Entertainment

8 Best Libraries In Yangon

8 Best Libraries In Yangon

အိမ်မှာ မီးပျက်၊ ချွေးထွက်လို့ စာလုပ်ဖို့ ပျင်းနေတယ်ဆိုတဲ့ သူတွေအတွက်၊ အပြင်မှာ အေးအေးဆေးဆေး  တိတ်တိတ်ဆိတ်ဆိတ် စာဖတ်ရင်း အပန်းဖြေချင်သူတွေအတွက် ဝိုင်ဖိုင်လည်းရ၊ တိတ်ဆိတ်မှုလည်းရှိတဲ့ ရန်ကုန်မြို့က စာကြည့်တိုက် (၈) ခုကို မျှဝေပေးလိုက်ပါတယ်။

၁။ Goethe Institut Myanmar

အေးအေးလူလူ စာလုပ်လို့ရအောင် အဲယားကွန်း အမြဲ ဖွင့်ထားပေးပါတယ်။ စာလုပ်ဖို့ ခုံတွေလည်း ရှိပါတယ်။ ကွန်ပြူတာတွေလည်း သုံးစွဲဖို့ ခွင့်ပေးထားပါတယ်။ မန်ဘာမဖြစ်လည်း ဒီအတိုင်း ဝင်သုံးခွင့် ရှိပါတယ်။ မန်ဘာဖြစ်သွားရင်တော့ ဝိုင်ဖိုင် သုံးလို့ရပါမယ်။ စာကြည့်တိုက် အောက်ထပ်က PS4 ဆော့လို့ ရပါမယ်။ 

Goethe မှာ ပွဲတွေကတော့ အများကြီးလုပ်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သတ်တာတွေ၊ အနုပညာနဲ့ ပတ်သက်တာတွေကို Goethe က နေရာစပွန်ဆာပေးပြီးတော့ကို စီစဥ်ပေးတာပါ။ ဂျာမန်ဘာသာစကားလေ့လာနေတဲ့သူတွေအတွက် ဂျာမနီစာအုပ်တွေ စုံစုံလင်လင်ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။

မန်ဘာလုပ်မယ်ဆိုရင်တော့ တစ်နှစ်စာကို ၁၀,၀၀၀ ကျပ် ပေးရပြီး မှတ်ပုံတင် လိုပါတယ်။ နေရာကတော့ ရေခဲဆိုင် မှတ်တိုင်ရှေ့၊ ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်မှာ ဖြစ်ပြီး စနေ၊ တနင်္ဂနွေကလွဲ ကျန်ရက်တွေမှာ မနက် ၉ နာရီကနေ ည ၅ နာရီခွဲအထိ ဖွင့်ပါတယ်။

၂။ British Council

British Council အဆောက်အဦးထဲ ဝင်မယ်ဆိုရင် အသင်းဝင်မန်ဘာကတ် (သို့) မှတ်ပုံတင် (သို့) ပတ်စ်ပို့ ယူဆောင်သွားရပါမယ်။ BC ရဲ့ မန်ဘာဝင်ကြေးကတော့ တစ်နှစ်စာကို ၄၀,၀၀၀ ကျပ် ဖြစ်ပါတယ်။ စာကြည့်တိုက်မှာ လူကိုယ်တိုင် သွားရောက် မန်ဘာဝင်နိုင်သလို အွန်လိုင်းကနေလည်း ဖောင်ဖြည့်၊ AYA PAY (သို့) AYA BANK ကနေ ငွေသွင်းပြီး မန်ဘာဝင်နိုင်ပါတယ်။

BC စာကြည့်တိုက်ကတော့ အထူးသဖြင့် IELTS လေ့လာနေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် IELTS Self Practice/ Self Study Books တွေ မြောက်များစွာ ရှိတာမို့ အရမ်းကို အထောက်အကူ ပြုပါတယ်။ IGCSE အတွက် လေ့လာဖို့ စာအုပ်တွေ၊ လုပ်ငန်းခွင်ဆိုင်ရာ တိုးတက်မှုအတွက် လေ့လာနိုင်တဲ့ စာအုပ်တွေ၊ ကလေးတွေအကြိုက် English Story Books တွေ အစုံအလင်ရှိပါတယ်။

နေရာကတော့ အမှတ်(၇၈)၊ ကမ်းနားလမ်း၊ ကျောက်တံတားမြို့နယ်မှာ ဖြစ်ပြီး တနင်္လာကနေ သောကြာနေ့အထိ၊ မနက် ၈ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ ဖွင့်ပါတယ်။

၃။ China Cultural Center Yangon

ဒီစာကြည့်တိုက်က ခုံတွေ၊ နေရာအပြင်အဆင်တွေက တရုတ်ရိုးရာ အငွေ့အသက်ကို ထင်ဟပ်နေပါတယ်။ စင်တာတွင် ပြခန်းမ၊ ဘက်စုံသုံးခန်းမ၊ စာကြည့်တိုက်နဲ့  စာသင်ခန်းတွေ ရှိပါတယ်။ တရုတ်စာအုပ်တွေ စုံစုံလင်လင် ရှိလို့ တရုတ်ဘာသာစကားနဲ့ ယဥ်ကျေးမှုအကြောင်း လေ့လာနေသူတွေအတွက် အဆင်ပြေမယ့် နေရာလေးပါ။ 

ဒီစာကြည့်တိုက်မှာ မန်ဘာဝင်ချင်ရင် ပိုက်ဆံမလိုပါဘူး၊ မှတ်ပုံတင် တစ်ခုပဲ လိုပါတယ်။ စာကြည့်တိုက်အပြင် ဝူရူသိုင်းသင်တန်း၊ တရုတ်စာလက်ရေးလှသင်တန်း၊ တရုတ်တိုင်းရင်းဆေးပညာသင်တန်းနဲ့ ယူနန်ဟင်းလျာ အချက်အပြုတ်သင်တန်းတို့ကို ဖွင့်လှစ်ပေးလျက်ရှိပါတယ်။

နေရာကတော့ အမှတ်(၃၉)၊ အလုံ City Mart ပထမထပ်၊ အလုံမြို့နယ်မှာ တည်ရှိပြီး အင်္ဂါကနေ တနင်္ဂနွေနေ့အထိ၊ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်ပါတယ်။

၄။ The Japan Foundation

ဒီစာကြည်တိုက်ကတော့ အင်္ဂါ၊ ကြာသပတေး၊ စနေ သုံးရက်ပဲ ဖွင့်ပါတယ်။ မန်ဘာဝင်တာ၊ မန်ဘာကြေးပေးရတာမျိုးတွေတော့ မရှိပါဘူး။ ဂျပန်စာ လေ့လာနေသူတွေအတွက် ဂျပန်စာအုပ် စုံစုံလင်လင် ရှိတဲ့နေရာမို့ အဆင်ပြေမှာပါ။ MANGA ကာတွန်းစာအုပ်တွေ၊ Anime နဲ့ Cosplay မဂ္ဂဇင်းတွေ၊ ဂျပန်ယဥ်ကျေးမှု၊ သမိုင်း၊ ဘာသာစကားနဲ့ ပတ်သတ်တဲ့ စာအုပ်တွေလည်း ရှိပါတယ်။ 

စန္ဒယားသံငြိမ့်ငြိမ့်လေးနဲ့ အေးအေးဆေးဆေး စာဖတ်လို့ ကောင်းတဲ့ နေရာလေးပါ။ စနေ့နေ့ကတော့ ပိတ်ရက်မို့ လူနည်းနည်း များပါတယ်။ ကြားရက်တွေဆို လူလည်းရှင်းပြီး  အဲယားကွန်းအေးအေးလေးနဲ့ စာလုပ်လို့ရပါတယ်။

၅။ Tun Foundation Library

English စာအုပ်တွေ၊ ဘာသာပြန်စာအုပ်​တွေ အမျိုးအစားပေါင်းစုံကို ရှာဖတ်ချင်သူတွေအတွက်တော့ ဒီစာကြည့်တိုက်က နိဗ္ဗာန်ပါပဲ။ အဲယားကွန်းနဲ့ တစ်ယောက်ထိုင် စားပွဲလေးတွေနဲ့ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် စာဖတ်လို့ ရပါတယ်။ 

စာအုပ်စင်တွေကလည်း သပ်သပ်ရပ်ရပ်နဲ့ စာအုပ်အမျိုးအစား အစုံအလင်ကို သူ့ကဏ္ဍအလိုက်သူ သေသေချာချောလေး စီထားပေးလို့ စာအုပ်ရှာရတာ လွယ်တာပေါ့။

ဒီစာကြည့်တိုက်မှာ မန်ဘာဝင်မယ်ဆိုရင်တော့ တစ်သက်စာကြေး ၅,၀၀၀ ကျပ်၊ ပတ်စ်ပို့အရွယ် ဓာတ်ပုံတစ်ပုံနဲ့ မှတ်ပုံတင်မိတ္တူပဲ လိုပါတယ်။ စာကြည့်တိုက်က တနင်္ဂနွေနဲ့ တနင်္လာနေ့မှာ ပိတ်ပြီး ကျန်ရက်တွေကတော့ မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ဖွင့်ပါတယ်။ နေရာလေးကတော့ Catholic Church ၀င်ပေါက်ရဲ့ မျက်စောင်းထိုး၊ ဗိုလ်အောင်ကျော်လမ်း၊ ဗိုလ်တထောင်မြို့နယ်မှာ တည်ရှိပါတယ်။

၆။ American Center Yangon

ACY က စာကြည့်တိုက် အသင်းဝင်ကြေးမှာ တစ်နှစ်လုံးနေလို့ ၅,၀၀၀ ကျပ်ထဲကိုမှ ကွန်ပျူတာ၊ အိုင်ပက်၊ ခရုမ်းဘွတ်ခ်စတဲ့ Digital Products အစုံ သုံးလို့ရပါတယ်။ နေ့လည် ၁၂ နာရီဆိုတာနဲ့ အဆာပြေမုန့်လည်း ကျွေးပါတယ်။ Laptop ယူသွားလို့ မရပါဘူး။ စာကြည့်တိုက်မှာ ရှိတာပဲ သုံးရမှာပါ။

စာကြည်တိုက်ဝင်ခွင့် လူဦးရေကန့်သတ်ထားလို့  မန်ဘာမဖြစ်သေးသူများက ACY Facebook Page မှာ ကြိုတင်စာရင်းပေးသွင်းပြီးမှ သွားလို့ ရပါမယ်။ မန်ဘာဝင်ချင်ရင် မှတ်ပုံတင်မိတ္တူပေးပြီး ဖောင်ဖြည့်၊ ကောင်တာမှာ ဓာတ်ပုံရိုက်၊ ၅,၀၀၀ သွင်းလိုက်ရင် မန်ဘာကတ်ရပါပြီ။

လိပ်စာကတော့ တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်ယားလမ်းထောင့်၊ ကမာရွတ်မြို့နယ် ဖြစ်ပါတယ်။ အင်္ဂါ၊ ကြာသာပတေး၊ စနေ နေ့တိုင်း မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ဖွင့်ပါတယ်။

၇။ Institut Francais De Birmanie

ပြင်သစ်ယဉ်ကျေးမှု စာကြည့်တိုက်ကတော့ အမှတ် - ၃၄၀၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်မှာ တည်ရှိပါတယ်။ မီးပျက်ချိန်မှာ မီးစက်ကို အချိန်ပြည့် မောင်းပေးပြီး ဝိုင်ဖိုင်လည်း သုံးလို့ရအောင် စီစဉ်ပေးထားပါတယ်။ PS 5 ဂိမ်း​တွေ ဆင်​ပေးထားပြီး VR စက်​​တွေလည်း တပ်ဆင်ပေးထားပါတယ်။ "Culturetheque" လို့ခေါ်တဲ့ E-library တစ်ခုရှိပြီး Microfolie Digital Museum လည်း ရှိပါတယ်။

ပြင်သစ်စာ လေ့လာနေတဲ့သူတွေအတွက်တော့ အထောက်အကူပြုမယ့် စာကြည့်တိုက်လေးပါ။ ဒါ့အပြင် ယဉ်ကျေးမှုပွဲတွေ၊ စကားဝိုင်းတွေ၊ ဂီတပွဲတွေနဲ့ တခြား Activities တွေလည်း စီစဉ်ပေးနေကျ ဖြစ်ပါတယ်။ စာကြည့်တိုက်အပြင် ပြင်သစ်ဘာသာစကားသင်တန်းတွေလည်း ဖွင့်လှစ်ထားပါတယ်။ 

စာကြည့်တိုက် အသင်းဝင်ချင်တယ်ဆိုရင်တော့ ဓါတ်ပုံ (၂) ပုံနဲ့ မှတ်ပုံတင် ယူ​ဆောင်သွားရပါမယ်။ စာကြည့်တိုက်ရောက်မှ ပုံစံဖောင် ဖြည့်စွက်ရပါမယ်။ အသင်းဝင်​ကြေးက Services နဲ့ Facilities အကုန်ပါပြီး ၁ နှစ်စာကိုမှ ၁၃ နှစ်​အောက်ဆို ၅,၀၀၀ ကျပ်ဖြစ်ပြီး လူကြီး ၁၀,၀၀၀ ကျပ်ဖြစ်ပါတယ်။ စာကြည့်တိုက်က အင်္ဂါ​နေ့က​နေ စ​နေနေ့အထိ မနက်ကို ၉ နာရီက​နေ ၁၂ နာရီခွဲ၊ နေ့ခင်းကို ၂ နာရီက​နေ ၅ နာရီခွဲအထိ ဖွင့်​ပါတယ်။

၈။ National Library Yangon

အမျိုးသားစာကြည့်တိုက် အဆောက်အဦးက (၃) လွှာရှိပြီး ပထမလွှာက Digital Room၊ ဒုတိယလွှာက စာဖတ်ခန်း၊ တတိယလွှာက ကလေးပုံပြင်ပြောခန်း ဖြစ်ပါတယ်။

နေရာအကျယ်ကြီးနဲ့ စာအုပ်တွေ အများကြီးထဲက ရွေးပြီး ဖတ်ချင်သူတွေဆို ဒီနေရာလေးက အဆင်ပြေပါတယ်။ စာအုပ်အမျိုးအစားလည်း တော်တော်လေး စုံပါတယ်။ လူနည်းနည်း‌လေး များပေမယ့် တိတ်ဆိတ်ပါတယ်။ အဲ့ကို သွားရင် မှတ်ပုံတင် ယူသွားပါ။ စာကြည့်တိုက်မှာ အပ်ခဲ့ပြီး Visitor ကတ်နဲ့ အထဲကို ၀င်ရမှာပါ။

လိပ်စာကတော့ အမှတ် - ၆၀၇/၆၀၈၊ ၃၂ လမ်းနဲ့ ကုန်သည်လမ်း အဆုံထောင့်မှာ ဖြစ်ပြီး အင်္ဂါနေ့ကနေ စနေနေ့အထိ၊ မနက် ၉ နာရီကနေ ညနေ ၄ နာရီခွဲအထိ ဖွင့်ပါတယ်။

Source - Conceptains

⇐ Previous Next

Read 8947 times