချစ်ကို ကိုးကွယ်မိပြီး ချစ်သူနောက်ကို လိုက်ခဲ့တယ်။ အိမ်ထောင်သည်ဘ၀မှာ သူမ တစ်ခါမှ မကြုံခဲ့ရဖူးတဲ့ ဘဝအခက်ခဲတွေ၊ ထင်မထားတဲ့ အတွေ့အကြုံတွေ ရင်ဆိုင်ရပါတော့တယ်။   

(၃) ပုညခင်- အထက်တန်းစား ရေ

ဒီထဲက ဇာတ်ကောင်အမျိုးသမီးလေးက တကယ်ကို ရဲရင့်ပြီး တော်တဲ့သူဖြစ်ပါတယ်။ မိဘရှိပေမယ့် အခြေအနေတစ်ခုကြောင့် မိဘမဲ့ ဘဝနဲ့ ရှင်သန်ခဲ့ရတဲ့ သူပါ။ လောဘသားတစ်ယောက်ရဲ့ ပယောဂကြောင့် ဆယ်ကျော်သက်အရွယ်မှာ မုဒိမ်းကျင့်ခံခဲ့ရပါတယ်။ ဒါပေမယ့် သူမက ဘဝကို လုံ၀ အရှုံးမပေးဘဲ ပြန်လည်ရပ်တည်နိုင်အောင် ကြိုးစားနိုင်ခဲ့တဲ့အတွက် အရွယ်တစ်ခုရောက်လာတဲ့အခါမှာ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်နိုင်တဲ့ မိန်းကလေးဖြစ်လာခဲ့ပါတယ်။ ဘ၀ဆိုတာ ကိုယ်က မဖျက်ရင် မပျက်ဘူးဆိုတာကို ဒီစာအုပ်က သတိပေးနေသလိုပါပဲ။ 

Advertisement

Click Here > Myanmar Ranpu

(၄) Dr.မြတ်သန့် - လင်ကောင်းမရသောမိန်းမများအကြောင်း

လူတစ်ယောက်မှာ လက်တွဲဖေါ်ကောင်း ရတယ်ဆိုတာ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် တော်တော် ကုသိုလ်ကံကောင်းတဲ့ ကိစ္စပါ။ စာအုပ်ထဲက တချို့အမျိုးသမီးလေးတွေဆို လင်ကောင်းမရဘူး ဆိုတာထက် လင်ကို မရခဲ့ကြတာပါ။ ချစ်သူကို ယုံကြည်လို့ ဘဝအပ်ခဲ့ပြီးမှ တာဝန်မယူလို့ လမ်းပျောက်နေတဲ့ အမျိုးသမီးတွေရဲ့ ဘ၀ဟာ ဘယ်လောက်တောင် ပင်ပန်းဆင်းရဲလဲ ဆိုတဲ့ အကြောင်းအရာတွေကို ဗဟုသုတအနေနဲ့ ဖတ်ကြည့်ပါ။ 

(၅) ဂျာနယ်ကျော်မမလေး - သူမ

“သူမ” ဆိုတဲ့ စာအုပ်က ဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့ အစောဆုံး လက်ရာစာအုပ်တွေထဲက တစ်အုပ်ဖြစ်ပါတယ်။ ဂျပန်ခေတ်မှာ ရေးသားထုတ်ဝေခဲ့ပြီး ဂျပန်ခေတ် စာပေလောကမှာ တော်တော်လေးလည်း နာမည်ကြီး ချီးကျူးခံခဲ့ရတဲ့ စာအုပ်ပါ။

စာအုပ်ထဲမှာ ဂျပန်ခေတ် စစ်အုပ်ချုပ်ရေးအတွင်း ဖြတ်သန်းခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ပုံဖော်ထားတာဖြစ်ပါတယ်။ မိန်းမဖြစ်တာကြောင့် စိတ်အားမငယ်ဖို့၊ ကိုယ်စွမ်းကိုယ်စတွေကို ထုတ်ဖော်ပြသဖို့၊ အမျိုးသားတွေနည်းတူ အကျပ်အတည်း၊ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း ရှိပုံတို့ကို ဆရာမက ပီပြင်စွာ ရေးသားထားပါတယ်။

(၆) ခင်ခင်ထူး - ဆံရစ်ဝိုင်း၀တ္ထုတိုများ

စာရေးဆရာမကြီး ခင်ခင်ထူးရဲ့ နာမည်ကျော်စာအုပ်တစ်အုပ်ဖြစ်တဲ့ ဆံရစ်ဝိုင်း ဝတ္ထုတိုများ စာအုပ်ဟာလည်း မိန်းကလေးတွေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါပဲ။  စာအုပ်ထဲမှာ ဝတ္ထုတို (၁၈) ပုဒ် ပါဝင်ပါတယ်။ ပညာပေးဝတ္ထုတိုကောင်းလေးတွေအပြင် ဆရာမရဲ့ အရေးအသားကောင်းမှု၊ စိတ်ဝင်စားဖွယ်ဇာတ်အိမ်တွေကို ဖတ်ရှုရမယ့် စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။

အခုရွေးချယ်ပေးခဲ့တဲ့ စာအုပ်တွေက မိန်းကလေးတွေ ငယ်ရွယ်တဲ့အချိန်မှာ စိတ်ကစားပြီး မမှားသင့်တာတွေ မမှားရအောင်၊ ဘဝမှာ ဘယ်လိုနေထိုင်ရမယ်၊ ဘာတွေ ကြုံတွေ့နိုင်တယ်ဆိုတာတွေကို ပြောပြလမ်းညွှန်ပေးသွားမယ့် စာအုပ်ကောင်းလေးတွေပဲ ဖြစ်ပါတယ်။  

⇐ Previous Next

Read 1265 times