Entertainment

Flower Languages

Flower Languages

သူငယ်ချင်းမိတ်ဆွေတွေ၊ ချစ်သူတွေ၊ မိသားစုတွေကြားမှာ ဂုဏ်ပြုချင်ရင်၊ တောင်းပန်ချင်ရင်၊ ကျေးဇူးတင်ချင်ရင်၊ ပျော်စေချင်ရင် ပန်းပေးတတ်ကြပါတယ်။

ပန်းပေးတဲ့အခါ ပန်းတွေရဲ့ အဓိပ္ပါယ်ကို သိထားရင် ပေးတဲ့သူအတွက်ရော၊ အပေးခံရတဲ့သူအတွက်ရော ပိုပြီး လေးနက်မှုရှိစေပါတယ်။ 

ပန်းတွေကို ချစ်မြတ်နိုးတဲ့သူတွေ၊ ပန်းအကြောင်းစိတ်ဝင်စားတဲ့သူတွေလည်း ပန်းလေးတွေရဲ့ အဓိပ္ပါယ်ကို သိချင်မယ်ထင်ပါတယ်။

ဒါကြောင့် ဒီဆောင်းပါးလေးမှာ ပန်း (၁၀) မျိုးနဲ့ ဒီပန်းလေးတွေရဲ့ ချစ်ခြင်းအဓိပ္ပါယ်တွေကို ပြောပြသွားမှာ ဖြစ်ပါတယ်။

1. Tulip

Tulip ပန်းဟာ ခြုံပြောရရင် ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ပန်း ဖြစ်ပါတယ်။ ပန်းအရောင်အလိုက် မတူညီတဲ့ အဓိပ္ပါယ်တွေ ရှိပါတယ်။ 

အနီရောင် Tulip ဟာ “ငါ့ကို ယုံပါ” လို့ အဓိပ္ပါယ်ရပါတယ်။ 

အဝါရောင် Tulip ကတော့ မျှော်လင့်ချက်မရှိတဲ့အချစ်ကို ကိုယ်စားပြုပါတယ်။ အဝါရောင် Tulip ပေးတဲ့အခါ ကိုယ်က သူ့ကို ချစ်ပေမဲ့ သူ့ဆီက အချစ်ကိုတော့ "မမျှော်လင့်ရဲပါဘူး" ဆိုတဲ့ အဓိပ္ပါယ်လေးရပါတယ်။

သူငယ်ချင်းအချင်းချင်း အဝါရောင် Tulip ပေးတဲ့အခါ အားပေးတဲ့သဘောကို သက်ရောက်ပါတယ်။ 

အဖြူရောင် Tulip က “တောင်းပန်ပါတယ်”၊ Cream ရောင် Tulip က "ထာဝရချစ်နေမယ်"၊ အရောင်စပ် Tulip က "မင်းမျက်ဝန်းလေးတွေက လှတယ်"၊ ခရမ်းရောင် Tulip ဟာ "တော်ဝင်ဆန်တယ်"၊ ပန်းရောင် Tulip ဟာ “ကံကောင်းပါစေ” လို့ ဆိုလိုပါတယ်။

2. Aster

Aster ပန်းကို မြန်မာနိုင်ငံမှာတော့ မေမြို့ပန်းလို့ လူသိများကြပါတယ်။ မေမြို့ပန်းလေးတွေရဲ့ မွေးလဟာ စက်တင်ဘာလဖြစ်လို့ စက်တင်ဘာလမှာ မွေးတဲ့သူတွေကို ပေးရင် သင့်တော်ပါတယ်။ 

Aster ပန်းက အချစ်နတ်ဘုရားမ Venus ရဲ့ အမှတ်အသားပန်းဖြစ်ပါတယ်။ 

“ကိုယ့်ရဲ့ အချစ်နဲ့ အသက်ကို မင်းပဲ ပိုင်တယ်” လို့ ပြောချင်ရင် ခရမ်းရောင် Aster သာ ပေးလိုက်ပါ။ အဖြူရောင်က ထာ၀ရအချစ်၊ အနီရောင်က ပြင်းပြတဲ့အချစ်၊ ပန်းရောင်ကတော့ နူးညံ့တဲ့အချစ်ကို ကိုယ်စားပြုပါတယ်။

3. Hydrangea

Hydrangea ပန်းလေးတွေကို မြန်မာလို ခြောက်လပန်းလို့ ခေါ်ကြပါတယ်။ Hydrangea ပန်းက ဂျပန်နိုင်ငံမှာဆိုရင် တော်တော်လေး နာမည်ကြီးပါတယ်။ 

ချစ်သူကို ဂရုမစိုက်မိတဲ့အခါ ပြန်တောင်းပန်တဲ့အနေနဲ့ အပြာရောင် Hydrangea ကို ပေးလို့ရပါတယ်။ 

ပန်းရောင် Hydrangea က နှလုံးပုံစံနဲ့ ဆင်တူတာဖြစ်တဲ့အတွက် နက်ရှိုင်းတဲ့ခံစားချက်တွေကို ဖော်ပြရာမှာ သုံးပါတယ်။ 

အဖြူရောင်ကတော့ မိမိကိုယ်ကို အထင်ကြီးခြင်း (Narcissism) ဝါဒ သက်ရောက်ပါတယ်။

4. Daffodil

Daffodil (ရေနတ်သမီးပန်း) ကို အသစ်ကပြန်စခြင်း၊ ခွင့်လွှတ်ခြင်း၊ မျှော်လင့်ချက်ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ 

ထူးဆန်းတာတစ်ခုကတော့ Daffodil ပန်းကို တစ်စုံတစ်ယောက်ကို ပေးရင် တစ်ပွင့်တည်း မပေးရပါဘူး။ ပေးရင် ကံဆိုးတတ်ပါတယ်။ တကယ်လို့ ပေးချင်ရင် ပန်းအစည်းလိုက် ပေးရပါမယ်။ အပေးခံရသူကို ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးတဲ့သဘော သက်ရောက်ပါတယ်။ 

5. Dandelion

Dandelion ပန်းကို မှုတ်လိုက်ရင် အဖြူရောင်အစေ့လေးတွေ ထွက်လာတာကို ရုပ်ရှင်ထဲမှာ မြင်ဖူးကြမှာပါ။ 

Dandelion ပန်းက "ပျော်ရွှင်မှု"၊ "သစ္စာတရား"၊ "ဘယ်တော့မှ အရှုံးမပေးနဲ့" ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

မျက်လုံးမှိတ်ထားရင်း ကိုယ်ဖြစ်ချင်တာကို ဆုတောင်းပြီး Dandelion ပန်းရဲ့ အဖြူရောင်အစေ့လေးကို မှုတ်ထုတ်လိုက်ရင် ဆုတောင်းတွေ တကယ်ပြည့်လာမယ်လို့ လူအများက ယုံကြည်ထားကြပါတယ်။ 

Dandelion ပန်းရဲ့ အဖြူရောင်အစေ့လေးတွေကို တစ်ချက်ထဲနဲ့ ကုန်အောင်မှုတ်နိုင်ရင် ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုပြန်ချစ်တယ်ဆိုပြီးလည်း ယုံကြည်ကြပါသေးတယ်။

6. Lavender

Lavender ပန်းတွေက မြန်မာနိုင်ငံမြေနဲ့ အဆင်မပြေလို့ အပင်ရှင်နိုင်ပေမဲ့ အပွင့်မပွင့်နိုင်ပါဘူး။

Lavender ပန်းရဲ့ အဓိပ္ပါယ်က "ချစ်ခြင်းကိုစောင့်မျှော်သူ" ဖြစ်ပါတယ်။ ပန်းအရောင်က များသောအားဖြင့် ခရမ်းရောင်ဖြစ်ပြီး အပြာရောင်ရှိတယ်လို့လည်း သိရပါတယ်။ Lavender ပန်းလေးနဲ့ ပတ်သက်တဲ့ ပါးစပ်ရာဇဝင်လေးတစ်ခု ပြောပြချင်ပါတယ်။

ဟိုးရှေးရှေးတုန်းက အိန်ဂျယ်တစ်ယောက်ဟာ လူ့ပြည်က လာဗင်ဒါလို့ခေါ်တဲ့ ကောင်မလေးနဲ့ ချစ်ကြိုက်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်ချိန်တွေက တိုတောင်းခဲ့ပါတယ်။

တစ်နေ့မှာ နတ်မင်းကြီးက အိန်ဂျယ်ကို ကောင်မလေးနဲ့ ခွဲပြီး ကောင်းကင်ပေါ် ဖမ်းခေါ်သွားခဲ့ပါတယ်။ ကောင်းကင်ပေါ်မပြန်ခင် အိန်ဂျယ်က ကောင်မလေးအတွက် မျက်ရည်တစ်စက်ထားခဲ့ပါတယ်။

မျက်ရည်ကို လိပ်ပြာအသွင်ပြောင်းစေပြီး သူချစ်တဲ့ ကောင်မလေးအနားမှာ အဖော်လုပ်စေခဲ့ပါတယ်။ ကောင်မလေးက လိပ်ပြာနဲ့ အဖော်ပြုပြီး အိန်ဂျယ် လူ့ပြည် ပြန်အလာကို စောင့်နေခဲ့ပါတယ်။

လာဗင်ဒါလေးက အိန်ဂျယ်ထားခဲ့တဲ့ ပန်းခြံလေးမှာ နေ့နေ့ညည စောင့်နေခဲ့ပါတယ်။ နောက်ဆုံးမှာ အမြစ်တွယ်ပြီး အပင်လေးတစ်ပင် ဖြစ်သွားခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း ခရမ်းရောင်ပန်းလေးတွေပွင့်ပြီး အိန်ဂျယ်ကိုရှာဖို့ နေရာအနှံ့ မျိုးပွားခဲ့ကြပါတယ်တဲ့။

7. Forget me not

Forget me not ပန်းကို မြန်မာလိုတော့ ကြယ်ပြာပန်းလို့ ခေါ်ဆိုနိုင်ပါတယ်။ 

Forget me not ဆိုတဲ့ အမည်အတိုင်း ပန်းရဲ့ အဓိပ္ပါယ်က ဘယ်တော့မှ မသေဆုံးသော အချစ်စစ်၊ အတူရှိခဲ့ဖူးတဲ့ အမှတ်တရတွေ သတိရခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

Newfoundland ဒေသမှာ အခုချိန်ထိ July 1 ရက်နေ့ဆို World War I မှာ ကျဆုံးသွားတဲ့ စစ်သည်တွေကို အမှတ်ရတဲ့အနေနဲ့ Forget me not ပန်းတွေကို ပန်ဆင်တတ်ကြပါတယ်။ 

Forget me not ပန်းတွေမှာ အချစ်နဲ့ မသက်ဆိုင်တဲ့ အယူအဆတွေလည်း ရှိပါသေးတယ်။ ဒါကတော့ ဒီပန်းတွေဟာ လူတွေကို စုန်းတွေရဲ့ ရန်ကနေ ကာကွယ်နိုင်တယ်ဆိုတဲ့ အယူအဆပါ။ ဒါ့အပြင် Forget me not ပန်းဟာ ကံကောင်းခြင်းတွေကို ယူဆောင်လာနိုင်တယ်လို့လည်း ယုံကြည်ကြပါတယ်။

8. Carnation

Carnation ပန်းတွေက မြန်မာနိုင်ငံမှာ ရှာရခက်တဲ့ ပန်းတော့မဟုတ်ပါဘူး။ Carnation ပန်းဟာ မိခင်တစ်ယာက်ရဲ့ ချစ်ခြင်းသင်္ကေတဖြစ်တဲ့အပြင် U.S မှာဆို အမေများနေ့ရဲ့ တရားဝင်ပန်းဖြစ်ပါတယ်။ 

ပန်းရောင် Carnation က "ငါမင်းကို ဘယ်တော့မှ မမေ့ပါဘူး"၊ အနီရောင် Carnation က "မင်းကြောင့် ငါ့နှလုံးသား နာကျင်ရတယ်"၊ အဝါရောင် Carnation က "မင်းနဲ့အတူ မရှိပေးနိုင်ဘူး" လို့ အဓိပ္ပါယ်ရပါတယ်။

ခရမ်းရောင် Carnation က “ပြောင်းလဲလွယ်ခြင်း”၊ အစိမ်းရောင် Carnation က “ပျော်ရွှင်မှု”၊ အဖြူရောင် Carnation က "ချိုမြန်မှု” လို့  အဓိပ္ပါယ်ရပါတယ်။

9. Iris

Iris ပန်းကိုတော့ အရောင်ပေါ်မူတည်ပြီး အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုနိုင်ပါတယ်။ 

ခရမ်းရောင် Iris ကို တစ်စုံတစ်ယောက်ကို ကျေးဇူးတင်ချင်ရင်ဖြစ်ဖြစ်၊ ချီးကျူးချင်ရင်ဖြစ်ဖြစ် ပေးလို့ရပါတယ်။

အပြာရောင်က ထာ၀ရမျှော်လင့်နေမယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပြီး အဝါရောင်က စိတ်အားထက်သန်မှု၊ အဖြူရောင်ကတော့ ဖြူစင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

Iris ပန်းတွေကို သူငယ်ချင်းတွေကြားမှာလည်း သုံးနိုင်ပါတယ်။ “မင်းနဲ့ ငါ့ရဲ့ ခင်မင်မှုက ငါ့အတွက် အရမ်းအဓိပ္ပါယ်ရှိတယ်” လို့ ပြောချင်ရင် သုံးပါတယ်။

10. Daisy

နွေဦးရာသီမှာ ပွင့်တဲ့ ဒေစီပန်းလေးတွေက အပြစ်ကင်းစင်ခြင်းလို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ ဒေစီပန်းက အမျိုးအစားတွေအလိုက် အဓိပ္ပါယ်ကွဲပါတယ်။ 

Michaelmas Daisy (Aster) ကတော့ နှုတ်ဆက်ထွက်ခွာခြင်း (သို့) နှုတ်ဆက်စကား ပြောတဲ့အခါမှာ သုံးပါတယ်။

Gerbera Daisy ကတော့ ပျော်ရွှင်တက်ကြွခြင်းကို ကိုယ်စားပြုပါတယ်။

တွေ့မြင်နေကျ Common Daisy တွေက ရိုးသားဖြူစင်ခြင်းကို ကိုယ်စားပြုပါတယ်။

⇐ Previous Next

Read 15299 times