Things To Do

History of Myanmar Independent Day

History of Myanmar Independent Day

၁၈၈၅ ခုနှစ် သီပေါမင်း ပါတော်မူပြီးနောက် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှကိုလိုနီအဖြစ် သိမ်းပိုက်ခံခဲ့ရာက ကိုယ့်မင်းကိုယ်ချင်းဖြင့် အုပ်ချုပ်ခဲ့သောဘ၀မှ ကိုလိုနီလက်အောက်ခံဘ၀သို့ ရောက်ရှိသွားခဲ့သည်။ ထိုအချိန်မှစ၍ တိုင်းတစ်ပါးတို့၏ အုပ်ချုပ်စိုးမိုးမှုကို မြန်မာနိုင်ငံအောက်ပိုင်းသည် နှစ်ပေါင်း ၁၀၀ ကျော်၊ မြန်မာနိုင်ငံအထက်ပိုင်းသည် နှစ်ပေါင်း ၆၀ ကျော် ခံခဲ့ရသည်။

ခေတ်အဆက်ဆက်မှ တိုင်းရင်းသားခေါင်းဆောင်ကြီးများအားလုံး စည်းလုံးညီညွတ်စွာ ကြိုးပမ်းမှုဖြင့် မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ဗြိတိသျှအစိုးရထံမှ လွတ်လပ်ရေးရရှိခဲ့ပြီး ပထမဆုံးသော လွတ်လပ်ရေးအောင်ပွဲအခမ်းအနားကို ကျင်းပနိုင်ခဲ့သည်။ လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ပြန်လည်ရရှိခဲ့သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကြီးပင်ဖြစ်သည်။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ နံနက် ၄ နာရီ မိနစ် ၂၀ တွင် လွတ်လပ်ရေး ကြေညာလိုက်သောအခါ အတွင်းဝန်ရုံးများအတွင်း လွှတ်တော်အဆောက်အအုံရှေ့ရှိ အလံတိုင်ထိပ်မှာ လွတ်လပ်ရေးမရမီအချိန်ထိ လွှင့်ထူထားသော ဗြိတိသျှတို့၏ ယူနီယံဂျက်အလံကို တိုင်ခြေရင်းသို့ တဖြည်းဖြည်း လျှောချခဲ့ပြီး ကြယ်ငါးလုံးရံသော ကြယ်ကြီးတစ်လုံးပါသည့် ပြည်ထောင်စု မြန်မာနိုင်ငံအလံတော်ကို အလံတိုင်ထိပ်သို့အရောက် ဖြည်းဖြည်းချင်း လွှင့်ထူခဲ့ကြရာ ကြည့်ရှုနေသူ မြန်မာတိုင်းရင်းသားများအတွက် အလွန်စိတ်အားတက်ကြွ ဂုဏ်ယူဖွယ်ရာ ဖြစ်ခဲ့သည်။

ပြီးနောက် နိုင်ငံတော်ယာယီသမ္မတကြီး စဝ်ရွှေသိုက်သည် လွှတ်တော်ခန်းမကြီးထဲက စင်မြင့်ပေါ်ရှိ သတ်မှတ်ထားသောနေရာတွင် နေရာယူပြီးနောက် သမ္မတရာထူးကိုလက်ခံသိမ်းပိုက်ကြောင်း ကြေညာလိုက်သည်။ ထို့နောက် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အတည်ဖြစ်ကြောင်း ကြေညာလိုက်ရာ ပရိသတ်အားလုံးက လွှတ်တော်ခန်းမကြီးတစ်ခုလုံး ဟိန်းသွားအောင် တစ်ခဲနက် ဩဘာပေးကြသည်။

ပုံ - မြန်မာသမ္မတ စဝ်ရွှေသိုက်နှင့် ဗြိတိသျှဘုရင်ခံ ဆာဟူးဘတ်ရန့်တို့ မြန်မာနိုင်ငံအလံသစ်အား လွှင့်ထူနေသည့်အချိန်၌ မတ်တပ်ရပ်နေကြစဉ်

ထို့နောက် မြန်မာလွတ်လပ်ရေးအတွက် အသက်ပေးစွန့်ခဲ့ကြသူများအား အလေးပြုသည့်အနေဖြင့် နှစ်မိနစ်ငြိမ်သက်ကြသည်။ ဝန်ကြီးချုပ်သခင်နုက 'အောင်စေသတည်း' ဟု အစချီကာ လွတ်လပ်ရေးကြေညာစာတမ်းကို လေးလေးမှန်မှန် ဖတ်ကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတကြီးက သခင်နုကို ဝန်ကြီးချုပ်အဆောင်အယောင်များ အပ်နှင်းပြီးသည့်အခါ ဝန်ကြီးချုပ်သခင်နုက လွတ်လပ်ရေးနေ့မိန့်ခွန်းစကား ပြောကြားသည်။

ဆက်လက်၍ နံနက် ၆ နာရီ မိနစ် ၃၀ တွင် အလုံလမ်းရှိ ဗြိတိသျှဘုရင်ခံ ဆာဟူးဘတ်ရန့် အိမ်တော်ရှေ့မှာ ဒုတိယအကြိမ် အလံတင်အခမ်းအနား ကျင်းပခဲ့သည်။ ပြီးနောက် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် လွတ်လပ်ရေး ကျောက်တိုင်ကို အုတ်မြစ်ချခဲ့သည်။ လွတ်လပ်ရေးကျောက်တိုင် တည်ဆောက်ပြီးစီးသည့်နောက်ပိုင်း အလံတော်လွှင့်ထူခြင်း အခမ်းအနားကို လွတ်လပ်ရေးကျောက်တိုင်အရှေ့ရှိ အလံတိုင်မှာ လွှင့်ထူ၍ ဂုဏ်ယူဝင့်ကြွားစွာ ကျင်းပခဲ့ကြသည်။

ဘုရင်ခံဆာဟူးဘတ်ရန့်သည် အခမ်းအနားပြီးဆုံးသည့်အခါ ကြွရောက်လာကြကုန်သော မင်းပရိသတ်အပေါင်းတို့အား လှည့်လည်နှုတ်ဆက်ပြီးနောက် 'Burma' ဟူ၍ စာတန်းထိုးထားသည့် ဘုရင်ခံကားကို စီးပြီး ပန်းဆိုးတန်းသင်္ဘောဆိပ်သို့ တန်းဆင်းခဲ့ရာ သမ္မတကြီးစဝ်ရွှေသိုက်အပါအဝင် အားလုံးက လိုက်ပို့ကြသည်။

HD wallpaper: yangon, myanmar (burma), maha bandula park, monument, city |  Wallpaper Flare

နံနက် ၈ နာရီ မိနစ် ၂၀ တွင် ဘုရင်ခံဆာဟူးဘတ်ရန့်လိုက်ပါသည့် ဘာမင်ဂန်စစ်သင်္ဘောကြီးသည် ဆိပ်ကမ်းမှ တဖြည်းဖြည်းထွက်ခွာရာ ဘုရင်ခံနှင့် ဘုရင်ခံကတော်တို့က လိုက်ပို့သူများအား လက်ဝှေ့ယမ်းနှုတ်ဆက်ကာ သင်္ဘောဖြင့် လိုက်ပါထွက်ခွာသွားလေသည်။

Source - စံတော်ချိန်

⇐ Previous Next

Read 589 times