Travel

Top 10 Places In Mandalay

Top 10 Places In Mandalay

မန္တလေးမြို့ဆိုတာ ပုဂံလိုပဲ မြန်မာနိုင်ငံရဲ့  ယဉ်ကျေးမှု အမွေအနှစ် နယ်မြေဖြစ်ပါတယ်။ မန္တလေးမြို့ဟာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ကုန်းဘောင်မင်းဆက်တွေရဲ့ ရတနာပုံမင်းနေပြည်တော်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့လက်မှုပညာတွေဖြစ်တဲ့ လက်ခတ်ရွှေဆိုင်းလုပ်ငန်း၊ ငွေထည်လုပ်ငန်း၊ ပန်းပုလုပ်ငန်း၊ ကျောက်ဆစ်လုပ်ငန်း၊ ယက်ကန်းလုပ်ငန်းနှင့် ရွှေချည်ထိုးလုပ်ငန်းတွေကြောင့် နာမည်ကျော်ပြီး ကမ္ဘာက စိတ်ဝင်စားနေတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

သင်လည်း ဒီလို စိတ်ဝင်စားစရာတွေ ပြည့်နှက်နေတဲ့ မန္တလေးမြို့ကို ရောက်ဖြစ်ခဲ့ရင် ဒီနေရာ (၁၀) ခုကိုတော့ မဖြစ်မနေ သွားရောက်လည်ပတ်သင့်ပါတယ်။

(၁) မန္တလေးတောင်

မန္တလေးမြို့ကို လည်ပတ်တော့မယ်ဆိုရင် ပထမဆုံး လည်ပတ်သင့်တဲ့ နေရာကတော့ မန္တလေးတောင်ပဲ ဖြစ်ပါတယ်။ မန္တလေးတောင်ဟာ မန္တလေးမြို့ရဲ့ အရှေ့မြောက်ဖက်မှာ ရှိပါတယ်။ ၂၄၀ မီတာ မြင့်ပြီးတော့ မြန်မာနိုင်ငံ​ရဲ့ ဒုတိယ အမြင့်ဆုံးတောင်ဖြစ်တဲ့ မန္တလေးတောင်မှာ လှေကားထစ်ပေါင်း (၁၇၂၉) ထစ် ရှိပါတယ်။

ဒီတောင်ကို အကြောင်းပြုပြီးတော့ မန္တလေးမြို့လို့ နာမည်တွင်လာခဲ့တာ ဖြစ်တယ်လို့ လူအများက ဆိုကြပါတယ်။ မန္တလေးတောင်ပေါ်မှာဆိုရင်တော့ စေတီပုထိုးပေါင်းများစွာရှိပြီး မန္တလေးမြို့ရဲ့ ရှုခင်းတွေကို မြင်နိုင်မှာဖြစ်သလို ဧရာဝတီမြစ်အလှကိုလည်း ငေးမောနိုင်ပါလိမ့်မယ်။

(၂) မဟာမုနိဘုရား

မန္တလေး မဟာမုနိဘုရားကို မဟာမြတ်မုနိဟူ၍ လည်းကောင်း၊ ဘုရားကြီးဟူ၍ လည်းကောင်း၊ ရခိုင်ဘုရားကြီးဟူ၍ လည်းကောင်း အမျိုးမျိုးခေါ်ကြပါတယ်။ 

ဓညဝတီ (ခေါ်) ရခိုင်မင်းနေပြည်တော်မှာ ရခိုင်ဘုရင်အဆက်ဆက်တို့ ကိုးကွယ်ခဲ့တဲ့ မဟာမုနိ ရုပ်ပွားတော်မြတ်သည် ရခိုင်ဘုရင် စန္ဒသူရိယမင်းကြီးလက်ထက် ဂေါတမမြတ်စွာဘုရား ကိုယ်တော်တိုင် တည်ထားတော်မူတဲ့ ရခိုင်ပြည်ရဲ့  ကျက်သရေဆောင် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်ပါသည်။

ဒါပေမဲ့ မသမာသူတွေက ကုန်းချောစစ်ပန်ခဲ့လို့ အမရပူရဘုရင် ဘိုးတော်ဘုရား (ဗဒုံမင်း) က ၁၇၈၄ ခုနှစ်၊ တန်ဆာင်မုန်းလတွင် ရခိုင်ပြည်ကို စစ်ချီသိမ်းပိုက်ခဲ့ရာ ဘုရားကို အမရပူရသို့ ပင့်ဆောင်လာခဲ့ခြင်းဖြစ်ပါတယ်။

(၃) ကျောက်ဆစ်တန်း

မဟာမုနိဘုရားဖူးပြီးတဲ့အခါ တစ်ဆက်တည်း ကျောက်ဆစ်တန်းကိုပါ သွားရောက်လည်ပတ် ကြည့်ရှုသင့်ပါတယ်။ မဟာမုနိဘုရားကြီး အနောက်ဘက်မုခ်နှင့် မန္တလေး - စစ်ကိုင်း ကားလမ်းဘေး ဝဲယာတစ်လျှောက်သည် ကျောက်ဆစ်တန်း ဖြစ်ပါတယ်။

မင်းတုန်းမင်း ရတနာပုံမြို့ တည်စဉ်ကတည်းက ကျောက်ဆစ် (ပန်းတမော့) ပညာရှင်များကို နေရာချထားပေးခဲ့တဲ့ အရပ်ဖြစ်ပါတယ်။ ကျောက်ဆစ်တန်းမှာ အဓိက ထုဆစ်ပြုလုပ်ကြတာကတော့  ကျောက်ဆင်းတု၊ မြတ်စွာဘုရားဆင်းတုတော် (ဉာဏ်တော်) အရွယ်အမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုးတို့ ဖြစ်ကြပါတယ်။

(၄) မန္တလေးကျုံးနှင့် မြနန်းစံကျော် ရွှေနန်းတော်

မန္တလေးမြို့ရောက် ပြည်တွင်းခရီးသွား ဧည့်သည်များက မြန်မာနိုင်ငံတွင် ရှေးခေတ်က ကိုယ့်ထီးကိုယ့်နန်းနဲ့ နေထိုင်အုပ်ချုပ်ခဲ့ပုံကို မြနန်းစံကျော် ရွှေနန်းတော်ကြီးရဲ့ နောက်ခံသမိုင်းအကြောင်း လေ့လာကာ လွမ်းဆွတ်ခံစားကြပါတယ်။

နန်းတော်ပုံစံဟာ ယခင်နန်းတော်ဟောင်းများအတိုင်းဖြစ်ပြီး ကျုံးမြို့ရိုးတို့က ဝန်းရံထားပါတယ်။  မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် တည်ရှိသော မန္တလေးကျုံးကို သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်ကယ်ရီတို့နဲ့ သွားရောက်လေ့လာနိုင်ပြီး မနက်ပိုင်းသွားပါက နန်းတော်တွင်းကိုပါ လည်ပတ်ကြည့်ရှုနိုင်ပါတယ်။

ကျုံးမြို့ရိုးနဲ့တကွ မြနန်းစံကျော် ရွှေနန်းတော်ကြီးက နိုင်ငံတကာခရီးသွား ဧည့်သည်များနဲ့ ပြည်တွင်း ဘုရားဖူးများအတွက် စိတ်ဝင်စားဖွယ်ရာ လေ့လာစရာနေရာတစ်ခုအဖြစ် တည်ရှိနေပါတယ်။

(၅) ကုသိုလ်တော်ဘုရား

မန္တလေးတောင်ခြေမှာရှိတဲ့ ကုသိုလ်တော်ဘုရားကို များပြားလှတဲ့ ကျောက်စာချပ်ရေတွေကြောင့် ကမ္ဘာ့အကြီးဆုံးစာအုပ်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကုသိုလ်တော်ဘုရားကို မင်းတုန်းမင်းတရားမှ တည်ထားကိုးကွယ်ခဲ့တာဖြစ်ပြီး ဘွဲ့အမည်ကို မဟာလောကမာရဇိန်ဟု အမည်တွင်စေခဲ့ပါတယ်။

မင်းတုန်းမင်းသည် ပိဋကတ် ကျောက်စာချပ်များကို ကုသိုလ်တော်စေတီရဲ့ ပထမ၊ ဒုတိယ၊ တတိယ တံတိုင်းများအတွင်း၌ ဂူစေတီများတည်၍ သွင်းနှံစိုက်ထူခဲ့လေရာ ကျောက်စာချပ်နှင့် စေတီ (၇၂၉) ဆူရှိပါတယ်။

• ဝိနည်း ၅ ကျမ်း၊ ကျောက်စာချပ်ရေ (၁၁၁) ချပ်

• အဘိဓမ္မာ ၇ ကျမ်း၊ ကျောက်စာချပ်ရေ (၂၀၈) ချပ်

• သုတ္တန်ပါဠိတော် ကျောက်စာချပ်ရေ (၄၁၀) ချပ်တို့ အသီးသီးရှိနေပြီး ကျောက်စာ တစ်ချပ်ချင်းစီတိုင်းကို စေတီတွေငုံရလို့ ကျောက်စာရုံစေတီ စုစုပေါင်း (၇၂၉) ဆူကို ထုလုပ်ဝန်းရံတည်ထားခဲ့ပါတယ်။ ဒီလို များပြားလှတဲ့ ကျောက်စာချပ်ရေတွေကို တင်စားပြီး ကမ္ဘာ့အကြီးဆုံးစာအုပ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။

(၆) ရွှေနန်းတော်ကျောင်း

ရွှေကျောင်းဟု လူသိများသော ရွှေနန်းတော်ကျောင်းသည် နှစ်ပေါင်း (၁၃၀) ကျော် သက်တမ်းရှိပြီး မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ ဒေါနဘွားရပ်ကွက်တွင် တည်ရှိပါတယ်။ အဝေးကကြည့်လိုက်ရင် နေရောင်ထဲမှာ ရေနံဝနေတဲ့ မှိုင်းညို့ညို့ ရွှေကျောင်းတော်ကြီးဟာ ထည်ဝါစွာ တည်ရှိနေပါတယ်။

မြနန်းစံကျော်ရွှေနန်းတော်ရှိ မင်းတုန်းမင်း စံမြန်းရာ နန်းဆောင်တစ်ဆောင်ကို သားတော် သီပေါမင်းက ဖခင် မင်းတုန်းမင်း နတ်ရွာစံတဲ့အခါ ထိုနန်းဆောင်ကို ဖြုတ်သိမ်းခဲ့ပြီး ဘုန်းကြီးကျောင်းအဖြစ် ပြောင်းလဲ ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။

(၁၉) ရာစု ကုန်းဘောင်ခေတ်က မြန်မာမှုဗိသုကာ လက်ရာများကို အစွမ်းကုန် အသုံးပြုထားပြီး ငွေဒင်္ဂါး တစ်သိန်းနှစ်သောင်းကျပ် ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ နန်းတော်မှ ပြောင်းလဲလာခဲ့တဲ့ ကျောင်းဖြစ်၍ ရွှေနန်းတော်ကျောင်းဟု အမည်ပေးခဲ့သော်လည်း ကျောင်းတော်အတွင်းတခုလုံးကို ရွှေပိန်းချထားတဲ့အတွက် ရွှေကျောင်းဟု လူသိများလာပါတယ်။

(၇) တောင်သမန်အင်းနှင့် ဦးပိန်တံတား

တောင်သမန်အင်းသည် အမရပူရမြို့ အရှေ့ဘက်ရှိ အလွန်ထင်ရှားသော အင်းကြီးတစ်ခုဖြစ်ပါတယ်။ ထိုအင်းကြီးကို ဖြတ်ဆောက်ထားတဲ့ ဦးပိန်တံတားမှာ အလွန်ထူးခြားလှပသော သစ်လုံးတံတားဖြစ်ပါတယ်။ ဦးပိန်တံတားသည် ၁.၂ ကီလိုမီတာ (၀.၇၅ မိုင်) ရှည်လျားသော ကမ္ဘာပေါ်တွင် အရှည်ဆုံး ကျွန်းသစ်လုံး တံတားဖြစ်ပါတယ်။

တောင်သမန်အင်းနှင့် ဦးပိန်တံတားကို မိုးရာသီတွင် ရေတိုးချိန်အလှ၊ ဆောင်းတွင်းပိုင်း ကိုတံငါတို့ ငါးဖမ်းချိန် လှေငယ်များနှင့်အလှ၊ နွေဦးနှင့် နွေရာသီ၌ ဦးပိန်တံတားနှင့် အနီးတွင် ရေမရှိဘဲ စိုက်ခင်းစိမ်းစိမ်းများဖြင့် လှပသော ရှုခင်းအလှများဖြင့် သုံးရာသီအလှအဖြစ် တင်စားခဲ့ကြပါတယ်။

(၈) ကျောက်တော်ကြီးဘုရား

'မဟာစကျင်ကျောက်တော်' ဟု အဓိပ္ပာယ်ရတဲ့ ဒီဘုရားကို ပုဂံဒေသက အာနန္ဒာဘုရားပုံစံ နမူနာယူပြီး ၁၈၅၃ ခုနှစ်တွင် မင်းတုန်းမင်းကြီးက တည်ထားကိုးကွယ်ခဲ့တာဖြစ်ပါတယ်။

ဘုရားအတွင်းရှိ ထိုင်နေသည့် ဗုဒ္ဓရုပ်ပွားတော်ကြီးကို မတ္တရာမြို့မှ ရရှိသော အစိမ်းရောင်ဖျော့ဖျော့ စကျင်ကျောက်တုံးကြီးတစ်ခုတည်းဖြင့် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ ရုပ်တုကို ဧရာဝတီမြစ်မှ လက်ရှိနေရာသို့ ၁၃ ရက်ကြာအောင် အမျိုးသား ၁၀,၀၀၀ က သယ်ယူခဲ့ရကြောင်း သိရပါတယ်။

(၉) မင်းကွန်းပုထိုးတော်ကြီး

မင်းကွန်းပုထိုးတော်ကြီးကို အဝေးက လှမ်းကြည့်ရင်တောင် ပုထိုးတော်ကြီးရဲ့ ထုထည်ကြီးမားပုံကို ခံစားမိမယ်ထင်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းဒေသမှာရှိတဲ့ မင်းကွန်းပုထိုးတော်ကြီးနှင့် မင်းကွန်းခေါင်းလောင်းတို့မှာ အလွန်ထင်ရှားပါတယ်။

အမရပူရမြို့ကို တည်ထောင်ခဲ့သူ ဘိုးတော်ဘုရား (ဗဒုံမင်း) က မင်းကွန်းပုထိုးတော်ကြီးကို ၁၁၅၂ ခုနှစ်တွင် တည်ဆောက်ခဲ့ပါတယ်။ ဒါ့ပြင် ပုထိုးတော်ရဲ့ မြောက်ဘက်တွင်လည်း ပုထိုးတော်အတွက် မင်းကွန်းခေါင်းလောင်းကြီးကို သွန်းလုပ်လှူဒါန်းခဲ့ပါတယ်။

ခေါင်းလောင်းကြီးရဲ့ အလေးချိန်ကို  မင်းဖြူမှန်မှန်ပြောဟု ရေသားမှတ်သားထားပြီး ပိသာ ၅၅၅၅၅ ရှိပါတယ်။ မင်းကွန်းခေါင်းလောင်းကြီးသည် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ခေါင်းလောင်းကြီးဖြစ်ပါတယ်။

(၁၀) အတုမရှိကျောင်း

အတုမရှိကျောင်းတော်ကြီးလို့ လူသိများကြတဲ့ မဟာအတုလဝေယန်ကျောင်းတော်ကြီးသည် မင်းတုန်းမင်းတရားကြီးရဲ့ နောက်ဆုံးကုသိုလ်တော်ဖြစ်ပြီး ရွှေနန်းတောင်ကျောင်းရဲ့ ကပ်လျက်မှာ တည်ရှိပါတယ်။

မူလဘုန်းတော်ကြီးကျောင်းကို ကျွန်းသစ်များဖြင့် ဆောက်လုပ်ထားကာ အပြင်ပိုင်းကို အုတ်အင်္ဂတေများဖြင့် တန်ဆာဆင်ထားပြီး တမူထူးခြားသော လက်ရာအဖြစ် မြန်မာမူပြာသာဒ်ကို အဆင့်ဆင့် အချွန်းပုံစံ တက်သွားတာမျိုးမဟုတ်ဘဲ စတုရန်းပုံ လေးထောင့်စပ်စပ်ပုံစံ အဆင့်ဆင့် ငါးဆင့်တက်ကာ ဆောက်လုပ်ခဲ့ပါတယ်။

၁၈၉၀ ခုနှစ်တွင် မန္တလေးမြို့ မီးလောင်ကျွမ်းစဉ်က ကျောင်းဆောင်တစ်ခုလုံး မီးခခဲ့ရပြီး ပေ ၃၀ ဉာဏ်တော်အမြင့်ရှိသော မတ်တပ်ရုပ်ပွားတော်ကြီး ပျက်စီးခဲ့ရပါတယ်။ မီးလောင်ကျွမ်းခဲ့စဉ်က ဗုဒ္ဓရုပ်ပွားတော်တွင် လှူဒါန်းထားသော ၁၉.၂ ကာရတ် (၃၂ ရတီ) ရှိတဲ့ စိန်တုံးကြီး (ဘိုးတော်ဘုရားအား ရခိုင်နယ်စား မဟာနော်ရထာ ဆက်သခဲ့) လည်း ပျောက်ဆုံးခဲ့ပါတယ်။

⇐ Previous Next

Read 12755 times