Entertainment

“Under The Queen's Umbrella”

“Under The Queen's Umbrella”

“Under The Queen's Umbrella” ဟာ tvN က ထုတ်လွှင့်ပြသနေတဲ့ ကိုရီးယားရုပ်သံ ဇာတ်လမ်းတွဲဖြစ်ပြီး လတ်တလော ဂင်မ်ချီမြေမှာသာမက မြန်မာ K-drama ဖန်တွေကြားမှာပါ ရေပန်းစား နာမည်ကြီးနေတဲ့ နန်းတွင်းဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။  

ဒီနန်းတွင်းဇာတ်လမ်းတွဲဟာ လက်ရှိမှာ IMDb Rating 10 မှာ 9.2 ထိ ရရှိထားပြီး tvN ရဲ့  ၂၀၂၂ ထွက် ဇာတ်လမ်းတွဲတွေထဲမှ Rating အမြင့်ဆုံး နံပါတ် (၃) နေရာကို ရပ်တည်နေပါတယ်။ နံပါတ် (၁) က Our Blues ဖြစ်ပြီး နံပါတ် (၂) ကတော့ Twenty Five-Twenty One ဖြစ်ပါတယ်။

စုစုပေါင်းအပိုင်း (၁၆) ပိုင်း ပါဝင်ပြီး အောက်တိုဘာ (၁၅) ရက်နေ့ကစ၍ စနေ၊ တနင်္ဂနွေတိုင်း ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး အခုလက်ရှိ အပိုင်း (၆) ပိုင်းထိ ထွက်ရှိထားပါတယ်။

ဒီဇာတ်လမ်းတွဲမှာ ကိုရီးယားနိုင်ငံရဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး Kim Hye Soo က မိဖုရားခေါင်ကြီး Im Hwa Ryeong နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး သူမရဲ့ သရုပ်ဆောင်ချက်တွေက ကြည့်ရှုသူတွေကို အမြင့်ဆုံး ခံစားမှုအထိ ဆွဲခေါ်သွားမှာဖြစ်ပါတယ်။

May be an image of 4 people and people standing

ဒီဇာတ်လမ်းတွဲထဲမှာ မိခင်တစ်ယောက်ရဲ့ ကိုယ့်သားသမီးအပေါ် ချစ်စိတ်နဲ့ ကာကွယ်ပေးလိုတဲ့စိတ်ကို အဓိက ပုံဖော်ပြထားပြီး နန်းတွင်းလောကရဲ့ အရှုပ်တော်ပုံတွေ၊ အာဏာလုပုံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

အိုမားမားမား Im Hwa Ryeong ဟာ အများနဲ့ဆိုရင် ခက်ထန်ပြီး ဒေါသကြီးတဲ့ သူတစ်ယောက်ဖြစ်သလို သူမရဲ့ သားတော်တွေနဲ့ ပတ်သတ်လာရင်လည်း မယ်တော်ကြီးပါမကျန် ဆတ်ဆတ်ထိမခံ ပြန်ပြောတတ်တဲ့သူဖြစ်ပါတယ်။

May be an image of 4 people and text

သားတော်တွေထဲမှာ အလိမ္မာဆုံး၊ အတော်ဆုံးဖြစ်တဲ့ အိမ်ရှေ့စံမင်းသားရယ် (အိုမားမားမားရဲ့ အမောပြေလေး) ၊ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်တဲ့ သားတော်လေးယောက် (အိုမားမားမားရဲ့ မျောက်လောင်းလေးတွေ) ကို နန်းတွင်းအကောက်အကွေ့တွေကြားကနေ ဘယ်လိုကာကွယ်မလဲ၊ အိမ်ရှေ့စံတစ်ယောက် မျိုးရိုးလိုက်ရောဂါ ခံစားနေရတာကို သိလိုက်ရတဲ့အခါ အိမ်ရှေ့စံ အကိုတော် ရှိနေပြီးသားမလို့ ပေါ့ပေါ့ပါးပါးပဲ နေချင်တဲ့ မင်းသားညီကိုတွေကိုပါ နန်းတွင်းစည်းမျည်းစည်းကမ်းတွေနဲ့ နေတတ်အောင်၊ အိမ်ရှေ့စံရဲ့ အရိုက်အရာကို ဆက်ခံနိုင်အောင် မိဖုရားခေါင်ကြီး ဘယ်လိုပြုပြင် ထိန်းကျောင်းမလဲဆိုတာကိုလဲ စိတ်ဝင်စားဖွယ် တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

အိမ်ရှေ့စံနေရာကို လုချင်နေတဲ့ သူတွေကြားကနေ သားတော်ငါးယောက်ကို ထီးသဖွယ် အကာအကွယ်ပေးမယ့် မိခင်တစ်ဦးရဲ့ ချစ်ခြင်းမေတ္တာနဲ့ ရဲရင့်မှုကို ဖော်ကျူးထားတဲ့ နန်းတွင်းဇာတ်လမ်းလေးဖြစ်ပါတယ်။

ဇာတ်လမ်းအဖွင့်ကတည်းက တဟုန်ထိုး တက်လာခဲ့တဲ့ ဇာတ်အရှိန်ဟာ လုံးဝလျော့မကျသွားသေးဘဲ တစ်ပိုင်းပြီးတစ်ပိုင်း ဆွဲဆောင်နေတဲ့ နန်းတွင်းဇာတ်လမ်းတွဲ "Under the Queen's Umbrella" ကတော့ လာမယ့်အပိုင်းတွေမှာ Rating ဘယ်လောက်အထိ ထပ်တက်ဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

⇐ Previous Next

Read 1698 times