Best Domestic Travel

Cherry in Loi Mwe

Cherry in Loi Mwe

ချယ်ရီပန်းပွဲတော် ၂၀၂၃ ကို လာမည့် ဇန်နဝါရီ (၁၉) ရက်မှ (၂၃) ရက်နေ့အထိ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ လွိုင်မွေတောင်စခန်း စတုရဋ္ဌသုမင်္ဂလာ စေတီတော်အနီး ချယ်ရီပင်တန်းတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ကျိုင်းတုံ) ရုံးမှ သိရသည်။

 

ချယ်ရီပန်းပွဲတော်ကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ချယ်ရီပန်းများ ရေရှည် ထိန်းသိမ်း စောင့်ရှောက်နိုင်စေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက် လည်ပတ်နိုင်စေရေးအတွက် ခရီးသွားလုပ်ငန်းများကိုလည်း မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်သည်။

 

ပွဲတော်ကာလ (၅) ရက်အတွင်း နံနက် (၉) နာရီမှ (၁၁) နာရီအထိ မည်သူမဆို လာရောက်လေ့လာနိုင်ပြီး ဒေသထွက်အမှတ်တရ ရိုးရာပစ္စည်း အရောင်းဆိုင်များ၊ ဒေသထွက်ဝိုင်များ၊ အစားအစာများ ရောင်းချပေးခြင်းနှင့် ဒေသထွက်ကုန်များ၊ လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော် စသည့် အကြောင်းအရာကို ပြခန်းများဖြင့် ပြသ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ ဂုံရှမ်း၊ အာခါ၊ လားဟူ၊ ‘ဝ’၊ လီဆူ၊ လွယ်၊ အားခေ အမျိုးသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများလည်း ပါဝင်သည်။

 

r/myanmar - cherry blooming festival Keng Tung, Shan State.

 

ပန်းပွဲတော်အပြင် လွိုင်မွေဒေသ၌ အထင်ကရ လွိုင်မွေရေကန်၊ နှစ်တစ်ရာစံအိမ် စသည့် အမှတ်တရ ဓာတ်ပုံရိုက်ကူးသည့် နေရာများစွာ ရှိသည့်အတွက် ဆောင်းရာသီကာလ ချယ်ရီပန်းပွင့်ချိန်တွင် နှစ်စဉ် လာရောက် လည်ပတ်သူများဖြင့် စည်ကားလျက် ရှိသည်။

 

လွိုင်မွေတွင် ကျင်းပမည့် ၂၀၂၃ ချယ်ရီပန်းပွဲတော်သည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၂၂ တွင်လည်း ကျင်းပခဲ့ကာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြခဲ့သည်။

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသ၌ နှစ်စဉ် ဆောင်းရာသီကာလအတွင်း တစ်လကြာ ချယ်ရီပန်းများ ပွင့်သည့်အတွက် လွိုင်မွေဒေသရှိ ပွဲတော်ကျင်းပနိုင်ရေး ဦးစီးကော်မတီမှ ချယ်ရီပန်းပွဲတော်ကို နှစ်စဉ် ဇန်နဝါရီလတွင် ရက်သတ်မှတ်၍ ကျင်းပနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

လွိုင်မွေတောင်စခန်းသည် ပင်လယ်ရေမျက်နှာပြင်အထက်သည် ပေ ၅၅၄၂ တွင် တည်ရှိပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ချယ်ရီပန်း အများဆုံး ပွင့်သောနေရာလည်း ဖြစ်သည်။ နိုင်ငံ နေရာအနှံ့အပြား၌ ချယ်ရီပန်းများ ပွင့်ကြသော်လည်း လွိုင်မွေ ချယ်ရီပန်းများ ဒေသလောက် မပွင့်ပဲ အနည်းငယ် ရှားပါးသည်။ 

 

Source : MDN

⇐ Previous Next

Read 1022 times