Things To Do

Most Powerful People in Finance & Investment

Most Powerful People in Finance & Investment

ယခုနှစ် ၂၀၂၁ ခုနှစ်အတွက် Forbes Magazine ကနေ ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဩဇာအာဏာ အရှိဆုံး လူပုဂ္ဂိုလ်တွေထဲက ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ လူသိများ၊ အောင်မြင် ကျော်ကြားတဲ့ လူပုဂ္ဂိုလ် (၅) ဦးကို ဖော်ပြပေးလိုက်ပါတယ်။

  • Warren Buffett ( CEO, Berkshire Hathaway )
  • Jamie Dimon ( CEO, Chase )
  • Larry Fink ( Cofounder & CEO, BlackRock )
  • Ken Griffin ( Founder & CEO, Citadel LLC ) 
  • Abigail Johnson ( CEO, Fidelity Investments ) 

အဲဒီလူပုဂ္ဂိုလ် (၅) ဦးရဲ့ လက်ရှိ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ပိုင်ဆိုင်မှုတွေအကြောင်း အသေးစိတ်ကိုလည်း အောက်မှာ သေချာ ဖတ်ကြည့်လို့ ရပါတယ်။

၁။ Warren Buffett ( CEO, Berkshire Hathaway )

လက်ရှိမှာ အသက် (၉၀) နှစ် ရှိနေပြီ ဖြစ်တဲ့ Warren Buffett ဟာ ရင်းနှီးမြှုပ်နှံမှုလောကမှာ အအောင်မြင်ဆုံး လူတစ်ဦးဖြစ်ပါတယ်။ အသက် (၁၁) နှစ်အရွယ်ကတည်းက ပထမဦးဆုံး စတော့ရှယ်ယာကို ဝယ်ယူခဲ့ပြီး အသက် (၁၃) နှစ်အရွယ်မှာ စတင် အခွန်ဆောင်ခဲ့ပါတယ်။ 

သူဟာ Berkshire Hathaway အပြင် Geico အာမခံလုပ်ငန်း, Duracell ဘက်ထရီလုပ်ငန်း, Dairy Queen စားသောက်ဆိုင်လုပ်ငန်း စတဲ့ စီးပွားရေးလုပ်ငန်းပေါင်း (၆၀) ကျော်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အမေရိကန်ဒေါ်လာ (၉၁.၈) ဘီလီယံကျော် ကြွယ်ဝ ချမ်းသာပါတယ်။

Warren Buffett ဟာ Bill Gates နဲ့အတူ သူ့ပိုင်ဆိုင်မှုတစ်ဝက်ကို လူမှုကူညီရေးလုပ်ငန်းတွေမှာ လှူဒါန်းသွားမယ်လို့ ကတိပြုခဲ့ပြီး အထူးသဖြင့် Bill Gates Foundation နဲ့ သူ့သားသမီးတွေရဲ့ Foundation တွေမှာ အမေရိကန်ဒေါ်လာ (၄၁) ဘီလီယံထိ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

၂။ Jamie Dimon ( CEO, Chase )

Jamie Dimon ဟာ Finance Career ကို ၁၉၈၂ ခုနှစ်မှာ စတင် လုပ်ကိုင်ခဲ့ပါတယ်။ အမေရိကားမှာ အကြီးဆုံး ဘဏ်လုပ်ငန်းတစ်ခုဖြစ်ပြီး ကမ္ဘာ့ (၅) ခုမြောက် အကြီးဆုံးဘဏ်ဖြစ်တဲ့ JPMorgan Chase မှာ ၂၀၀၄ ခုနှစ်ကစပြီး ဝင်ရောက် လုပ်ငန်းလည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ 

သူဟာ အမေရိကန်ဘီလျှံနာ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး အမေရိကန်ဒေါ်လာ (၁.၈) ဘီလီယံကျော်ကို ပိုင်ဆိုင်ပါတယ်။ လက်ရှိမှာ အသက် (၆၄) နှစ်အရွယ် ဖြစ်နေပါပြီ။ ၂၀၁၄ ခုနှစ်မှာ လည်ချောင်းကင်ဆာဖြစ်ပြီး တစ်နှစ် အလုပ်နားခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာ လုပ်ငန်းခွင် ပြန်ဝင်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ သူ့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ပယ်ဖျက်ခဲ့ပြီးတဲ့နောက်မှာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က Dimon ကို အတွင်းရေးမှူးအဖြစ် ရွေးချယ်ခဲ့တယ်ဆိုပြီး ကောလဟာလသတင်းများလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

၃။ Larry Fink ( Cofounder & CEO, BlackRock )

လုပ်ဖော်ကိုင်ဖက် (၇) ဦးနဲ့အတူ BlackRock ကို ၁၉၈၈ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး သူ့ရဲ့ ဦးဆောင်မှုအောက်မှာ ကုမ္ပဏီက မြန်မြန်ဆန်ဆန် ကြီးထွားလာပါတယ်။ သူဟာ Leadership ပိုင်းမှာ အထူး ကျွမ်းကျင် ပိုင်နိုင်တာကြောင့် ကမ္ဘာ့အကောင်းဆုံး ခေါင်းဆောင်တွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာ့အကောင်းဆုံး CEO တွေထဲမှာလည်း (၁၄) နှစ် ဆက်တိုက် ပါဝင်ခဲ့ပါသေးတယ်။ လက်ရှိမှာ အသက် (၆၈) နှစ် ရှိပြီဖြစ်ပြီး Larry Fink ရဲ့ ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ (၁) ဘီလီယံကျော် ရှိပါတယ်။

၄။ Ken Griffin ( Founder & CEO, Citadel LLC ) 

ချီကာဂိုအခြေစိုက် အကြီးဆုံး ငွေကြေးရံပုံငွေလုပ်ငန်းတစ်ခုဖြစ်တဲ့ Citadel ကို Ken Griffin က ၁၉၉၀ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပါတယ်။ သူ့ရဲ့ ပထမဦးဆုံး ကုန်သွယ်မှုကတော့ ၁၉၈၇ ခုနှစ်ကတည်းက စခဲ့တာ ဖြစ်ပါတယ်။ 

အသက် (၅၂) နှစ်ရှိပြီး လက်ရှိမှာ သူ့ရဲ့ ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ (၁၅) ဘီလီယံထိ ကြွယ်ဝ ချမ်းသာတဲ့ ဘီလျှံနာတစ်ဦး ဖြစ်ပါတယ်။ သူ့ဘဝတစ်လျှောက်လုံးမှာ ကန်ဒေါ်လာ (၁) ဘီလီယံကို ပေးကမ်း စွန့်ကြဲတာတွေ လုပ်ခဲ့ပါတယ်။

အဲဒီထဲမှာ အများဆုံးကတော့ ချီကာဂိုမှာရှိတဲ့ Non-Profits တွေကို ကန်ဒေါ်လာ (၃၀၀) မီလီယံ လှူဒါန်းတာနဲ့ လန်ဒန်၊ နယူးယောက်နဲ့ Palm ကမ်းခြေက အိမ်ခြေရာမဲ့တွေအတွက် ကန်ဒေါ်လာ (၈၀၀) မီလီယံကို လှူဒါန်းတာတွေပဲ ဖြစ်ပါတယ်။

၅။ Abigail Johnson ( CEO, Fidelity Investments ) 

ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှု လောကမှာ ထင်ရှားတဲ့ တစ်ဦးထဲသော အမျိုးသမီးလုပ်ငန်းရှင်ကတော့ Abigail Johnson ဖြစ်ပါတယ်။ သူမအဖေ ပိုင်ဆိုင်တဲ့ Fidelity Investments ကုမ္ပဏီမှာ ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ CEO, ၂၀၁၆ ခုနှစ်မှာ Chairman အဖြစ် တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။

Abigail Johnson ဟာ အမေရိကန်ဒေါ်လာ (၂.၉) ထရီလီယံ တန်ကြေးရှိတဲ့ စတော့ရှယ်ယာ (၂၅) ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး လက်ရှိပိုင်ဆိုင်မှုကတော့ ကန်ဒေါ်လာ (၁၅) ဘီလီယံ ရှိပါတယ်။ အသက်ကတော့ (၅၉) နှစ် ရှိနေပါပြီ။

သူမဟာ ကျောင်းတက်နေစဉ်ကတည်းက ကျောင်းပိတ်ရက်တွေမှာ အချိန်ပိုင်းအလုပ်တွေ လုပ်ကိုင်ခဲ့ပြီး ဟားဗက်တက္ကသိုလ်ကနေ MBA ဘွဲ့ရပြီးတဲ့နောက် ၁၉၈၈ ခုနှစ်မှာ Analyst အဖြစ် အချိန်ပြည့်အလုပ်ကို စတင် လုပ်ခဲ့ပါတယ်။

⇐ Previous Next

Read 1566 times