Travel

Tourists Destinations Of Northern Shan State

Tourists Destinations Of Northern Shan State

ရှမ်းပြည်နယ်က မြန်မာနိုင်ငံရဲ့ အကြီးဆုံးပြည်နယ်ဖြစ်ပြီး လွမ်းမောစရာ သဘာ၀ရှုခင်းများနဲ့ ပြည့်နှက်နေတဲ့ လူ့ပြည်နတ်ဘုံလေးတစ်ခုပါ။ တြိဂံပုံစံရှိတဲ့ ရှမ်းပြည်နယ်ကို အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းဆိုပြီး သုံးပိုင်းပိုင်းခြားထားရာ ပြည်နယ်တောင်ပိုင်းမြို့တော်သည် တောင်ကြီး၊ ပြည်နယ်မြောက်ပိုင်း မြို့တော်သည် လားရှိုးနှင့် ပြည်နယ်အရှေ့ပိုင်း မြို့တော်သည် ကျိုင်းတုံ တို့ဖြစ်ပါတယ်။

“အို… မြောက်ပိုင်းလမ်း မူဆယ်နမ့်ခမ်းလမ်း” ဆိုတဲ့ သီချင်းထဲက စာသားလေးအတိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းကို အလည်တစ်ခေါက် ခေါ်သွားမယ်ဆို လိုက်ကြမလားရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းကို အခါအခွင့်ကြုံလို့ ရောက်ဖြစ်တဲ့အခါ မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့ နေရာ (၇) ခုကို မျှဝေပေးလိုက်ပါတယ်။

လွိုင်ဆမ်ဆစ်တောင်

"လွိုင်ဆမ်ဆစ်" ဆိုတဲ့ အမည်လေးဟာ ရှမ်းဘာသာစကားဖြစ်ပြီး မြန်မာလိုဆိုရင်တော့ အစီအရီသွယ်တန်းနေတဲ့ "တောင်အလုံးသုံးဆယ်" လို့ အဓိပ္ပါယ်ရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သဘာဝအလှတရားများထဲမှ တစ်ခုဖြစ်ပြီး ကွတ်ခိုင်မြို့အနီးမှာ တည်ရှိပါတယ်။ လွိုင်ဆမ်ဆစ်တောင်ပေါ်ဟာ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၆၀၀၀ ကျော်တွင် တည်ရှိပြီး တောင်ခြေမှ တောင်ပေါ်ထိ ပေ ၂၀၀၀ ကျော်ခန့် တက်ရပါတယ်။

သီပေါသိမ်တောင်

ရှမ်းပြည်နယ် သီပေါမြို့ရှိ နေဝင်ရှုခင်း ဆည်းဆာအလှကို ခံစားကြည့်ရှုနိုင်မယ့် အကောင်းဆုံးတောင်သည် သိမ်တောင်ဖြစ်ပါတယ်။

တောင်ပေါ်မှကြည့်ရင် ဒုဋ္ဌာဝတီမြစ်နဲ့ ရှမ်းတောင်တန်းအလှ ပေါင်းစပ်ထားတဲ့ သီပေါမြို့ကို အပေါ်စီးက တွေ့မြင်နိုင်ပါတယ်။

ကမ္ဘာကျော်ဂုတ်ထိပ်တံတား

နှစ် ၁၂၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ကမ္ဘာကျော်ဂုတ်ထိပ်တံတားသည် မန္တလေး - လားရှိုးလမ်း နောင်ချိုဘူတာအလွန် (၇) မိုင်အကွာတွင် တည်ရှိပါတယ်။

အခြားမီးရထားလမ်း တံတားကြီးများလို မြစ်ချောင်းများကို ဖြတ်ကျော်တည်ဆောက်ထားတာမျိုးမဟုတ်ဘဲ ဂုတ်ထိပ်ဒေသက ပေ (၃၀၀) ကျော် မတ်ဆောက်တဲ့ လျှိုကြီးနှစ်ဖက်ကို ဖြတ်ကျော်တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဂုတ်ထိပ်တံတားရဲ့ တိုင်အမှတ် ၁၂၊ ၁၃ ရဲ့ အောက်တည့်တည့်မှာ သွားရောက်လည်ပတ်လို့ရတဲ့ ဂူအကြီးကြီးတစ်ခုလည်း ရှိပါသေးတယ်။

ဘန့်ဘွေးကျင်းရေတံခွန်

ဘန့်ဘွေးကျင်းရေတံခွန်ဟာ နောင်ချိုမြို့နယ် ဘန့်ဘွေးကျင်းကျေးရွာအနီး တည်ရှိပြီး ဒေသခံများက မောင်နှံခုနှစ်ဖော် ရေတံခွန်လို့လည်း ခေါ်ဆိုပါတယ်။

ရေတံခွန်းစတင်စီးဆင်းရာ ထိပ်ဆုံးအမြင့်ပေက ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၂၄၈၆) ပေဖြစ်ပြီး မြင့်မားသည့် တောင်ထိပ်မှ အောက်ကို အဆင့်ဆင့်ရေစီးကျလာပုံကို မြင်တွေ့ရတာက ရင်သပ်ရှုမောဖွယ်ကောင်းပါတယ်။

တိမ်ပင်လယ်

နောင်ချိုတိမ်ပင်လယ်ဟာ နောင်ချိုကြီး ကျေးရွာ အောက်မှာရှိတဲ့ ဒုဋ္ဌဝတီမြစ်တစ်လျှောက် ရေငွေ့ပျံခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ တိမ်အစုအဝေးကြီးဖြစ်ပါတယ်။

ဆောင်းရာသီကာလ နိုင်ဝင်ဘာနဲ့ ဖေဖော်ဝါရီလများအတွင်းသာ တိမ်ပင်လယ်ကို မြင်ရမှာဖြစ်ပြီး နှင်းမရှိရင် တိမ်မတက်သလို မိုးအုံ့ရင်လည်း တိမ်မတွေ့ရပါဘူး။ တိမ်ပင်လယ်အလှကို ဆောင်းတွင်းကာလ နံနက် (၅) နာရီမှ (၉) နာရီအတွင်း ခံစားနိုင်ပါတယ်။

ဒုဋ္ဌဝတီမြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်က ဒုဋ္ဌဝတီမြစ် အထက်ပိုင်း ရေပြန်ကြီး ရေတံခွန်နဲ့ ဒုဋ္ဌာဝတီမြစ် အောက်ပိုင်း ပြောင်လျှိုကြီး၊ ပြောင်လျှိုလေးမြစ်ကျဉ်း ခရီးစဉ်တို့မှာလည်း သည်းထိတ်ရင်ဖို စွန့်စားသွားလာသူများ နှစ်ခြိုက်စေနိုင်မယ့် ခရီးစဉ်ဖြစ်ပါတယ်။

နောင်ချိုမြို့နယ် ဒုဋ္ဌဝတီတံတားတွင် မော်တော်ယာဉ်ကို ရပ်နားပြီး မြစ်အထက်ပိုင်း စက်လှေဖြင့် သွားလာရာတွင် ရေပြန်ကြီးရေတံခွန်ကို လှပစွာ ရှုမြင်ခံစားနိုင်ပါတယ်။

ရုရှားတောင်

ရုရှားတောင်ဟာ ကိုလိုနီခေတ် အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ အေးချမ်းတဲ့မြို့လေး နမ္မတူမြို့မှာ တည်ရှိပါတယ်။ ဆွစ်ဇာလန်၊ နော်ဝေးတို့ သွားစရာမလိုဘဲ ကိုယ့်ပြည်တွင်းမှာတင် စိမ်းစိုလှပနေတဲ့ တောင်စဉ်တောင်တန်းတွေကို ငေးမောခံစားနိုင်ပါတယ်။  နမ္မတူမြို့ကနေ ရုရှားတောင်ကို သွားတဲ့လမ်းမှာ မြင်တွေ့ရမယ့် ရှုခင်းတွေကလည်း အရမ်းလှပါတယ်။

⇐ Previous Next

Read 935 times