Food & Drink

How to have Hotpot Buffet

How to have Hotpot Buffet

အစားတလိုင်းလေးတွေကတော့ ဘူဖေးဆိုတဲ့ အသံကြားလိုက်ရုံနဲ့တင် စိတ်လှုပ်ရှားနေကြမယ် ထင်ပါတယ်။ ဒါပေမယ့် အစားမတော်တစ်လုတ် ဆိုသလို ဘူဖေးကို စနစ်တကျမစားတတ်တဲ့အခါ ဒုက္ခများတတ်ပါတယ်နော်။ 

ဒါဆိုရင် ဘူဖေးစားတဲ့အခါ ကျန်းမာရေးကိုလည်း မထိခိုက်စေဘဲ၊ ကိုယ်ပေးရတဲ့ ဈေးနဲ့ တန်အောင် ဘယ်လိုစားမလဲ? သိချင်ရင်တော့ အောက်မှာ ဆက်ကြည့်လိုက်ရအောင်နော်။ 

၁။ ပထမဆုံးအနေနဲ့ ကိုယ်စားမယ့်ဆိုင်က အချိန်နဲ့လား အချိန်အကန့်အသတ်မရှိတဲ့ ဆိုင်လားဆိုတာ သိအောင်လုပ်ပါ။ အချိန်အကန့်အသတ်နဲ့ဆို အနည်းဆုံး ၁ နာရီခွဲ ပေးတဲ့ဆိုင်မှ အဆင်ပြေပါမယ်။ ဒါတောင် အစားနှေးတဲ့သူဆို ၂ နာရီလောက်မှ အဆင်ပြေမှာပါနော်။ 

၂။ ဆိုင်ရွေးပြီးရင်တော့  ဟင်းရည်ကို ရွေးရပါမယ်။ ဟင်းရည်ရွေးတဲ့နေရာမှာ တစ်ချို့ဆိုင်တွေက တုံရမ်း၊ မာလာ၊ စတဲ့ ဟင်းရည်တွေမှာ အရသာတွေ အရမ်းကဲထားလို့ တအားစပ်သွားတာမျိုး၊ တအားချဥ်နေတာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ်စားနေကျ ဆိုင်ဆိုရင် ကိစ္စမရှိပေမယ့် အခုမှစပြီး စားဖူးမယ့် ဆိုင်မျိုးဆိုရင်တော့ ဆိုင်ရောက်တာနဲ့ လူကြိုက်များတဲ့ ဟင်းရည်ကို Recommend ပေးခိုင်းပါ။ 

၃။ ပြီးရင်တော့ စားစရာတွေ ယူရမယ့် အလှည့် ရောက်ပါပြီ။ စားစရာယူတဲ့အခါ အမျိုးအစားတစ်မျိုးထဲကို အများကြီး မယူပါနဲ့။ ဥပမာ၊ ၃ ထပ်သားကြိုက်လို့ ၃ ထပ်သားကို အများကြီး ယူလိုက်တာမျိုး မလုပ်ပါနဲ့။ ဆိုင်မှာ ရှိသမျှ အသားလွှာတွေ၊ နယ်ထားတဲ့အသားတွေ၊ အသားလုံးတွေ၊ အရွက်တွေနဲ့ ပင်လယ်စာတွေကို နည်းနည်းစီယူပါ။ Appetizer တွေကိုလည်း နည်းနည်းစီပဲ ယူပါ။ နောက်ထပ်စားချင်ရင် ပထမတစ်သုတ်ကုန်မှ ထယူလို့ရပါတယ်နော်။ 

၄။ အသားတွေနဲ့ တွဲစားတဲ့အခါ အရသာရှိဖို့ အချဥ်ရည်ကလည်း အရေးကြီးပါတယ်။ ကိုယ်က အချဥ်ကို ကျွမ်းကျွမ်းကျင်ကျင် မစပ်တတ်ဘူးဆိုရင် ဆိုင်မှာ စပ်ပြီးသားအချဥ် သို့မဟုတ် ဝန်ထမ်းတွေကို အချဥ်စပ်ခိုင်းတာမျိုး လုပ်ပါ။ အချဥ်ကောင်းကောင်းရဖို့ Tips ပေးရရင်တော့ ဆိုင်မှာ အသင့်ဖျော်စပ်ထားတဲ့ အချဥ်ရည်ကို ကြက်သွန်ဖြူနဲနဲ၊ ကြက်သွန်မြိတ်နဲနဲ၊ အသားမှုန့် နည်းနည်း၊ နှမ်းနည်းနည်းနဲ့ ငရုတ်သီးနည်းနည်း ထည့်ပြီးစားပါ။ ပုံမှန်ထက် ထူးခြားတဲ့အချဥ်အရသာကို စားရပါလိမ့်မယ်။ 

၅။ ဒါပြီးရင် ယူထားတာတွေကို စပြုတ်လို့ ရပါပြီ။ ပြုတ်တဲ့နေရာမှာ အသားလုံးတွေက ၆ မိနစ်၊ ၇ မိနစ်လောက် ပြုတ်ပေးရပါတယ်။ ပင်လယ်စာတွေက ၂ မိနစ်၊ ၃ မိနစ်လောက် ပြုတ်ရပါတယ်။ အသားလွှာတွေကတော့ ၄၅ စက္ကန့်လောက်ဆို ကျက်ပါပြီ။ ဒါကြောင့် ပြုတ်တဲ့နေရာမှာ ကြာချိန်အစဥ်လိုက်အတိုင်း ဒါမှမဟုတ် ကိုယ်စားချင်တဲ့အမယ်အတိုင်း ပြုတ်ပါ။ အသားလွှာတွေကို အကြာကြီး ပြုတ်ထားမိရင် အရသာမကောင်းတဲ့အပြင် ရင်ပြည့်စေလို့ စားခါနီးမှ ပြုတ်ပါနော်။ 

၆။ အသားတွေ ပြုတ်ထားတဲ့အချိန်မှာ အူလမ်းကြောင်းကို ရှင်းတဲ့အနေနဲ့ အအေး သို့မဟုတ် ရေ အနည်းငယ် သောက်ထားပါ။ (နည်းနည်းပဲ သောက်နော်)။ Appetizer တွေ ကြိုစားထားလည်း ရပါတယ်။ အချိုပွဲတွေကတော့  ကြိုမစားထားသင့်ပါဘူး။ 

၇။ ရေနွေးဆူလာပြီး အသားတွေ စားလို့ရပြီဆိုရင် ရွေးယူလာတဲ့ အထဲကမှ အရသာအရှိဆုံးနဲ့ ကိုယ်အကြိုက်ဆုံး အသားကို အရင်ဆုံးစားပါ။ ပထမဆုံးစားတဲ့ အသားက စားသမျှထဲ အရသာအရှိဆုံး အသား ဖြစ်မှ ကျန်တာတွေကို ဆက်စားဖို့ ခံတွင်းတွေ့စေမှာပါ။ အဲ့လိုမဟုတ်ဘဲ သိပ်မကြိုက်တဲ့ဟာမျိုးကို အရင်စားမိရင် ကိုယ်တစ်ကယ်စားမယ့် အသားအလှည့်အရောက်တော့ အီလည်လည်နဲ့ ထင်သလောက် အရသာမရှိ ဖြစ်နေတတ်ပါတယ်။ 

၈။ ကိုယ်အကြိုက်ဆုံးအသားကို စားပြီးရင်တော့ ကိုယ်မစားဖူးသေးတဲ့အသား ဒါမှမဟုတ် ဈေးအကြီးဆုံးလို့ ထင်တဲ့ အသားကို ရွေးစားပါ။ အသားလုံး၊ အရွက်နဲ့ ပင်လယ်စာတွေကိုတော့ အသားစားပြီး အီလာတဲ့အချိန်မှာ စားပါ။ အသားအလွှာတွေစားပြီး နည်းနည်းပြည့်လာတဲ့အခါ ပုဇွန်အခွံခွာတာ၊ ကဏန်းစားတာ စတာတွေက အစာကြေဖို့အချိန်ရသလို ဗိုက်ပြည့်တာကိုလည်း နှောင့်နှေးစေပါတယ်နော်။ 

၉။ စားပွဲပေါ်မှာ စားစရာတွေ ကုန်ခါနီးလို့ ဒုတိယတစ်ကျော့ ထပ်ယူမယ်ဆိုရင်တော့ ပထမတစ်ခေါက်တုန်းကလို အကုန်လုံးကို နည်းနည်းဆီ လိုက်မယူပါနဲ့တော့။ ကိုယ်တစ်ကယ်ထပ်စားချင်တာလောက်ပဲ ထပ်ယူပါ။ အများကြီးယူမိပြီး မကုန်လို့ လျော်ရရင် အလကားနေရင်း ပိုက်ဆံအပိုထပ်ကုန်ပြီး ပေးရတဲ့ဈေးနဲ့ မတန်ဘဲ ဖြစ်တတ်ပါတယ်။ 

၁၀။ အားလုံးစားပြီးလို့ နောက်ဆုံးအပိတ်အနေနဲ့ အချိုတည်းမယ်ဆိုရင် စားဖူးနေကျ ရေခဲမုန့်၊ ကိတ်မုန့် စတာတွေကိုပဲ စားတာထက် ဆိုင်ရဲ့ Signature အချိုပွဲလေးတွေကို လိုက်မြည်းစမ်းကြည့်ပါ။ ဘယ်မှာမှ မရနိုင်ဘဲ ဒီတစ်ဆိုင်ထဲမှာပဲ ရနိုင်မယ့် အချိုပွဲမျိုးဆို စားရတာလည်း တန်တဲ့အပြင် အရသာလည်း ထူးခြားမှာ အမှန်ပါပဲ။

ကဲ ဟော့ပေါ့ဘူဖေး စနစ်တကျ စားပုံစားနည်းတွေကိုလည်း ပြောပြပြီးသွားပြီဆိုတော့ ကိုယ်နဲ့အတူ သွားစားမယ့် ကိုယ့်လိုမျိုး အစားတလိုင်းလေးတွေကိုလည်း လက်တို့လိုက်ဦးနော်။ 

ရန်ကုန်မြို့ရဲ့ ဘူဖေးရတဲ့ ဆိုင်တွေကို တစ်စုတစ်စည်းထဲ ရှာဖွေချင်တယ်ဆိုရင်တော့ အောက်ပါလင့်ခ်မှာ ဝင်ရောက်ရှာဖွေလို့ ရပါတယ်။ 

>> https://cutt.ly/WdMcBem 

 

⇐ Previous Next

Read 6053 times