Food & Drink

A unique and colorful little burger shop

 A unique and colorful little burger shop

ဘာဂါကို ပုံမှန်အရောင်တွေပဲ စားနေရတာ ငြီးငွေ့နေပြီလား? ဘာဂါလေးတွေကို ကိုယ်ကြိုက်တဲ့ အရောင်လေး မှာပြီး စားလို့ရမယ့် နေရာလေးကတော့ တောင်ဥက္ကလာက Topic ဆိုတဲ့ ဆိုင်လေးပဲဖြစ်ပါတယ်။ ဒီဆိုင်လေးမှာ ဘာဂါအပြင် ဆန်းဒဝှစ်မျိုးစုံကိုလည်း ရနိုင်ပါသေးတယ်။ 

ဘာဂါအနေနဲ့ကတော့ Simple Burger, Topic Burger နဲ့ Cheese Burger ဆိုပြီး (၃)မျိုးရှိပါတယ်။ Simple Burger ကိုတော့ ဈေးနှုန်း (၁၇၀၀) ကျပ်နဲ့ ရရှိနိုင်ပြီး Cheese Burger ကိုတော့ (၁၀၀၀)ကျပ်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။ Topic Burger ကိုတော့ Cheese နှစ်ထပ် အသားပြား နှစ်ထပ်နဲ့ ရှယ်စားရမှာ ဖြစ်ပြီး ဈေးနှုန်းကလည်း (၂၅၀၀)ကျပ်ပဲ ပေးရတာမို့ တန်ချက်ပဲ။

အထူးခြားဆုံး အချက်ကတော့ ဘာဂါကို Red Velvet (အနီ), Green Tea(အစိမ်း), Jet Black(အနက်) နဲ့ ပုံမှန် ဆိုပြီး အရောင် (၄)မျိုးထဲက ကြိုက်နှစ်သက်ရာကို မှာစားလို့ရတာပါပဲ။ ဆိုးဆေးကိုလုံးဝ အသုံးပြုထားခြင်းမရှိဘဲ ဘာဂါ အနက်ရောင် အတွက် FDA အသိမှတ်ပြု Charcoal အမှုန့်၊ အနီရောင် အတွက် ပဲနီလေး၊ အစိမ်းရောင်အတွက် Green Tea အမှုန့် စတာတွေကိုသာ အသုံးပြုထားတဲ့ အတွက် ဘာဂါ တစ်မျိုးချင်းစီရဲ့ ပေါင်မုန့်သားတွေရဲ့ အရောင်အလိုက် ကွဲပြားခြားနားတဲ့ အာနိသင်လေးတွေကိုလည်း ခံစားကြည့်လို့ရပါတယ်။

ဘာဂါနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ အာလူးချောင်းကြော်ကိုလည်း (၁၀၀၀)ကျပ်တည်းနဲ့ တန်တန်လေးဝယ်စားလို့ရပါတယ်။ ဘာဂါတွေ ဆန်းဒဝှစ်တွေစားပြီးရင်တော့ အအီပြေ အချိုရည်လေးတွေကို မမေ့သင့်ပါဘူး။ အဲ့အတွက်တော့ အိတ်လှလှလေးနဲ့  Juice ကောင်းကောင်းလေးတွေလည်း ရှိပါသေးတယ်။

ဈေးသက်သာသလို ထုတ်ပိုးမှု ပုံစံလေးတွေကလည်း သပ်သပ်ရပ်ရပ်ရှိတဲ့ Topic Burger ဆိုင်လေးဟာဆိုရင် တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာလမ်းမ၊ နန္ဒဝန်ဈေး မျက်နှာချင်းဆိုင်က သစ္စာနန်းထိုက် စားသောက်ဆိုင်ရှေ့မှာ လှည်းလေးနဲ့ ဖွင့်ထားတာ ဖြစ်ပါတယ်။ ညနေ (၃)နာရီကနေ ည(၈)နာရီအထိ ဖွင့်တာဖြစ်လို့ ရုံးဆင်းချိန်မှာ သူငယ်ချင်းတွေနဲ့ အတူတူ တစ်ခါလောက် မြည်းစမ်းကြည့်သင့်တဲ့ ရောင်စုံ ဘာဂါဆိုင်လေးပဲဖြစ်ပါတယ်။

သတင်းကောင်း အနေနဲ့တော့ တောင်ဥက္ကလာပ မြို့တွင်း Delivery Service နဲ့လည်း မှာစားနိုင်ပါတယ်။
 

⇐ Previous Next

Read 2600 times