Things To Do

Ferry Trip on the Yangon River under 1,500 Ks

Ferry Trip on the Yangon River under 1,500 Ks

မွန်းကြပ်နေတဲ့ ရန်ကုန်မြို့ထဲကနေ ခဏထွက်ပြီး ပန်းဆိုးတန်း-ဒလ ချယ်ရီသင်္ဘော သွားစီးရအောင်။ လူအများကြီးနဲ့ စီးနေရတယ်လို့ မခံစားရပဲ အပျော်စီးသင်္ဘော စီးနေရသလို ခံစားချက်မျိုး ရချင်ရင် အောက်ကစာလေးကို ဆက်ဖတ်ကြည့်လိုက်နော်။

ပထမဦးဆုံး ဘာနဲ့ သွားမလဲ။ ကိုယ်ပိုင်ကားနဲ့လား။ တက္ကစီငှားမှာလား။ ပေါ့ပေါးပါးပါး YBS ပဲ စီးမလား။ YBS နဲ့ သွားမယ်ဆိုရင်တော့ ကားခအသွားအပြန် (၂၀၀) ပဲ ကုန်မယ်နော်။ YBS 57, 58 တွေက ပန်းဆိုးတန်း-ဒလ ( ကမ်းနားလမ်း) မှတ်တိုင်ကို တိုက်ရိုက် ရောက်ပါတယ်။ 

  • ပန်းဆိုးတန်း (အနော်ရထာလမ်း) - YBS 4, 58, 93
  • ပန်းဆိုးတန်း (မဟာဗန္ဓုလလမ်း) - YBS 4, 7, 57, 89
  • ပန်းဆိုးတန်း (ကုန်သည်လမ်း) - YBS 7, 20, 98 တွေ စီးပြီး ဆိပ်ကမ်းဘက်ကို လမ်းနည်းနည်း လျှောက်လိုက်လည်း ရပါတယ်။

အဝင်ဝလမ်းမှာ အသီးအနှံနဲ့ မုန့်ရောင်းတဲ့ အသည်တွေ ရှိပါတယ်။ ဈေးချိုပါတယ်။ တစ်ထုတ်ကို ၅၀၀၊ ၁,၀၀၀ လောက်ပါပဲ။ သင်္ဘောပေါ်မှာ ဈေးသည်တွေ မရှိတာမို့ အဆာပြေ စားချင်ရင် တစ်ခါထဲ ဝယ်သွားလို့ ရပါတယ်။ 

ပြီးရင် လက်မှတ်ရောင်းတဲ့ ကောင်တာမှာ အပျော်စီးမှာလို့ ပြောပြီး သင်္ဘောအသွားအပြန် လက်မှတ် ဝယ်ပါ။ တစ်စောင်မှ (၂၀၀) ကျပ်ပဲ ရှိပါတယ်။ 

ကဲ… စားစရာလည်းပါပြီ၊ လက်မှတ်လည်း ရှိပြီဆိုတော့ သင်္ဘောပေါ်တက်လို့ ရပါပြီ။ သင်္ဘောက ရုံးတက်ရုံးဆင်း အချိန်ဆိုရင် မိနစ် (၂၀) ခြား တစ်စီးထွက်ပြီး နေ့လည်ပိုင်းဆိုရင်တော့ လူနည်းလို့ နာရီဝက်ခြား တစ်စီးထွက်ပါတယ်။ သင်္ဘောမထွက်သေးလည်း သင်္ဘောပေါ် အရင်တက်နေလို့ ရတယ်။

ဆိုတော့ အပန်းဖြေအနေနဲ့ သင်္ဘောစီးမယ်ဆိုရင် နေ့လည် (၂) နာရီနဲ့ (၄) နာရီကြားထဲ သွားတာ အကောင်းဆုံးပါပဲ။ နေပူမှာကိုလည်း စိတ်မပူပါနဲ့၊ မြစ်ထဲမှာ လေတဖြူးဖြူးလေး တိုက်နေတော့ လုံးဝအလွင့်၊ ဓာတ်ပုံရိုက်ရင်လည်း‌ နေရောင်အောက်မှာ အရမ်းလှတယ်။

သင်္ဘောက အထပ် (၂) ထပ်ရှိတယ်။ အပေါ်ထပ်ကတော့ ပိုလှတာပေါ့၊ အမြင့်မကြောက်ရင် ခေါင်မိုးပေါ်ထိ တက်လို့ရတယ်။ ရန်ကုန်ဘက်ခြမ်းက ရှုခင်းကို သေချာမြင်ရသလို ဒလဘက်ခြမ်းက မြင်ကွင်းကိုလည်း လှမ်းမျှော်လို့ရတယ်။

မြစ်ထဲမှာ ဇင်ယော်ငှက်လေးတွေလည်း အများကြီးပဲ၊ အုပ်စုလိုက် ပျံသန်းနေတာတွေရော၊ ငါးဖမ်းနေတာတွေရော ချစ်စရာလေးတွေ တစ်ဝကြည့်လို့ရတယ်။ တစ်ခါတစ်လေ ငါးဖမ်းလှေလေးတွေလည်း တွေ့ရတယ်။

တစ်ခု သတိထားရမှာကတော့ အစိမ်းရောင် သင်္ဘောဆေး သုတ်ထားတဲ့ သစ်သားထိုင်ခုံ တန်းလေးတွေက အလကား ထိုင်လို့ ရပြီး အခြားပလတ်စတစ်ခုံ ( ကော်ခုံ ) တွေကတော့ အသွား (၅၀) ကျပ်၊ အပြန် (၅၀) ကျပ် ပေးရပါတယ်။

ဒါပေမဲ့ အသွားအပြန် (၁၀၀) ကျပ်ထဲနဲ့ ကိုယ်ထိုင်ချင်တဲ့နေရာကို ရွေးထိုင်လို့ရတယ်။ နေမပူတဲ့ နေရာမျိုးမှာ ထိုင်ချင်လား၊ လူသိပ်မများတဲ့ နေရာလား၊ သင်္ဘောဦးပိုင်းမှာပဲ ထိုင်မလား။ ဒါမှမဟုတ် မထိုင်ပဲ သင်္ဘောတစ်ပတ် ပတ်နေလည်း ရတယ်။ 

တကယ်တော့ ရန်ကုန် (ပန်းဆိုးတန်း) ကနေ ဒလကို သင်္ဘောမောင်းချိန်က (၁၀) မိနစ်လောက်ပဲ ကြာတယ်။ သင်္ဘောက ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း မိနစ် (၂၀) လောက် ခြားပြီးမှ ပြန်ထွက်တော့ သင်္ဘောပေါ်မှာ အကြာကြီး စီးရသလို ဖြစ်နေတာ။ အသွားအပြန်ဆို (၁) နာရီလောက် ကြာတယ်။

သူငယ်ချင်းတွေ အများကြီးနဲ့ သွားရင် ပိုပျော်စရာကောင်းတယ်။ စကားတွေ ပြောလိုက်၊ တစ်ယောက်တစ်လှည့် ဓာတ်ပုံတွေ ရိုက်လိုက်၊ Group Sefie ဆွဲလိုက်၊ ဇင်ယော်လေးတွေ ကြည့်လိုက်၊ ရန်ကုန်မြစ်ရဲ့ ရှုခင်းတွေကို ငေးလိုက်နဲ့ တကယ်ကို Stress တွေ ကင်းပြီး အပန်းပြေတယ်လို့ ခံစားရတယ်။

ပြန်အကျဉ်းချုပ်ရရင်…

  • YBS ကားခ ( အသွားအပြန် ) - ၄၀၀ (သို့) ၆၀၀
  • အသီးအနှံ (သို့) Snack - ၅၀၀
  • သင်္ဘောလက်မှတ် ( အသွားအပြန် ) - ၂၀၀
  • ထိုင်ခုံခ ( အသွားအပြန် ) - ၁၀၀၊ စုစုပေါင်း ၁,၂၀၀ ကျပ်ကနေ ၁,၄၀၀ ကျပ်ထဲ ကုန်မှာနော်။ 

ကဲ… ဒီတစ်ပတ်ပိတ်ရက် ဘယ်သွားရင် ကောင်းမလဲ ခေါင်းစားမနေပါနဲ့တော့။ ရန်ကုန်မြစ်ထဲမှာ လေကောင်းလေသန့်ရှူရင်း ပျော်ပျော်ပါးပါး အပန်းဖြေသ‌င်္ဘောစီးဖို့ အခုပဲ သူငယ်ချင်းတွေကို Mention ခေါ်လိုက်တော့နော်။

သင်္ဘောစီးဖူးပြီးတဲ့သူတွေကလည်း ကိုယ့်ရဲ့ အတွေ့အကြုံလေးတွေ ပြောပြပေးခဲ့ကြပါဦး။

 

⇐ Previous Next

Read 4520 times