Food & Drink

Famous Street Food Tour In Yangon

Famous Street Food Tour In Yangon

အခုခေတ်မှာ လူငယ်တွေအတွက် ဘားထိုင်တာက အလေ့အထတစ်ခုဖြစ်လာသလို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ပေါ့ပေါ့ပါးပါး Street Food တွေ လိုက်ပတ်စားတာကလည်း လူငယ်တွေ အကြိုက်ဖြစ်လာပါတယ်။ အရသာရှိတယ်၊ ဈေးတန်တယ်၊ သွားရတာ လွယ်ကူတယ်၊ ရွေးချယ်စရာများတယ် စတာတွေဟာ Street Food ရဲ့ စွဲဆောင်မှုတွေပါ။

အခုလို ခက်ခဲနေတဲ့ ကာလမှာ အခြေခံလူတန်းစားတွေအတွက်လည်း အားပေးကူညီရာရောက်ပြီး အရသာရှိတာတွေလည်း စားရတာမို့ ရန်ကုန်မြို့ရဲ့ Street Food နာမည်ကြီးနေရာတွေကို မျှဝေပေးလိုက်ပါတယ်။

တရုတ်တန်း Street Food

ဟိုတုန်းထဲက ခေတ်အလိုက် နာမည်ကျော်ခဲ့တဲ့ တရုတ်တန်းဟာ Foodie အင်အားတောင့်ပြီးသားပါ​။ နှစ်ချီအောင် နာမည်ကြီးတဲ့ တရုတ်တန်းအစားအစာတွေအပြင် အခုခေတ်ပေါ် မောက်ချိုက်ဆိုင်တွေ၊ BKK Street Food ပုံစံ အစားအစားတွေဟာ လူကြီး၊ လူငယ်မရွေးပဲ ကြိုက်ကြလို့ တရုတ်တန်းဟာ အမြဲစည်းကားနေပါတယ်။ တရုတ်တန်းရဲ့ ဂဏာန်းကော်ကြော်၊ ပဲပေါင်း၊ ကြက်ဥနို့ပေါင်း၊ ကွေကာအုပ်၊ ဆာတေးနဲ့ ဖက်ထုပ်ကြော်ဆိုင်၊  ၁၇ လမ်းထဲက ဝက်သားဒုတ်ထိုးဆိုင်တွေ၊ ၁၈ လမ်းထိပ်က သင်ပေါင်းပိုးဆိုင်၊ ၁၉ လမ်း အကင်စုံ၊ လမ်း ၂၀ ဘုံကျောင်းနားလေးက ဆန်ပြုတ်ဆိုင် စတာတွေဟာ နာမည်ကြီးတွေပါပဲ။

ဗိုလ်တထောင်ကမ်းနား Street Food

ညနေဘက် ဆိပ်ကမ်းနားလေးမှာ လေတဖြူးဖြူးနဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေ အပန်းဖြေရင်း Street Food တွေ ပတ်စားလို့ရမယ့် နေရာလေးပါ။  အနံ့မွှေးမွှေး ငါးကင်တွေ၊ ပင်လယ်စာ၊ အသားလုံးတွေအစုံနဲ့ ပူပူစပ်စပ် မာလာရှမ်းကော၊ မာလာမောက်ချိုက်တွေ၊ ရှုးရှုးရှဲရှဲ ယိုးဒယားအထောင်းတွေ၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်တို့လို ဆိုင်လေးတွေ၊ မြန်မာမုန့်တွေ၊ လက်ဖက်ပြောင်းဖူးနဲ့ အသုပ်ဆိုင်တွေ၊ အကင်ဆိုင်တွေ များပါတယ်။ အသီးအစစ်နဲ့ လုပ်ထားတဲ့ ရေခဲမုန့်ကြော်ဆိုင်လေးလည်း ရှိပါတယ်။

လှည်းတန်း Street Food

လှည်းတန်းဈေးကနေ စံရိပ်ငြိမ်လောက်ထိ လှည်းကိုယ်စီနဲ့ အရောင် အရသာစုံလင်တဲ့ Street Food တွေဟာ နာမည်ကြီးပါ။ အခုတော့ လှည်းလေးတွေအကုန် ဦးထွန်းလင်းခြံလမ်းတို့လို လမ်းလေးတွေထဲ ရောက်ကုန်ပါပြီ။ လူငယ်တွေရဲ့ ခြေရာစုံနဲ့ အမှတ်တရများစွာရှိတဲ့ လှည်းတန်းမှာ Street Food ကတော့ အပေါဆုံးပါ။ ကွေတီယို၊ မန္တလေးမြှီးရှည်၊ အကင်၊ အထောင်းစုံ စတဲ့ အစားအသောက်တွေ နာမည်ကြီးပါတယ်။

 

Click Here > K & S PPE Supplier

စမ်းချောင်း Street Food

မြေနီကုန်း စမ်းချောင်းဟာ Street Food နဲ့ Spirit တို့လို ပစ္စည်းအစုံရတဲ့နေရာမို့ စားတာအပြင် ဈေးဝယ်ရတာ ကြိုက်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။ လှည်းလေးနဲ့ အကင်လေးတွေ၊ ဆာတေးတွေ၊ ယိုးဒယားအစားအစာနဲ့ အထောင်းစုံတွေ၊ တုတ်ထိုးဆိုင်တွေ၊ Takoyaki ဆိုင်၊ အကြော်စုံ၊ အသုပ်စုံ၊ ကြာဆံချက် စသဖြင့် အစားအသောက်တွေ ပေါပါတယ်။ စားရတာတွေ အီလာပြီဆို စမ်းချောင်းရဲ့ နာမည်ကြီး အုန်းရှာလပတ်ရည်လေးသောက်ပေါ့။ သံပုရာသီးလေးညှစ်ခိုင်းရင် ပိုသောက်လို့ ကောင်းပါတယ်။

ကျောက်မြောင်း Street Food

တာမွေ၊ ကျောက်မြောင်းကတော့ အချက်အချာနေရာဖြစ်ပြီး အဓိပဌာန်လမ်းတို့ ကျားကွက်သစ်လမ်းတို့မှာ Street Food ဆိုင်တွေဟာ ပြည့်နှက်နေပါတယ်။ Street Food တွေအပြင် ဆိုင်ကောင်းတွေလည်းရှိပေမယ့် လူငယ်တွေ တော်တော်များများကတော့ ညဘက်ထိ စည်တဲ့ Street Food ကိုပဲ ပိုနှစ်သက်ကြပါတယ်။ ဝက်သားတုတ်ထိုးဆိုင်တွေ၊ Corn Dog၊  မြိတ်ကတ်ကြေးကိုက်၊ ကော်ပြန့်စိမ်း၊ ငါးကင်နဲ့ အကင်စုံတွေ၊ အထောင်းစုံ စတာတွေပေါပြီး အရသာလည်း အရမ်းရှိပါတယ်။

ကြည့်မြင်တိုင်ညဈေး Street Food

စျေးတန်တန်နဲ့ ဘေထုပ်အထည်လေးတွေ ရွေးရင်း Street Food စားချင်သူတွေအတွက် ကြည့်မြင်တိုင်ညဈေးက အိုအေစစ်ပါပဲ။ အခုနောက်ပိုင်း အရင်လောက်တော့ ဘေထုတ်သည်တွေ မပေါတော့ပေမယ့် ရှိတော့ရှိပါသေးတယ်။ ညဈေးရောက်ရင် ဝက်မုန့်တီ၊ ဆိတ်သားတုတ်ထိုး၊ ငါးဖယ်အစာသွပ်၊ မုန့်တီ၊ ချဉ်ငံစပ် အသုတ်စုံနဲ့ အကင်တွေ စတဲ့ စားကောင်းသောက်ဖွယ်တွေကို ဗိုက်ကားအောင် ပတ်စားကြည့်ပါ။ 

မေဓါဝီလမ်း Street Food

Street Food လို့ပြောရင် မြောက်ဥက္ကလာ၊ မေဓါဝီလမ်းထဲက ညစျေးတန်းလေးကိုလည်း ချန်ခဲ့လို့မရပါဘူး။ ညနေဘက်ဆို လူစည်ပြီး Street Food တွေ စုံစုံလင်လင် ရှိပါတယ်။ တုတ်ထိုးဆိုင်၊ ချီးစ်အာလူးချောင်းကြော် ကြွပ်ကြွပ်ရွရွလေး၊ ရှူးရှူးရှဲရှဲ မာလာအကင်သုပ်၊ ပါနီပူရီ၊ Takoyaki၊ ဖက်ထုတ်ကြော်နဲ့ အကင်တွေအပြင် တခြား Street Food တွေကိုလည်း မြည်းစမ်းကြည့်လို့ရပါတယ်။ 

ပဒေသာညစျေး Street Food

တောင်ဥက္ကလာ မေတ္တာလမ်းမပေါ်က ပဒေသာညစျေးကလည်း လူတော်တော်စည်တဲ့ နေရာလို့ ပြောရင်ရပါတယ်။ အသီးသည်တွေ၊ ဟင်းသီးဟင်းရွက်သည်တွေနဲ့ မုန့်ဆိုင်တွေကြောင့် ညနေ (၅) ခွဲ၊ (၆) လောက်ဆို လူတွေ ပြည့်နေတတ်ပါတယ်။ အဲ့စျေးမှာ ဘာတွေနာမည်ကြီးလဲဆိုရင် ကိုယ်ပိုင်ကားတွေနဲ့ပါ လာစားကြတဲ့ ထမင်းကြော်ဆိုင်၊ ၁၀ ရပ်ကွက်စျေးက မုန့်ဟင်းခါး ပူပူလေး၊ “ကိုလှသိန်း” ရေခဲမုန့်ဆိုင်တို့ကတော့ လူသိများပါတယ်။ ဒါ့အပြင် ကြံရည်ဆိုင်၊ ရခိုင်မုန့်တီဆိုင်၊ အသုပ်စုံဆိုင်၊ မာလာမောက်ချိုက်ဆိုင်၊ အကင်ဆိုင်နဲ့ တုပ်တိုးဆိုင်တွေ တန်းစီပြီး ရှိကြပါတယ်။

⇐ Previous Next

Read 1194 times