Food & Drink

10 Korean Food And Their Recipes

10 Korean Food And Their Recipes

ကိုရီးယားကားတွေကြည့်ပြီး ကိုရီးယားအစားအစာတွေ စားချင်ပေမဲ့ မလုပ်တတ်လို့ သွားရည်ကျခဲ့ရတဲ့ အခိုက်အတန့်တွေလည်း မနည်းတော့ဘူးဆိုရင် ဒါမျိုးထပ်မဖြစ်ရအောင် ချက်ပြုတ်နည်းလေးတွေကို လေ့လာထားလိုက်ပါ။ ဂင်မ်ချီမြေက နာမည်ကြီး အစားအစာ (၁၀) မျိုးတောင် ဖော်ပြပေးထားတာဆိုတော့ K-Drama တွေ ကြည့်ရင်းနဲ့လည်း ကိုယ်တိုင်လုပ်စားပြီး Chill လို့ ရတာပေါ့။ နောက်ပြီး အိမ်မှာ လုပ်စားတာမို့ သန့်သန့်ရှင်းရှင်းနဲ့ အရသာကိုလည်း ကိုယ့်အကြိုက် ပြင်ဆင်နိုင်သေးတော့ စားလို့ ပိုပြီးထိမိနေမှာပါ။ 

၁။ ကိုရီးယားထမင်းသုပ် (Bibimbap)

ပါဝင်ပစ္စည်းများ

=======

အမဲသား (သို့) ဝက်သား - ၁၅ ကျပ်သား (နုတ်နုတ်စဉ်းပါ)

ချက်ပြီသား ထမင်း - ဆန်နို့ဆီဗူး ၁ လုံးခွဲ

ပဲပင်ပေါက် - လက်တဆုပ်စာ (ရေဖြင့် စင်အောင်ဆေးပါ)

မုန်လာဥနီ -  ၁ လုံး (အရှည်လိုက်လှီးပါ)

မှိုခြောက် - ၄ ခု (ရေနွေးဖြင့် ပြုတ်ပြီး အရှည်လှီးပါ)

သခွာသီး -  ၁ လုံး (အခွံမနွှာဘဲ အရှည်လိုက် ပါးပါး လှီးပါ)

ကိုရီးယား ငရုတ်သီးအနှစ် - စားပွဲတင်ဇွန်း ၂ ဇွန်း

ကြက်သွန်မြိတ် -  ၁ စည်း (နုတ်နုတ်စဉ်းပါ)

ကြက်ဥ - ၁ လုံး

ဟင်းနုနွယ်ရွက် (သို့) ဆလတ်ရွက် - လက်တဆုတ်စာ (ပါးပါးလှီးပါ)

နှမ်း - စားပွဲတင်ဇွန်း ၁ ဇွန်း

နှမ်းဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း

သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပဲငံပြာရည်အချို - စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

======

၁။ အမဲသားစဉ်းကောကို ဆား (လက်ဖက်ရည်ဇွန်း တစ်ဝက်)၊ ပဲငံပြာရည်အချို (စားပွဲတင်ဇွန်း ၁ ဇွန်း)၊ နှမ်းဆီ (အနည်းငယ်) ထည့်နယ်ပါ။

၂။ ဒယ်ထဲ ဆီ (စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပြီး အမဲသားစဉ်းကောကို ကျက်သည်အထိ ကြော်ပေးပါ။ ပြီးရင်  ပြန်ဆယ်ထားပါ။

၃။ ဒယ်ထဲ နှမ်းဆီ (စားပွဲတင်ဇွန်း ၂ ဇွန်း) ထည့်ပြီး သခွာသီး၊ မုန်လာဥနီ၊ မှိုခြောက် အားလုံးကို တစ်လှည့်စီ အရောင်ပြောင်းသည်အထိ ထည့်ကြော်ပေးပါ။

၄။ ပြီးရင် ရေပွက်ပွက်ဆူသော အိုးထဲသို့ ပဲပင်ပေါက်များထည့်၊ ဆား အနည်းငယ် ထည့်ပေးပြီ ၃ မိနစ်ခန့် တည်ထားပေးပါ။ ပြီးနောက် ပြန်ဆယ်ပြီး ဆား၊ နှမ်းဆီ အနည်းငယ်ဖြင့် ရောနယ်ထားပါ။

၄။ ပြီးလျှင် အိုးတစ်ခုထဲတွင် ထမင်း၊ အမဲသား၊ ပဲပင်ပေါက်၊ သခွာသီး၊ မုန်လာဥနီ၊ မှိုခြောက်၊ ဆလတ်ရွက်၊ ကြက်ဥကြော်တို့ကို စီထည့်ထားလိုက်ပါ။

၅။ ပြီးမှ အရသာအတွက် ငရုတ်သီးအနှစ်၊ နှမ်းဆီ (စားပွဲတင်ဇွန်း ၁ ဇွန်း)၊ ဆား (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ သကြားတို့ကိုထည့်ပြီ ဇွန်းဖြင့် သမအောင် ရောနယ်လိုက်ပါ။

၆။ အပေါ့အငံ မြည်းပြီး အရသာ အနေတော်ရင် ကိုးရီးယားထမင်းသုတ် (Bibimbap) ကို မြိန်ရှက်စွာ စားသုံးနိုင်ပါပြီ။

၂။ ကိုရီးယားငါးအသားပြား (Fish Cake)

ပါဝင်ပစ္စည်းများ

=======

ပုဇွန်

ငါးဖယ်

ပြည်ကြီးငါး

ဂျင်း

ကြက်သွန်ဖြူ

ကြက်သွန်နီ

ကြက်သွန်မြိတ်

ဆီမွှေး

ငရုတ်ကောင်းမှုန့်

အရသာမှုန့်

ဆား

ယိုးဒယားငံပြာရည်အနည်းငယ်

ကြက်ဥ

ဂျုံမှုန့်

ပြောင်းကော်မှုန့်

ငါးနီတူး

မုန်လာဥ

ပလပ်စတစ်

ဖက်အနည်းငယ်

တုတ်ချောင်း

ပြုလုပ်နည်း

======

၁။ အရင်ဆုံး ပုဇွန်တစ်ဆယ်သား၊ ကြက်သွန်နီဥ တစ်လုံးနဲ့ ကြက်သွန်ဖြူ ခြောက်မွှာကို အရင်ကြိတ်ပါမယ်။

၂။ ကြိတ်ပီးရင် လတ်ဆတ်သော ပြည်ကြီးငါး ၅ ကျပ်သားနဲ့ ငါးဖယ်ခြစ် ၁၅ ကျပ်သားကို ဆက်ကြိတ်ပါ။

၃။ ပြီးရင် အသားမှုန့်၊ သကြား၊ ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီ)၊ ဆီမွှေး အနည်းငယ်၊ ယိုးဒယား ငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ ဆားအနည်းငယ်နဲ့ ကြက်ဥအကာ တစ်လုံး ဆက်ထည့်ပါ။

၄။ အရသာသမပြီဆိုရင် ပြောင်းကော်မူန့်နဲ့ ဂျူံမူန့် ထမင်းစားဇွန်း ၃ဇွန်းစီနဲ့ ရေကို အကြမ်းပန်းကန်လုံးတစ်လုံးစာခန့် ထည့်လိုက်ပါ။

၅။ ငါးအသားပြား ပုံသွင်းရန်အတွက် မီးဖိုချောင်သုံး ပလတ်စတစ်ကို အပြားကြီးကြီးဖြန့်ပါ။ ပြီးရင် စုတ်တံဖြင့် ဆီလိုက်ဆွတ်ပေးပါ။

၆။ အဲဒီပလပ်စတစ်ပေါ် ငါးအသားကို ဇွန်လေးဖြင့် ဖြန့်ခင်းပြီး ညီနေအောင် ဖိပြားလိုက်ပါ။ ငါးအသားပြားပေါ် ပလတ်စတစ်ပြန်ထပ်ပြီး ပါးပါးပြားပြားဖြစ်အောင် လှိမ့်ပြီး ဖြန့်ပါ။

၇။ ငါးအသားလွှာများရရင် ပေါင်းအိုးနဲ့ ပေါင်းပါ။ ပေါင်းတဲ့အခါ အောက်က ဖက် သို့မဟုတ် အလူမီနီယမ်ပြား ခံပြီး ပေါင်းပါ။ 

၈။ ပြီးရင် ငါးအသားပြားများကို နှစ်ခေါက်ခေါက်ပြီး တုတ်နဲ့ ထိုးပါ။

၇။ ငါးနီတူနဲ့ မုန်လာဥ ရောပြုတ်ထားတဲ့ ဟင်းချိုရည်မှာ ကြက်သွန်မြိတ်လေး ဖြူးပြီးလည်းကောင်း ကြိုက်နှစ်သက်ရာ ဆော့အမျိုးမျိုးဖြင့်လည်းကောင်း တွဲဖက်သုံးဆောင်နိုင်ပါပြီ။

၃။ ရေညှိထမင်းလိပ်

ပါဝင်ပစ္စည်းများ

========

ရေညှိရွက်

ရှမ်းဆန်

မုန်လာဥနီ

ဟင်းနုနွယ်

ကြက်ဥ

ကြက်အူချောင်း

ဂဏန်းချောင်း

သခွားသီး

နှမ်းဆီမွှေး

နှမ်းဖြူ/နှမ်းမဲ

ကြက်သွန်မြိတ်

ကြက်သားမှုန့်

ပြုလုပ်နည်း

======

၁။ ရှမ်းဆန် နှစ်လုံးလောက်ချက်ပြီး အအေးခံထားပါ။

၂။ မုန်လာဥနီကို အရှည်လိုက် ပါးပါး လှီးပြီး ဆားအနည်းငယ်ထည့်ကာ ၂ မိနစ်လောက် ကြော်ထားပါ။

၃။ ကြက်ဥကို ဆားထည့်ကြော်ပြီး အရှည်လိုက်လေး ညှပ်ထားပါ။

၄။ ဟင်းနုနွယ်ရွက်ကို ပြုတ်ပါ။ ပြီးရင် ရေအေးစိမ်ပြီး ဆား၊ သံလွင်ဆီနဲ့ နယ်ထားပါ။

၅။ သခွားသီးကို အရှည်လိုက် လှီးထားပါ။

၆။ ကြက်အူချောင်း/ဂဏန်းချောင်းတို့ကိုလည်း ကြော်ပါ။

၇။ ထမင်းကို ဆား၊ ကြက်သားမှုန့်၊ ပါးပါး လှီးထားတဲ့ ကြက်သွန်မြိတ်၊ နှမ်းဖြူ၊ နှမ်းမဲတို့နဲ့ နယ်ထားပါ။

၈။ အားလုံးအဆင်သင့်ဖြစ်ရင် စလိပ်လို့ရပါပြီ။

၉။ ဝါးယင်းလိပ်ပေါ်မှာ ရေညှိကို ခင်းပါ။ နှမ်းဆီမွှေးကို သုတ်ပါ။

၁၀။ ထမင်းကို ဖြန့်ထည့်ပါ။ စောနက လုပ်ထားတဲ့ အစာများကို စီထည့်ပြီး ကျစ်ကျစ်လေး လိပ်ပါ။ (ဝါးယင်းလိပ် မရှိရင် လက်နဲ့ ဖြည်းဖြည်းချင်း ကျစ်ကျစ်လေး လိပ်ပါ)

၁၁။ ဓါးကို နှမ်းဆီမွှေး အနည်းငယ် သုတ်ပြီး လှီးကာ မရောနိစ်လေးနဲ့ တွဲစားလို့ရပါပြီ။

၄။ ရေညှိကြက်ဥလိပ်

ပါဝင်ပစ္စည်းများ

========

ကြက်ဥ ၂ လုံး (သို့) ၃ လုံး

ရေညှိပြား ၂ ပြား

မရောနိစ် အနည်းငယ်

ပြုလုပ်နည်း

=======

၁။ ကြက်ဥ ၂ လုံးကို ဆားနဲ့ ဟင်းခတ်မှုန့် အနည်းငယ် ထည့်ပြီး ခလောက်ထားပါ။‌

၂။ ရေညှိပြား ၂ ပြားကို အဆင်သင့် ပြင်ထားပါ။

၃။ မီးဖိုကို မီးဖွင့်ကာ မီးအရှိန်လျော့ထားပြီး ဆီးပါရုံလောက်လေး အနည်းငယ်ထည့်ကာ ဆီတွေကို ဖြန့်ထားပေးပါ။

၄။ ဆီပူပေးထားတဲ့ထဲ ကြက်ဥခလောက်ထားတဲ့ထဲက သုံးပုံနှစ်ပုံခန့်ကို ဖြန့်ခင်းပြီး ထည့်လိုက်ပါ။

၅။ ပြီးရင် ရေညှိပြားကို ကြက်ဥပေါ်ကနေတင်ကာ ကြက်ဥနဲ့ ရေညှိပြား တစ်သားတည်း ဖြစ်သွားအောင် ဖိကပ်ပါ။ နောက်တော့ စပြီး လိပ်ပေးပါ။

၅။ လိပ်နေရင်း လွတ်သွားတဲ့နေရာရောက်ရင် ခုနက ချန်ထားခဲ့တဲ့ ကြက်ဥခလောက် ၁ ပုံစာ ကို ထပ်ပြီး ဖြန့်ခင်းပါ။ ပြီးရင် ကျန်သေးတဲ့ ရေညှိပြားကို ခုနကလို ကြက်ဥပေါ်မှာ တင်ပီး ကြက်ဥနဲ့ တစ် သားတည်းဖြစ်အောင် လိပ်ပေးပြီး ခုနက လိပ်လက်စနေရာကနေ အကုန်ပြီးသည်အထိ ကျစ်လစ်နေအောင် ဆက်လိပ်ပေးပါ။

၆။ လိတ်ပြီးသွားပြီဆိုရင် ဓါးထက်ထက်နဲ့ ကြက်ဥရေညှိလိပ်ကို အနေတော် အရွယ်လေးတွေ လှီးဖြတ်ထားပါ။

၇။ ပြီးရင်တော့ ဆော့နဲ့ဖြစ်ဖြစ် မရောနိစ်နဲ့ဖြစ်ဖြစ် တို့ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

၅။ ကိုရီးယား ကြက်သားဂင်မ်ချီမြေအိုးဟင်းလျာ

ပါဝင်ပစ္စည်းများ

========

ကြက်ရင်ပုံသား - ၂ ခု (၃၀၀ ဂရမ်)

နှမ်းဆီ - စားပွဲတင်ဇွန်း ၁ ဇွန်း

ကိုရီယား ငရုတ်သီးအနှစ် - စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ

ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွ န်း

ဂင်မ်ချီ - ၂ ခွက်စာ

ကြက်သွန်မြိတ် (သို့) နံနံပင် - အနည်းငယ် (ပါးပါးလှီးထားပါ)

ကြက်သွန်ဖြူ - ၂ မွှာ (နုတ်နုတ်စဉ်းပါ)

ကြက်သွန်နီ - တစ်ဝက် (နုတ်နုတ်စဉ်းပါ)

ဂျင်း - အနည်းငယ် (နုတ်နုတ်စဉ်းပါ)

ချက်ပြီသား ထမင်း - ၂ ယောက်စာ

Advertisement

Click Here > Myanmar Hong Bao

ဆော့ရည်တွင် ပါဝင်ပစ္စည်းများ

===============

ပဲငံပြာရည် - စားပွဲတင်ဇွန်း ၂ ဇွန်း

ပျားရည် - စားပွဲတင်ဇွန်း ၂ ဇွန်း

ရှာလကာရည် - စားပွဲတင်ဇွန်း ၁ ဇွန်း

ပြင်ဆင်နည်း

======

၁။ ကြက်ရင်ပုံသားများကို အပါးအစောင်း လှီးပေးထားပါ။

၂။ ပြီးမှ ဆား၊ အသားမှုန့်တို့နဲ့ သမအောင် ရောနယ်ပါ။

၃။ ဆော့ရည်အတွက် ခွက်တစ်ခုထဲတွင် ပျားရည်၊ ရှာလကာရည်၊ ပဲငံပြာရည်တို့ကို သမအောင် ရောမွှေထားပါ။

ပြုလုပ်နည်း

======

၁။ ဒယ်ထဲ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းများကို မိနစ်ဝက်ခန့် ဆီသပ်ပေးပါ။

၂။ ပြီးမှ ငရုတ်သီးအရောင်တင်မှုန့်ထည့်ပြီ ကြက်သားများကို အရောင်ရသည်အထိ ၁ မိနစ်ခန့် ဆီပူထိုးပေးရမှာပါ။

၃။ ပြီးရင် ဂင်မ်ချီများထည့်၊ ဆော့ရည်များ လောင်းထည့်ပေးပါ။

၄။ ကိုရီးယား ငရုတ်သီးအနှစ်ထည့်ပြီ သမအောင် ရောမွှေပေးရပါမယ်။

၅။ ပြီးမှ အရသာအတွက် ဆား၊ အသားမှုန့်တို့ ထည့်ပေးပြီ အရည်ပျစ်သည်အထိ တည်ထားပေးပါ။

၆။ နောက်ဆုံးမှ နှမ်းဆီ ထည့်ပြီ မီးပိတ်လိုက်ပါ။

၇။ မြေအိုးထဲ ချက်ပြီသား ထမင်း ထည့်ပေးပါ။ (မြေအိုးမရှိလည်း ရှိတဲ့ အိုးထဲ ထည့်ပါ)

၈။ ထမင်းပေါ်မှ ချက်ထားတဲ့ ဂင်မ်ချီကြက်သားများ ထည့်ပြီး ၅ မိနစ်ခန့် အဖုံးအုပ်ပြီး တည်ထားပေးပါ။

၉။ မြေအိုး ပူလာရင် မီးပိတ်ပြီး ကြက်သွန်မြိတ် (သို့) နံနံပင်များ အပေါ်မှ ဖြူးလိုက်ပြီဆိုရင် ကြက်သားဂင်မ်ချီမြေအိုးဟင်းလျာ ရပါပြီ။

၆။ ကိုရီးယား ရေဘဝဲ အစပ်ချက်နည်း

ပါဝင်ပစ္စည်းများ

========

ရေဘဝဲ တစ်ကောင်

ကြက်သွန်နီ

ကြက်သွန်ဖြူ

ဂျင်းအနည်းငယ်

ကြက်သွန်မြိတ် 

ငရုတ်သီးစိမ်းအတောင့်ကြီး

ငြုပ်သီးအစိမ်းမှုန့်

ပဲငံပြာရည်အကြည်

ခရုဆီ

အာလူးကော်မှုန့်

သကြား

ငရုတ်ကောင်းမှုန့်

နှမ်းဆီမွှေး

နှမ်း

ဆော့ပြုလုပ်နည်း

==========

ငြုပ်သီးအစိမ်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည်အကြည် ၃ ဇွန်း၊ ခရုဆီ ၂ ဇွန်း၊ အာလူးကော်မှုန့် ၁ ဇွန်း၊ သကြား ၂ ဇွန်း၊  ငရုတ်ကောင်းမှုန့် အနည်းငယ်တို့ကို ရောမွှေထားပါ။

ပြုလုပ်နည်း

======

၁။ ရေဘဝဲ တစ်ကောင်ကို ရေဆေးသန့်စင်ပြီး လှီးကာ ရေနွေးပူပူတွင် ၁ မိနစ်ခန့် ပြုတ်ပြီး ရေစစ်ထားပါ။

၂။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းအနည်းငယ်၊ ကြက်သွန်မြိတ် ငါးပင်ခန့်နဲ့ ငရုတ်သီးစိမ်းအတောင့်တို့ကို ပါးပါးလှီးထားပါ။

၃။ ဒယ်အိုးအပူတွင် ဆီအနည်းငယ်ထည့်ကာ ဆီပူလာရင် စောနက ပါးပါးလှီထားတာတွေကို အားလုံးရောထည့်ပါ။ 

၄။ နူးလာလျှင် ရေနွေးဖျောထားသော ရေဘဲဝဲ ထည့်ပါ။

၅။ ဖျော်ထားသော ဆော့ ထည့်ပါ။

၆။ နှစ်မိနစ်ခန့် မွှေပြီး မီးပိတ်ကာ နှမ်းဆီမွှေး အနည်းငယ် ဆမ်းပြီး နှမ်းဖြူ ဖြူးကာ ပြင်ဆင်စားသုံးနိုင်ပါပြီ။

၇။ ဝက်နံရိုးဂင်မ်ချီ ဟင်းရည်

ပါဝင်ပစ္စည်းများ

========

ဝက်နံရိုး

ကြက်သွန်နီ

ကြက်သွန်မြိတ်

ဂင်မ်ချီ

ကိုရီးယားငရုတ်အနှစ်

ခရုဆီ 

ပဲငံပြာရည်အကြည် 

ဆား 

သကြား 

ငရုတ်သီးအစိမ်းမှုန့် တစ်ဇွန်း 

ငရုတ်ကောင်းမှုန့်

ငရုတ်သီး 

ပဲပင်ပေါက်၊ ပဲပြား

နံနံပင်

ပြုလုပ်နည်း

======

၁။ ဝက်နံရိုးကို မိနစ် ၃၀ ခန့် ပြုတ်ထားပေးပါ။

၂။ ဟင်းပြုတ်ရည်အနည်းငယ်၊ ကိုးရီးယားငရုတ်အနှစ်၊ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ဆား၊ သကြား၊ ငရုတ်သီးအစိမ်းမှုန့် တစ်ဇွန်း၊ ငရုတ်ကောင်းမှုန့် အနည်းငယ် ထည့်ပြီး အနှစ်စပ်ထားပါ။

၃။ ပြီးရင် ဝက်နံရိုး ပြုတ်ထားတဲ့ ဟင်းအိုးထဲကို ဂင်မ်ချီ၊ ကြက်သွန်နီ၊ စပ်ထားသောအနှစ်တို့ကို ထည့်ပြီး ပွက်ပွက်ဆူလာတဲ့အထိ တည်ထားပေးပါ။ 

၄။ ဆူလာပြီဆို ကြက်သွန်မြိတ်၊ လှီးထားသော ငရုတ်သီးနဲ့ ပဲပြားကို ထည့်ပြီး နံနံပင်နဲ့ ပဲပင်ပေါက် အုပ်လိုက်ရင် အရသာရှိသော ဝက်နံရိုးဂင်မ်ချီဟင်းရည် ရပါပြီ။

၈။ Rabokki

ပါဝင်ပစ္စည်းများ

=======

အသင့်စား Ramen တစ်ထုပ်

အသင့်စား တော့ပိုကီ တစ်ထုပ်

ကိုရီးယား Fish Cake (၂) ပြား

ဂေါ်ဖီထုပ် အနည်းငယ်

ကိုရီးယား ‌ရေညှိ အနည်းငယ်

CP ကြက်အူချောင်း

ကြက်ဥပြုတ် (၁)လုံး

ပြုလုပ်နည်း

======

၁။ အရင်ဆုံး တော့ပိုကီ အထုပ်ထဲမှာ ပါတဲ့ ဆန်ချောင်းတွေကို အိုးထဲမှာ ရေ ဖန်ခွက် (၃) ခွက်စာလောက် ထည့်ပြီး ပြုတ်ပါ။ 

၂။ ဆန်ချောင်းလေးကို မတင်းမပျော့ အနေထားလောက် ရောက်တဲ့အထိ ပြုတ်ပေးပါ။ မီးမပြင်းဖို့ သတိပြုရပါမယ်။

၃။ ဆန်ချောင်းလေးတွေ အဆင်ပြေပြီဆိုရင် အိုးထဲကနေ ဖယ်ပြီး Ramen ကို ပုံမှန်အတိုင်းပဲ ပြုတ်ပေးပါ။ Ramen  ထုပ်ထဲမှာ ပါတဲ့ အရသာမှုန့်တွေ အနှစ်တွေနဲ့ တော့ပိုကီအနှစ်တွေကို ဖောက်ထည့်ပြီး ရေနည်းနည်းခမ်းအောင် တည်ပေးပါ။ 

၄။ အိုးထဲမှာ ရေအနေတော်လောက် ရပြီဆိုရင် စောစောက ဆန်ချောင်းလေးတွေနဲ့ ကြက်အူချောင်း၊ အသီးအရွက်၊ ငါးအသားပြား စတာတွေကို ထည့်ပြီး အနည်းငယ် မွှေပေးပါ။ 

၅။ အချိန် ၃ မိနစ်လောက်ကြာရင် အိုးထဲကနေ ဆယ်ပြီး ပန်းကန်ထဲ ထည့်ပါ။ ပြီးပြီဆိုရင် ရေညှိလေးတွေကို အပေါ်ကနေ ဖြူးပြီး ကြက်ဥပြုတ်လေးကို နှစ်ခြမ်းခွဲပြီး ထည့်ပါ။ တကယ်လို့ ကြိုက်တတ်တယ်ဆိုရင် Cheese တစ်ပြားလောက် ထည့်မွှေပြီး စားရင်လည်း အရသာက မိုက်နေဦးမှာပါ။

၉။ ပဲပင်ပေါက်စွပ်ပြုတ်ပူပူလေး

ပါဝင်ပစ္စည်းများ

========

ပဲပင်ပေါက် - ၃၀ သား

ရေ - ၆ ခွက်

ကြက်သွန်ဖြု - ၂ မွှာ

ပဲငံပြာရည် - စားပွဲတင်ဇွန်း ၂ ဇွန်း

နှမ်းဆီ - စားပွဲတင်ဇွန်း ၁ ဇွန်း

ဆား - စားပွဲတင်ဇွန်း ၁ ဇွန်း

ကြက်သွန်မြိတ် - အနည်းငယ်

ပြုလုပ်နည်း

=======

၁။ အနေတော် အိုးတစ်လုံးမှာ နှမ်းဆီ၊ ကြက်သွန်ဖြူနဲ့ ပဲငံပြာရည် ထည့်ပြီး ၃ မိနစ်ဝန်းကျင်လောက် ဆီသပ်လိုက်ပါ။

၂။ ပြီးရင် ရေထည့်ပြီး ပဲပင်ပေါက်ထည့်ကာ မီးပြင်းပြင်းနဲ့ ဆူပွက်အောင် တည်ပါ။ 

၃။ အရည်ဆူပွက်လာရင် မီးအေးအေးလေးနဲ့ ၂၅ မိနစ်ကနေ မိနစ် ၃၀ အထိ ဆက်တည်ထားပါ။ တကယ်လို့ အစပ်ကြိုက်တယ်ဆိုရင်တော့ ကိုရီးယားငရုတ်သီးမှုန့် ထည့်လိုက်ပါ။

၄။ ပဲပင်ပေါက်က မူလအချိူဓာတ်လေးရှိတာကြောင့် အချိုမှုန့် ထည့်ထပ်စရာ မလိုပါဘူး။ 

၅။ ကြက်သွန်မြိတ်ကြိုက်ရင် ကြက်သွန်မြိတ်လေး ပါးပါးလှီးပြီး ထည့်လိုက်ရင် ပဲပင်ပေါက်စွပ်ပြုတ် ပူပူလေးကို သောက်လို့ရပါပြီ။

၁၀။ ဂဏန်းသား ဂင်မ်ချီပန်ကိတ်

ပါဝင်ပစ္စည်းများ

========

ပန်ကိတ် အမှုန့် - ၂၀ဝ ဂရမ်

နွားနို့ - ၁၈၀ မီလီလီတာ

ကြက်ဥ - ၁ လုံး

ကိုရီးယား ငရုတ်သီးအနှစ် - ၁ ဇွန်း

ဂင်မ်ချီ - ၁၀ဝ ဂရမ်

ထောပတ် - ၁၅ ဂရမ်

ကုဆိုင်ရွက် - ၅၀ ဂရမ်

ဂဏန်းသား - ၁၀ဝ ဂရမ်

ငါးတိုဟူး - ၅၀ ဂရမ်

ဆလတ်ရွက် - အနည်းငယ်

ပြုလုပ်နည်း

=======

၁။ ပန်ကိတ်အမှုန့်၊ နွားနို့နဲ့ ကြက်ဥတို့ကို ကိုရီးယား ငရုတ်သီးအနှစ် အနည်းငယ်နဲ့ ရောမွှေထားပါ။

၂။ ဂဏန်းသား၊ ငါးတိုဟူးနဲ့ ကုဆိုင်ရွက်တို့ကို သန့်စင်ပြီး လှီးထားပါ။

၃။ ထောပတ်ကို ဒယ်ပြားမှာ အပူပေးပြီး အသင့်ရောစပ်ထားသော ပန်ကိတ်အနှစ်ကို ထည့်ပါ။ 

၄။ ပြီးရင် အသင့်လှီးထားသော ဂင်မ်ချီ၊ ဂဏန်းသား၊ ငါးတိုဟူးနဲ့ ကုဆိုင်ရွက်တို့ကို ထည့်ကြော်ပါ။

၅။ ပန်ကိတ်အောက်ခြေ အနည်းငယ် ကျက်ရင် နောက်တစ်ဖက်ကို လှန်ပေးပြီး ကျက်အောင် ကြော်ပေးပါ။

၆။ ဂဏန်းသား ဂင်မ်ချီပန်ကိတ် ကျက်ရင် အသင့်သန့်စင်ထားသော ဆလတ်ရွက် အနည်းငယ်ဖြင့် အလှဆင်ပြီး စားသုံးနိုင်ပါပြီ။

⇐ Previous Next

Read 1262 times