Things To Do

10 Best Places For Studying

10 Best Places For Studying

နေပူပူ ကားကြပ်ကြပ် ရောင်စုံလူတွေ ပျားပန်းခတ်မျှလှုပ်ရှားနေတဲ့ ရန်ကုန်မြို့ကြီးမှာ တိတ်တိတ်ဆိတ်ဆိတ်နေရာဆိုတာ ရှာရတာခက်ခဲပါတယ်။ အေးအေးဆေးဆေးလည်း ထိုင်လို့ရမယ်၊ ဦးနှောက်ကိုလည်း အနားပေးလို့ရမယ်၊ စာလည်းလေ့လာလို့ရမယ်၊ Wifi လေးလည်းရမယ်ဆို စိတ်ဝင်စားကြတယ်ဟုတ်…? 

ဒါကြောင့် စာလည်းလေ့လာ၊ ဓာတ်ပုံလှလှလေးလည်းရိုက်၊ Wifi လေးလည်း အဝသုံးလို့ရမယ့် နေရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ 

1. Innwa Books & Café

ရသပေါင်းစုံပေးစွမ်းနိုင်တဲ့ စာအုပ်တွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာငယ်လေးတစ်ခုပါပဲ။ စျေးဝယ်စင်တာထဲမှာရှိနေတဲ့ စာအုပ်ဆိုင်လေးဖြစ်ပေမယ့် သီးသန့်ကမ္ဘာလေးလိုဖြစ်နေတာပါ။ ကော်ဖီပူပူလေးတစ်ခွက်ဝယ် သက်တောင့်သက်သာရှိတဲ့ ခုံလေးတွေပေါ်မှာ ထိုင် ကိုယ်ကြိုက်တဲ့ စာအုပ်လေးတွေ ယူဖတ်လို့ရသလို တိတ်တိတ်ဆိတ်ဆိတ်နဲ့ စာလုပ်လို့လည်းရတဲ့ နေရာလေးပါ။ စာအုပ်တွေကြားမှာ Bookworms လေးတွေလုပ်လို့ကောင်းတဲ့ နေရာလေးပါပဲ။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၉ နာရီမှ ည ၇ နာရီအထိဖြစ်ပြီး ဆိုင်လိပ်စာကတော့ တိုင်းမ်စီးတီး (Time City)၊ Terminal M Shopping Mall နဲ့ Myanmar Plaza တို့မှာ တည်ရှိပါတယ်။

2. American Center Library

သန့်ရှင်းတယ်၊ သပ်ရပ်တယ်၊ တိတ်ဆိတ်ငြိမ်သက်ပြီး အေးအေးလူလူ အာရုံအပြည့်နဲ့ စာလေ့လာချင်ရင်တော့ American Center က အသင့်တော်ဆုံးပါပဲ။ ရှည်လျားတဲ့ စာအုပ်စင်၊ စာအုပ်တန်းကြီးတွေကြားမှာ သက်တောင့်သက်သာရှိလှတဲ့ နေရာထိုင်ခင်းနဲ့ စာလေ့လာရတာလည်း စာဂျပိုးလေးတွေအတွက် တကယ့်ကို အိမ်မက်တစ်ခုပါပဲ။ စာကြည့်တိုက်ထဲဝင်မယ်ဆိုရင်တော့ စာကြည့်တိုက်ကတ်လေး အရင်သွားလုပ်ထားဖို့တော့ လိုမယ်နော်။ 

အကယ်၍ စာကြည့်တိုက်ကတ်မလုပ်ရသေးဘူးဆိုရင်လည်း American Center Facebook Page မှာ ဖော်ပြထားတဲ့ Link လေးမှာဖြည့်စွက်ပြီး အပတ်စဥ် အင်္ဂါ၊ ကြာသာပတေး နဲ့ စနေနေ့တိုင်း မနက် (၉) နာရီ မှ ညနေ (၄) နာရီအထိ သွားရောက်လေ့လာလို့လည်းရပါတယ်။ လိပ်စာကတော့ အင်းယားလမ်း နဲ့ တက္ကသိုလ်ရိပ်သာ လမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

3. The Quiet Place

ကော်ဖီဆိုင်တော့ မဟုတ်ပါဘူး။ အဖွဲ့လိုက် Team Meeting လုပ်ချင်ရင်ပဲဖြစ်ဖြစ်၊ Project လုပ်ချင်ရင်ပဲဖြစ်ဖြစ် Room Service ဝန်ဆောင်မှုတွေရယူနိုင်သလို တစ်ယောက်တည်း တိတ်ဆိတ်ငြိမ်သက်မှုကို ခံစားပြီး သက်တောင့်သက်သာ နဲ့ Self-Study လုပ်လို့ကောင်းတဲ့ နေရာလေးပါ။ 

စျေးနှုန်းလေးတွေအနေနဲ့လည်း နာရီပိုင်း Rate နဲ့ ယူတာမို့ အဆင်ပြေတဲ့အပြင် ကော်ဖီ နဲ့ သကြားလုံးလေးတွေပါ ကြိုက်သလောက်ယူလို့ရပါသေးတယ်နော်။ Wifi လေးကလည်းရ အဲကွန်းလေးကလည်းရှိဆိုတော့ ပြောစရာကို မလိုတော့ပါဘူး။ 

သွားရေးလာရေးကလည်း ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ မြို့လယ်ခေါင်မှာ တည်ရှိတာမို့ အရမ်းအဆင်ပြေပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၀ နာရီမှ ည ၈ နာရီအထိဖြစ်ပြီး ပိတ်ရက်မရှိဖွင့်လှစ်ထားတာပါ။ ဆိုင်လိပ်စာကတော့ အမှတ် ၈၅(က)၊ ဒုတိယထပ်၊ လှည်းတန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့ပါ။

4. စာပေလောက The Central

စာပေချစ်သူတွေအတွက် ကဏ္ဏပေါင်းစုံက စာအုပ်စာပေမျိုးစုံကို တစ်နေရာတည်းမှာ ရှာဖွေကြည့်ရှုနိုင်ပြီး ၊ သင်ထောက်ကူပစ္စည်း နဲ့ စာရေးကိရိယာတွေကိုပါ ဝယ်ယူလို့ရတဲ့ နေရာလေးပါ။ 

ကော်ဖီကောင်တာလေးလည်းရှိတော့ ကော်ဖီပူပူလေးသောက်၊ အင်လျားရဲ့ ကန်ရေပြင်အလှကို ငေးမောရင်း စာဖတ်လိုက် တွေးလိုက် လုပ်လို့ကောင်းတဲ့နေရာလေးပါ။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၀ နာရီ မှ ညနေ ၅ နာအထိဖြစ်ပြီး ဆိုင်လိပ်စာကတော့ Shop 4၊ Central Boulevard၊ ကမ္ဘာအေးဘုရားလမ်း နှင့် ကန်ဘဲ့လမ်းထောင့်၊ မြကျွန်းသာအနီး၊ ရန်ကင်းမြို့နယ် ပဲ ဖြစ်ပါတယ်။

5. Yangon Book Plaza

နေရာထိုင်ခင်းကျယ်ဝန်းပြီး အေးအေးလူလူ စာလုပ်လို့ကောင်းတဲ့အပြင် စာအုပ်အမျိုးအစားပေါင်းမျိုးစုံကို ရှာဖွေဖတ်ရှုဝယ်ယူလို့ရတဲ့အတွက် စာဂျပိုးတို့ရဲ့ နိဗ္ဗာန်ဘုံလို့တင်စားခေါ်ဆိုလို့ရတဲ့ နေရာလေးပါ။ 

ပန်းချီကားလှလှလေးတွေကြားမှာ ကော်ဖီလေးသောက်ရင်း စာလုပ်မလား၊ သက်တောင့်သက်သာ အရမ်းရှိတဲ့ Bean Bag လေးတွေပေါ်မှာ လဲလျောင်းပြီး စာဖတ်မလား ဘယ်ဟာဖြစ်ဖြစ် Yangon Book Plaza က အဆင်အပြေဆုံးပါပဲ။ 

မနက် ၉ နာရီမှ ၇ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပြီး ရန်ကုန်မြို့လယ်ခေါင် လမ်းမတော်မြို့နယ်၊ သံစျေး၊ ငါးလွှာမှာ တည်ရှိပါတယ်။ စာပေချစ်မြတ်နိုးသူတွေ၊ ခေါင်းအေးအေးနဲ့ စာလုပ်ချင်တဲ့သူတွေအတွက် အချိန်အကန့်အသတ်လည်းမရှိ ထိုင်လို့ရတာကြောင့် အဆင်ပြေတဲ့ နေရာလေးတစ်ခုပါပဲ။

6. Yangon Language Cafe

Meeting ပဲလုပ်မလား၊ Online Interview ပဲ လုပ်မလား၊ တစ်ယောက်တည်းပဲ စာထိုင်ဖတ်မလား၊ သူငယ်ချင်းတွေနဲ့ပဲ အဖွဲ့လိုက် စာလုပ်မလား၊ အဖွဲ့လိုက် Board Game လေးတွေဆော့ချင်သေးလား activities မျိုးစုံကို လုပ်လို့ရတဲ့ နေရာလေးကတော့ Yangon Language Cafe ပဲဖြစ်ပါတယ်။ 

Wifi လည်း Unlimited ရနိုင်ပြီး ဘာသာစကားတွေလည်း လေ့လာလို့ရပါသေးတယ်။ ဆိုင်လေးက နှစ်ထပ်ဖြစ်ပြီး အပေါ်ထပ် ထပ်ခိုးလေးမှာဆို Bean Bag လေးတွေပါထားပေးထားပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၇နာရီခွဲ မှ ညနေ ၆နာရီခွဲအထိဖြစ်ပြီး လမ်းမတော်မြို့နယ်၊ ၅ လမ်း၊ အောက်ဘလောက်မှာ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

7. 3.14 Cafe

Wifi လည်း Unlimited ရမယ်၊ လူလည်းရှင်းမယ်၊ အေးအေးလူလူစာလုပ်လို့ရပြီး ဆိုင်လေးကလည်း Vintage Vibe အပြည့်နဲ့ ထိုင်လို့ကောင်းမယ့် ဆိုင်လေးတစ်ဆိုင်ကို ညွှန်းရမယ်ဆိုရင်တော့ 3.14 Cafe ကိုပဲ ညွှန်းချင်ပါတယ်။ 

ဒါတွေအပြင် ဆိုင်မှာရနိုင်တဲ့ အစားအသောက်တွေကလည်း ထူးခြားကောင်းမွန်ပြီး အရသာအရမ်းရှိတဲ့ Burger အမျိုးအစားမျိုးစုံကို  တစ်နေရာတည်းမှာ မှာယူသုံးဆောင်နိုင်မှာပါ။ ဆိုင်လေးကတော့ လှိုင်သီရိအိမ်ယာ၊ အင်းစိန်လမ်းမကြီး၊ လှိုင်မြို့နယ်မှာတည်ရှိတာပါ။ မနက် ၉ နာရီမှ ည ၈နာရီခွဲအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

8. My Cafe

ဆိုင်နာမည်က My Cafe ဆိုတဲ့ အတိုင်း ကော်ဖီအမျိုးအစား စုံစုံလင်လင်ရရှိနိုင်ပြီး Light Food လေးတွေ ကောင်းတဲ့ဆိုင်လေးပါ။ ဆိုင်မှာ အေးအေးဆေးဆေးစာထိုင်ဖတ်လို့ အဆင်ပြေပြီး နာမည်ကြီးစာအုပ်တွေ၊ ရှားပါးစာအုပ်တွေ နဲ့  တန်ဖိုးကြီးစာအုပ်တွေလည်း ရှိပါသေးတယ်။ 

စျေးလေးတွေလည်း အဆင်ပြေတာကြောင့် Budget Save လည်းဖြစ်တဲ့အပြင် Wifi လည်း Free ရနိုင်တာကြောင့် Laptop လေးတစ်လုံးနဲ့ အလုပ်ထိုင်လုပ်မယ်ဆိုလည်း အေးဆေးပဲနော်။ ဆိုင်လေးက လူသိပ်မသိသေးတာကြောင့် လူရှင်းပြီးထိုင်ရတာ အဆင်ပြေတဲ့ ဆိုင်လေးပါ။ ဆိုင်လိပ်စာလေးကတော့ အမှတ် ၂၂/C၊ အရိယမဂ္ဂင်လမ်း၊ ကျောက်ကုန်း၊ ရန်ကင်း ၁၄ ရပ်ကွက်ဖြစ်ပြီး မနက် ၈ နာရီ မှ ည ၈နာရီ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

9. Yaya Cafe

အလုံလမ်းမကြီးပေါ်မှာ ဖွင့်ထားတာဖြစ်ပြီး ဆိုင်က ကျယ်ကျယ်ဝန်းဝန်းလေးမို့ စာလုပ်မယ်၊ အလုပ်လုပ်မယ်ဆိုရင် အေးအေးဆေးဆေးထိုင်လို့ကောင်းတဲ့ ဆိုင်လေးပါ။ ခုံလေးတွေကလည်း သက်တောင့်သက်သာဖြစ်ပြီး Wifi လည်း Free ရ၊ အဲကွန်းလေးကလည်း အေးစိမ့်စိမ့်လေးနဲ့ဆိုတော့ အိမ်မှာ မီးပျက်လို့ပဲဖြစ်ဖြစ်၊ နားအေးပါးအေး စာလုပ်ချင်လို့ပဲဖြစ်ဖြစ် အကြိုက်တွေ့စေမယ့် နေရာလေးပါပဲ။ 

ဆိုင်လေးက အရမ်းလည်းလှတော့ မြင်ရတာလည်း မျက်စိအေးပြီး စိတ်ကြည်နူးစေမှာပါ။ ဆိုင်လိပ်စာကတော့ အမှတ် ၃၅၊ မင်းရဲကျော်စွာလမ်း (ဗဟိုအမျိုးသမီးဆေးရုံရှေ့)၊ အလုံမြို့နယ်ပါ။ ဆိုင်လေးကိုတော့ ပိတ်ရက်မရှိ မနက် ၆နာရီခွဲ မှ ည ၉နာရီခွဲအထိဖွင့်လှစ်ထားပါတယ်။

10. GA Cafe

စိမ်းစိုလှပတဲ့ ပန်းပင်လေးတွေကြားမှာ စာအုပ်လေးဖတ် ကော်ဖီလေးသောက်ပြီး အေးအေးဆေးဆေး Chill ချင်တယ်ဆိုရင်တော့ လက်ရှိမှာ ဖွင့်တာသိပ်မကြာသေးတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ Gonyi Residence က GA Cafe လေးကို ညွှန်းချင်ပါတယ်။ 

ဒီဆိုင်မှာတော့ Wifi လည်း Free ရပြီး အစားအသောက်တွေကလည်း HALAL လုပ်ထားတာမို့ လူမျိုးဘာသာမရွေးစားသုံးနိုင်ပါတယ်။ နေရာထိုင်ခင်းကျယ်ဝင်းပြီး အေးအေးလူလူနဲ့ စာလုပ်ချင်တယ်၊ အလုပ်လုပ်ချင်တယ်ဆိုရင်တော့ ထိုင်ကြည့်သင့်တဲ့ ဆိုင်လေးပါ။ ဆိုင်လေးကတော့ မနက် ၈နာရီ မှ ည ၈နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။ 

⇐ Previous Next

Read 2291 times