Things To Do

Mobile Sim-card Registration From Online

Mobile Sim-card Registration From Online

ဆင်းကတ် မှတ်ပုံတင်တဲ့အခါ အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ကို မှန်ကန်စွာ မဖြည့်စွက်ထားရင် ဒါမှမဟုတ် အသုံးပြုနေတဲ့ ဆင်းကတ်က လုံး၀ မှတ်ပုံတင်ထားခြင်းမရှိရင် ဆင်းကတ်များကို အပြီးပိတ်သိမ်းပြီး လက်ကျန်ငွေများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ (၂၀) ရက်နေ့က တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်အသုံးပြုနေတဲ့ ဆင်းကတ်တွေ မှတ်ပုံတင်ထားခြင်း ရှိ/မရှိ၊ အမည်နဲ့ မှတ်ပုံတင်အမှတ် မှန်/မမှန် စစ်ဆေးခြင်း၊ ဆင်းကတ်မှတ်ပုံတင် မလုပ်ရသေးရင် မှတ်ပုံတင်ပြုလုပ်ခြင်းနှင့် ဖြည့်စွက်ထားတဲ့ အချက်အလက်များ မှားနေပါက ပြင်ဆင်ခြင်းတို့ကို ပြည်တွင်းသုံး ဆက်သွယ်ရေးအော်ပရေတာ လေးခုအလိုက် အွန်လိုင်းမှတစ်ဆင့် အလွယ်တကူ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

အက်တမ် (ATOM) ဆင်းကတ်များ

အက်တမ်ဆင်းကတ်များကို အသုံးပြုနေသူဆိုရင် ဆင်းကတ် မှတ်ပုံတင်ထားတဲ့ အချက်အလက်တွေကို နံပါတ် *979*3*3# သို့ ခေါ်ဆို စစ်ဆေးနိုင်ပါတယ်။

ဆင်းကတ် မှတ်ပုံတင်ထားတဲ့ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့် အချက်အလက်များ လွဲမှားနေရင် ပြင်ဆင်နိုင်တဲ့ Link ပါဝင်တဲ့ မက်ဆေ့တစ်စောင် ရောက်လာပါလိမ့်မယ်။ Link မှတစ်ဆင့် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ နိုင်ငံသားစိစစ်ရေးကတ်ရဲ့ အရှေ့၊ အနောက်ဓာတ်ပုံ၊ နိုင်ငံခြားသားဆိုရင် ပတ်စပို့ အရှေ့၊ အနောက်ဓာတ်ပုံကို Scan ဖတ် ဖြည့်စွက်လိုက်ရင် ဆင်းကတ် မှတ်ပုံတင်ခြင်းနှင့် အချက်အလက်အမှန်များ ပြင်ဆင်ခြင်းကို အလွယ်တကူ ပြုလုပ်နိုင်ပါပြီ။

အက်တမ်စတိုး (Atom Store) အက်ပလီကေးရှင်းကို အသုံးပြုရင် အက်ပလီကေးရှင်းထဲက Profile Account မှတစ်ဆင့် သင်ဖြည့်စွက်ထားတဲ့ ဆင်းကတ်မှတ်ပုံတင်အချက်အလက်များကို ကြည့်ရှုနိုင်ပြီး အချက်အလက်များ မှားနေပါက အလွယ်တကူ ပြင်ဆင်နိုင်ပါတယ်။

MPT ဆင်းကတ်များ

MPT ဆင်းကတ်များကို အသုံးပြုနေသူတွေကတော့ ဆင်းကတ် မှတ်ပုံတင်အချက်အလက်များကို နံပါတ် *601# သို့ ခေါ်ဆို စစ်ဆေးနိုင်ပါတယ်။

ဆင်းကတ် မှတ်ပုံတင်ထားတဲ့ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့် အချက်အလက်များ လွဲမှားနေရင် ပြင်ဆင်နိုင်တဲ့ Link ပါဝင်တဲ့ မက်ဆေ့တစ်စောင် ပေးပို့လာပါလိမ့်မယ်။ Link မှတစ်ဆင့် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ နိုင်ငံသားစိစစ်ရေးကတ်ရဲ့ အရှေ့၊ အနောက်ဓာတ်ပုံ၊ နိုင်ငံခြားသားဆိုရင် ပတ်စပို့ အရှေ့၊ အနောက်ဓာတ်ပုံကို Scan ဖတ် ဖြည့်စွက်လိုက်ရင် ဆင်းကတ် မှတ်ပုံတင်ခြင်းနှင့် အချက်အလက်အမှန်များ ပြင်ဆင်ခြင်းကို အလွယ်တကူ ပြုလုပ်နိုင်ပါပြီ။

MPT4U အက်ပလီကေးရှင်းကို အသုံးပြုရင် အက်ပလီကေးရှင်းထဲက Profile ထဲမှာ ဆင်းကတ် မှတ်ပုံတင်အချက်အလက်များကို ကြည့်ရှုနိုင်ပြီး အချက်အလက်များ မှားနေပါက ညွှန်ကြားချက်များအတိုင်း အဆင့်ဆင့် ပြင်ဆင်သွားနိုင်ပါတယ်။

Mytel ဆင်းကတ်များ

Mytel ဆင်းကတ်များကို အသုံးပြုနေသူဆိုရင် ဆင်းကတ် မှတ်ပုံတင်အချက်အလက်တွေကို စစ်ဆေးရန် နံပါတ် *966# ကို ဖုန်းခေါ်ဆိုပြီး ဝင်ရောက်လာသော Pop-up မက်ဆေ့တွင် နံပါတ် ၆ (My account) နှင့် နံပါတ် ၂ (My Personal Information) တို့ကို ရွေးချယ်ပေးလိုက်ပါ။

ဆင်းကတ်ကို မှတ်ပုံတင်ထားတဲ့ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့် အချက်အလက်များ မှားနေပါက ပေးပို့လာသော မက်ဆေ့မှ Link ထဲတွင် ဝင်ရောက်ပြင်ဆင်နိုင်ပါတယ်။ 

Mytel ရဲ့ MyID အက်ပလီကေးရှင်းကို အသုံးပြုရင် အက်ပလီကေးရှင်းထဲမှ SIM Update ထဲ ဝင်ပြီး လမ်းညွှန်ချက်များအတိုင်း ဆင်းကတ်မှတ်ပုံတင်ခြင်းနှင့် အချက်အလက်များ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါတယ်။ ထိုအချက်အလက်များကို Mytel က ၇၂ နာရီအတွင်း စစ်ဆေးပြီး ပြန်လည်အတည်ပြုပေးပါလိမ့်မယ်။

Ooredoo ဆင်းကတ်များ

အူရီဒူးဆင်းကတ်များကို အသုံးပြုနေသူတွေက ဆင်းကတ် မှတ်ပုံတင်အချက်အလက်များကို နံပါတ် *666# သို့ ခေါ်ဆို စစ်ဆေးနိုင်ပါတယ်။

ဆင်းကတ်ကို မှတ်ပုံတင်ထားတဲ့ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့် အချက်အလက်များ မှားနေရင် ပြုပြင်နိုင်တဲ့ Link ပါဝင်တဲ့ မက်ဆေ့ကို ရရှိပါလိမ့်မယ်။ Link မှတစ်ဆင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်များ ဖြည့်စွက်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ရဲ့ အရှေ့၊ အနောက်ဓာတ်ပုံများ Scan ဖတ် တင်ပေးခြင်းဖြင့် အလွယ်တကူ ပြင်ဆင်နိုင်ပါတယ်။

အူရီဒူးရဲ့ My Ooredoo အက်ပလီကေးရှင်းကို အသုံးပြုရင် အက်ပလီကေးရှင်းထဲက Register SIM ကို ဝင်ပြီး သတ်မှတ်လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်လိုက်ရုံနဲ့ ဆင်းကတ်မှတ်ပုံတင်နိုင်ပါတယ်။

အော်ပရေတာ လေးခုလုံးအတွက် ဆင်းကတ်မှတ်ပုံတင် ပြုလုပ်ခြင်းကို အွန်လိုင်းမှတစ်ဆင့် အလွယ်တကူ ဆောင်ရွက်နိုင်ပေမဲ့ သတိပြုရမယ့် အချက်ကတော့ ဖော်ပြပါနံပါတ်များကို ဖုန်းခေါ်ပြီး ရရှိလာသော မက်ဆေ့မှ Link များကို ဝင်ရောက်တဲ့အခါ သက်ဆိုင်ရာ အော်ပရေတာရဲ့ မိုဘိုင်းအင်တာနက်လိုင်းကို ဖွင့်ပြီး ဝင်ရောက်မှသာ အဆင်ပြေပါမယ်။ ဆင်းကတ်နှစ်ကတ် အသုံးပြုသူဆိုရင် ဖုန်းရဲ့ Setting ထဲက SIM Cards and Mobile Network မှ ဒေတာကတ်နေရာတွင် သက်ဆိုင်ရာဆင်းကတ်ကို ကြိုတင်ရွေးချယ်ပြီးမှ ပြုလုပ်သင့်ပါတယ်။

⇐ Previous Next

Read 3033 times