Entertainment

10 Myanmar Movies Won International Awards

10 Myanmar Movies Won International Awards

၁၉၂၀ ပြည့်နှစ်မှာ ပေါ်ပေါက်လာခဲ့ပြီး နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ မြန်မာ့ရုပ်ရှင်ဟာ ပြည်ပနိုင်ငံတွေမှာ ပြုလုပ်တဲ့ ရုပ်ရှင်ပွဲတော်တွေမှာ သွားရောက်ပြသနိုင်ခဲ့သည်အထိ အောင်မြင်ကျော်ကြားခဲ့တာ ဟိုးယခင်ကတည်းကပါ။ ဒါကြောင့် ဒီတစ်ပတ်မှာ နိုင်ငံတကာက အသိအမှတ်ပြု ရုပ်ရှင်ပွဲတော်တွေမှာ ထည့်သွင်းပြသခံခဲ့ရတဲ့အပြင် ဆုတွေပါ ဆွတ်ခူးရရှိခဲ့တဲ့ ခေတ်ပေါ်မြန်မာရုံတင် ဇာတ်ကားကောင်းများအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ ဇာတိမြေ

ဂျပန်-မြန်မာ ချစ်ကြည်ရေးအတွက် ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးထားတဲ့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၈ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ရုံတင်ပြသခဲ့သလို ဂျပန်-မြန်မာ ရုပ်ရှင်ပွဲတော်တွေမှာလည်း ထည့်သွင်းပြသလျက်ရှိပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် အောင်ရဲလင်း၊ မြန်မာပြည်ဖွား ဂျပန်အနုပညာရှင် မိုရီဆာကီဝင်းနဲ့ ဝတ်မှုံရွှေရည်တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ 

ဂျပန်နိုင်ငံမှာ အခြေချနေထိုင်နေတဲ့ မြန်မာမိန်းကလေးနဲ့ ဂျပန်ကို အလုပ်လာလုပ်တဲ့ မြန်မာလူငယ်လေးတစ်ယောက်ရဲ့ အကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ မိုရီဆာကီဝင်းက စင်္ကာပူမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Star Awards 2019 ဆုပေးပွဲမှာ Special Award (Performance) ဆုကို ရရှိခဲ့တဲ့အပြင် ဂျပန်နိုင်ငံမှာ ပြုလုပ်ကျင်းပတဲ့ The Japan Academy Award 2020 ဆုပေးပွဲမှာ The Best New Face Actor Award ဆုကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပြန်ပါသေးတယ်။

၂။ မုဒြာရဲ့ခေါ်သံ 

အမျိုးသမီး ဒါရိုက်တာ ခရစ္စတီးနားခီ ကိုယ်တိုင် ရိုက်ကူးပုံဖော်ထားတဲ့ “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာ့ရိုးရာဂီတနဲ့ အကအလှတွေကို အဓိကထား ရိုက်ကူးထားတဲ့  ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ သရုပ်ဆောင် ဇဏ်ခီ၊ လှယဉ်ကျေးနဲ့ နန်းဝေဝေထွန်းတို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဒါရိုက်တာသစ်နဲ့ သရုပ်ဆောင်အသစ်များ ဖြစ်ပေမဲ့ ပရိသတ်အားပေးမှု တခဲနက်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ 

မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားရဲ့ အောင်မြင်မှုက နိုင်ငံတကာအထိ ခြေဆန့်နိုင်ခဲ့ပြီး နိုင်ငံပေါင်း (၁၃) နိုင်ငံမှာ ပြသခွင့်ရခဲ့ကာ Mexico International Film Festival 2017 ဆုပေးပွဲမှာ Silver Palm Award ဆုနဲ့ ဘာလီမှာ ကျင်းပတဲ့ International Student Newcomer Woman Film Festival (ISENMA) 2017 ဆုပေးပွဲမှာ Platinum Award ဆု စတဲ့ ဆုတံဆိပ်တွေ ရရှိခဲ့ပါတယ်။ 

၃။  မီ 

“မီ” ရုပ်ရှင်ဇာတ်ကားက ဒါရိုက်တာ ဏကြီးက ပုံဖော်ရိုက်ကူးထားပြီး နေတိုး၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ အောင်ရဲထိုက်နဲ့ ပိုင်ဖြိုးသုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ စာရေးဆရာမ ကြည်အေးရဲ့ နာမည်ကျော်ဝတ္ထုတစ်ပုဒ်ကို ဇာတ်ကားပြန်လည်ရိုက်ကူးရာမှာ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ ဇာတ်ကားလို့ ဆိုရမှာပါ။ 

လန်ဒန်မှာ ကျင်းပပြုလုပ်တဲ့ ASEAN Film Festival London 2019၊ မလေးရှားနိုင်ငံ ကူချင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ASEAN International Film Festival 2019၊ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ASEAN Film Week 2019၊ United Kingdom၊ Wales မှာ ကျင်းပခဲ့တဲ့ Cardiff International Film Festival 2019 နဲ့ Spain နိုင်ငံ၊ Lleida မှာ ကျင်းပခဲ့တဲ့ Festival International de Cinema de Lleida Visual Art 2019 စတဲ့ ရုပ်ရှင်ပွဲတော်တွေမှာလည်း ပါဝင်ပြသခွင့်ရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။

ဆုအနေနဲ့ကတော့ မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ ASEAN International Film Festival 2019 မှာ Best Director Of Photography ဆုကို ဒါရိုက်တာ ဏကြီးက ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ 

၄။ ရွှေကြာ

မလေးရှားနိုင်ငံ ကူချင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ ASEAN International Film Festival 2019 ရုပ်ရှင်ပွဲတော်မှာ ရွှေကြာရုပ်ရှင်ဇာတ်ကားလည်း ယှဉ်ပြိုင်ပြသခွင့်ရခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ ဇာတ်ကားပုံဖော်ရိုက်ကူးခဲ့သူ ဒါရိုက်တာ ဝိုင်းက Special Jury Awards ဆုကို ရရှိခဲ့တာပါ။ 

ရွှေကြာရုပ်ရှင်ဇာတ်ကားဟာ ပြည့်တန်ဆာ မိန်းကလေးတစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ။ ဒီရုပ်ရှင်ဇာတ်ကားကိုတော့ ငွေသော်တာ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ဝိုင်း ရိုက်ကူးကာ သရုပ်ဆောင် အလင်းရောင်၊ ဖွေးဖွေးနဲ့ သင်ဇာဝင့်ကျော်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ 

၅။  လိပ်ပြာစံအိမ်

လိပ်ပြာစံအိမ် ဇာတ်ကားကို ထိုင်းဒါရိုက်တာ Chartchai Ketnust ရိုက်ကူးတာဖြစ်ပြီး နိုင်းနိုင်း၊ ဒေါင်း၊ ဝတ်မှုန်ရွှေရည်နဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့ အဓိကပါဝင်ထားပါတယ်။ ထိတ်လန့်ခြောက်ခြားစရာကောင်းတဲ့ အိမ်ကြီးတစ်အိမ်ကို မိသားစုတစ်စု ပြောင်းလာတဲ့အချိန်မှာ တွေ့ကြုံလိုက်ရတဲ့အဖြစ်အပျက်တွေကို ရိုက်ကူးထားတဲ့ ကြောက်မက်ဖွယ်ရာ မြန်မာသရဲကား တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့အောင်မြင်မှုကတော့ စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asian Academy Creative Awards 2019 ရုပ်ရှင်ပွဲတော်မှာ ပါဝင်ပြသခွင့်ရခဲ့ပြီး ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဓာတ်ပုံဆု၊ ဇာတ်ဝင်တေးဆု၊ အမျိုးသမီး ဇာတ်ဆောင်နဲ့ ဇာတ်ပို့ဆုစတဲ့ ဆု (၆) ဆုကို ရရှိခဲ့ပါတယ်။ 

     Advertisement

Click Here > United Pacific

၆။ ဘန်ကောက်မှ မန္တလေးသို့ 

ဘန်ကောက်မှ မန္တလေးသို့ ရုပ်ရှင်ဇာတ်ကားကို ထိုင်းဒါရိုက်တာ Chartchai Ketnust က ၂၀၁၆ ခုနှစ်မှာ ရိုက်ကူးခဲ့တာပါ။ နာမည်ကြီးသရုပ်ဆောင်များဖြစ်ကြတဲ့ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုန်ရွှေရည်နှင့် ထိုင်းသရုပ်ဆောင်မင်းသမီး Pilaiporn Supinchompu (Naam Whan) တို့ ပါဝင်သရုပ်ဆောင်ထား ကြပါတယ်။ ထိုင်း-မြန်မာ ချစ်ကြည်ရေး ရုပ်ရှင်ဇာတ်ကားဖြစ်တာကြောင့် ၂၀၂၀ ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Bangkok International Documentary Film Awards ဆုပေးပွဲမှာ ပါဝင်ပြသခဲ့ပါတယ်။ ဒီဆုပေးပွဲမှာ စိုင်းစိုင်းခမ်းလှိုင်က အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုနဲ့ နေတိုးက အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို အသီးသီး ရရှိခဲ့ပါတယ်။

၇။ The Naked Ghost

The Naked Ghost ရုပ်ရှင်ဇာတ်ကားကို ၂၀၁၈ ခုနှစ်မှာ လူငယ်အမျိုးသမီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ပုံဖော်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားက  ထွန်းထွန်း၊ ငြိမ်းချမ်းကျော်၊ နေရဲနဲ့ ရွှေအိမ်စည်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖို သရဲကားဖြစ်ပါတယ်။ ရိုးအေးတဲ့ မြန်မာအမျိုးသမီးလေး သီတာက အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုမှာ မွေးရာပါနှလုံးရောဂါအခံကြောင့် အသက်ဆုံးရှုံးကာ သူမကို ဝတ်လစ်စလစ်အလောင်းဖျောက်ဖျက်တာခံခဲ့ရပါတယ်။ ဝိဉာဉ်ဘဝရောက်ချိန်မှာလည်း ဝတ်လစ်စလစ်သရဲမအဖြစ် သူ့အပေါ်ကျူးလွန်ခဲ့တဲ့သူများကို လက်စားချေခြောက်လှန့်တဲ့ ထိတ်လန့်ဖွယ်ရာ သရဲကားတစ်ကားပါ။

ဒီဇာတ်ကားဟာ နိုင်ငံတကာရုပ်ရှင်ပွဲတော် (၂) ခုမှာ ပြသခွင့်ရခဲ့ပြီး ဆုတွေလည်း ရရှိခဲ့ပါသေးတယ်။ ရရှိခဲ့တဲ့ ဆုတွေကတော့ ဘူတန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Druk International Film Festival 2020 မှာ Best Horror/ Sci-Fi/Genre ဇာတ်ကားဆု၊ New York မြို့တွင် ကျင်းပခဲ့တဲ့ New York Film Festival 2020 မှာ Best Actor Award ဆုနဲ့ Honorable Mention (Sound Design) Award ဆုတို့ကို ရရှိခဲ့ပါတယ်။

၈။ နို့ဘီလူး 

နို့ဘီလူး ရုပ်ရှင်ဇာတ်ကားကို အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ကာ ဒါရိုက်တာ လူမင်းကိုယ်တိုင် ပုံဖော်ထားတာဖြစ်ပြီး မိဘမေတ္တာကို ဖွဲ့နွဲ့ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ သရုပ်ဆောင် လူမင်းနဲ့ အတူ ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ ဒေါ်မြတ်မွန်၊ ဇေရဲထက်နဲ့ ရွှေမှုန်ရတီတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားဟာ မြန်မာပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့သလို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေ ရရှိထားတဲ့ ဇာတ်ကားပါ။ 

နို့ဘီလူး ရုပ်ရှင်ဇာတ်ကားရဲ့ အောင်မြင်မှုတွေကတော့ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပတဲ့ (၆) ကြိမ်မြောက် Eurasia International Monthly Film Festival 2020 ပွဲမှာ Best Director ဆု၊ ဘူတန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Druk International Film Festival 2020 ရုပ်ရှင်ဆုပေးပွဲမှာ Best Narrative Feature ဆု၊ Best Director ဆု၊ Best Actor ဆု၊ Best Supporting Actress  ဆု စတဲ့ ဆု ၄ ဆုကို ရရှိခဲ့တာပါ။ ဒါ့အပြင် အိန္ဒိယနိုင်ငံမှာ ပြုလုပ်တဲ့ Calcutta International Cult Film Festival 2020 မှာလည်း ထူးချွန်ဆု (၅) ဆု ထပ်မံရရှိခဲ့ပြန်ပါတယ်။

၉။ What Happened To The Wolf? 

What Happened To The Wolf? ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာဏကြီး ရိုက်ကူးထားပြီး မြန်မာပရိသတ် အခိုင်အမာရရှိထားတဲ့ မင်းသမီး အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားက Indiana ပြည်နယ်၊ Fort Wayne မြို့မှာ ကျင်းပခဲ့တဲ့ Hobnobben Film Festival 2022 မှာ ပါဝင်ပြသခွင့်ရခဲ့တဲ့အပြင် Taiwan International Queer Film Festival 2022 မှာလည်း ပြသခဲ့ပါတယ်။ 

ဒီဇာတ်ကားဟာ မြန်မာနိုင်ငံမှာ ရုံတင်ပြသခွင့်မရခဲ့ပေမဲ့ နိုင်ငံတကာမှာတော့ ဆုတွေ ဆွတ်ခူးနိုင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မင်းသမီး အိန္ဒြာကျော်ဇင်က Oldenburg International Film Festival 2021 မှာ အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိခဲ့တဲ့အပြင် Dili International Film Festival 2021 မှာလည်း Best Narrative Feature Award ကို ဒီဇာတ်ကားက ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

(၁၀) မဟူရာရုပ်ရှင်ရုံ 

"မဟူရာရုပ်ရှင်ရုံ" ဇာတ်ကားကို ၂၀၁၉ ခုနှစ်ထွက် သည်းထိတ်ရင်ဖို ရုံတင်ဇာတ်ကားကြီးဖြစ်ပြီး နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ရီရာရေး၊ နန်းဆုဦးတို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကို International Video Platform တစ်ခုဖြစ်တဲ့ Amazon Prime မှာပါ တင်ခွင့်ရခဲ့ပါတယ်။ 

ဒါ့အပြင် စင်ထရယ် အမေရိကရှိ ပနားမားမြို့မှာ ကျင်းပတဲ့ Panama Horror Film Festival 2019 မှာ ပြသဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံ ကာလကတ္တားအခြေစိုက် Cult Critic Movie Award 2019 မှာလည်း မဟူရာရုပ်ရှင်ရုံ ဇာတ်ကားက အကောင်းဆုံး သရုပ်ဆောင်ဆု၊ အသံဆု၊ ဒါရိုက်တာနဲ့ Horror Film ဆုတွေ ရရှိခဲ့ပါတယ်။

⇐ Previous Next

Read 2671 times