Entertainment

Myanmar Horror Series "Trapped"

Myanmar Horror Series "Trapped"

ဗလာစာအုပ်ဆိုတဲ့ သရဲကားဇာတ်လမ်းတွဲဟာ CANAL+ ရဲ့ ကိုယ်ပိုင်ဖန်တီးမှု ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး မျက်နှာသစ် လူငယ်သရုပ်ဆောင်များနှင့် ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

ရိုးရှင်လွန်းတဲ့ ချစ်ကြိုက်ကွဲညား မြန်မာဇာတ်လမ်းပုံစံကနေ ကွဲထွက်နေတဲ့ လူငယ်တွေအကြိုက် သည်းထိတ်ရင်ဖို ဒီသရဲဇာတ်လမ်းတွဲလေးဟာ အပိုင်း (၁၀) ပိုင်းပါဝင်ပြီး CANAL+ ZAT LENN (ဇာတ်လမ်း) ရုပ်သံလိုင်းမှာ အစအဆုံးပြသပေးခဲ့ပြီးဖြစ်ပါတယ်။

အာရှအနုပညာဆိုင်ရာ တီထွင်ဖန်တီးမှု အကယ်ဒမီဆုပေးပွဲကြီး (Asian Academy Creative Awards) မှာ CANAL+ ရဲ့ ကိုယ်ပိုင်ဖန်တီးမှုဖြစ်တဲ့ "Trapped (ဗလာစာအုပ်)" ဇာတ်လမ်းတွဲက မြန်မာနိုင်ငံကိုယ်စားပြုပြီး "National Winner 2022 Best Drama Series" ဆန်ခါတင် ဆုစာရင်းဝင်ခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ တက္ကသိုလ်ကျောင်းတစ်ခုရဲ့ ကပွဲအတွက် ညဘက်မှာ အလုပ်လုပ်ဖို့ ကျန်ခဲ့တဲ့ လူငယ် (၇) ယောက်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ စာအုပ်တစ်အုပ်ကို ဖွင့်ဖတ်မိရာကနေ အဲ့စာအုပ်ထဲမှာ ပိတ်မိသွားကြပြီး အပြင်ပြန်ထွက်နိုင်ဖို့ မစ်ရှင်တွေ လုပ်ဆောင်ရင်း သဘာ၀လွန်ဖြစ်ရပ်ဆန်းတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။

သူတို့လွတ်မြောက်ဖို့ လုပ်ဆောင်ရမယ့် မစ်ရှင်တွေက ဘာတွေလဲ…?? ဗလာစာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာမှာ သူတို့ (၇) ယောက်လုံး လွတ်မြောက်နိုင်ပါ့မလား...?? သေဆုံးပြီးသားသူတွေရဲ့ ဝိညာဉ်တွေက အဲ့ဗလာစာအုပ်ထဲမှာ ဘာကြောင့်ပိတ်မိနေတာလဲ…?? ခြေကလိမ်မ သရဲမကရော သူတို့နဲ့ ဘယ်လိုဆက်နွယ်နေတာလဲ…?? စတဲ့ မေးခွန်းပေါင်းများစွာကို တစ်ခုချင်းစီ ရသမြောက်စွာ ဖြည်ပြသွားမယ့် ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။

ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေနဲ့ သူတို့ရဲ့ ဇာတ်ကောင်တွေကတော့ -

အနေအေးပြီး တည်တည်တံ့တံ့နေတတ်တဲ့ ကျူတာ ဆရာစန်းအဖြစ် မာန်ဓန၊

ဆိုရှယ်မီဒီယာ အသုံပြုရတာကို ကြိုက်တဲ့ ဇော်ရှိန်းအဖြစ် အောင်ဇေယျမင်းထင်၊

သွက်လက်တဲ့ တက္ကသိုလ်ကျောင်းသူလေး စံမဒီအဖြစ်  ၀မ်းဝမ်း၊

နေရာတကာမှာ ဆရာကြီးလုပ်တတ်တဲ့ ဟန်ကြီးအဖြစ် အေးမင်းဟိန်း၊

အလှအပရေးရာကို စိတ်ဝင်းစားတဲ့ Beauty Blogger လေး နာတာရှာအဖြစ် နန်းအိန္ဒြေ၊

Gamer အဝင်းအဖြစ် စွမ်းထက်ညီညီနှင့်

တစ်ယောက်တည်း အေးအေးဆေးဆေးနေတတ်တဲ့ ကျောင်းသူလေး နှင်းစက်အဖြစ် ဖုန်းသီရိကျော်တို့က အသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်။

"ဗလာစာအုပ်" ဇာတ်လမ်းတွဲ အစအဆုံးကို CANAL+ ZAT LENN ရုပ်သံလိုင်းနဲ့ CANAL+ APP တို့မှာ ဒုတိယအကြိမ် ပြန်လည်ကြည့်ရှုနိုင်တော့မှာ ဖြစ်တဲ့အကြောင်း CANAL+ Myanmar မှ သတင်းကောင်းပါးထားပါတယ်။

ပြန်လည်ပြသမည့်အချိန်ကတော့ အောက်တိုဘာလ (၂၂) ရက်မှ (၃၁) ရက်၊ နေ့စဉ် ည (၁၁) နာရီနှင့် အောက်တိုဘာလ (၂၃) ရက်မှ နိုဝင်ဘာလ (၁) ရက်၊ နေ့စဉ် ညနေ (၆) နာရီတို့ ဖြစ်ပါတယ်။

⇐ Previous Next

Read 4069 times