Food & Drink

Myanmar Thingyan Traditional Foods

Myanmar Thingyan Traditional Foods

ဧပြီလရောက်ပြီဆိုတာနဲ့ သင်္ကြန်ရဲ့ အငွေ့အသက်ကို စတင်ရရှိလာပါပြီ။ သင်္ကြန်ဆိုတာ မြန်မာလူမျိုးတွေရဲ့ နှစ်သစ်ကူး အချိန်သမယ ဖြစ်ပါတယ်။ သင်္ကြန်မှာ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောသန့်စင်ပြီး သစ်လွင်တဲ့ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် ရေစင်ဖျန်းပက် ကစားကြတာမျိုး၊ အိမ်မှာနေရင်း သင်္ကြန်မုန့်တွေ လုပ်ပြီး အိမ်နီးနားချင်းတွေကို ဝေငှပေးတာမျိုး လုပ်လေ့ရှိကြပါတယ်။ 

ဒါကြောင့် သင်္ကြန်တွင်းမှာ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေ စုပြီး ကိုယ်တိုင်လုပ်စားချင်တာဖြစ်ဖြစ်၊ စတုဒီသာ ဝေငှလှူဒါန်း ကျွေးဖို့ပဲဖြစ်ဖြစ် အဆင်ပြေစေရန် သင်္ကြန်မုန့်လုပ်နည်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

 Advertisement

Click Here > GeoResources

၁။ မုန့်လုံးရေပေါ်

သင်္ကြန်အစားအစာတွေမှာ မပါမဖြစ်ကတော့ လူတိုင်းကြိုက်တဲ့ မုန့်လုံးရေပေါ် ဖြစ်ပါတယ်။ မုန့်လုံးရေပေါ်က ဆန်မှုန့်နဲ့ ကောက်ညှင်းမှုန့်လေးကို ရောနယ်ပြီး အလုံးလေးတွေ ပြုလုပ်ကာ အထဲမှာ ထန်းလျက်ခဲလေးတွေ အစာသွပ်ထားပြီး ရေနွေးဆူဆူထဲမှာ ထည့်ပြီး ပြုတ်ရတာ ဖြစ်ပါတယ်။ ရေပေါ် မုန့်လုံးလေးတွေ ပြန်တက်လာပြီဆိုရင် ဆယ်ကာ အုန်းသီးဖွေးဖွေးလေးနဲ့ တွဲပြီး စားရတာ ဖြစ်ပါတယ်။ သူ့ရဲ့ အရသာလေးက ချိုချို အိအိ စိမ့်စိမ့်လေးနဲ့ စားလို့ အရမ်းကောင်းပါတယ်။

၂။ ရွှေရင်အေး

ရွှေရင်အေးထဲမှာဆိုရင် အုန်းနို့၊ သကြား၊ ကျောက်ကျော၊ မုန့်လက်ဆောင်းဖတ်၊ ပေါင်မုန့်၊ ကောက်ညှင်း၊ မျှော့ချောင်း၊ သာကူစေ့လေးတွေ စသဖြင့် အစုံပါဝင်ပါတယ်။ ရေခဲစိမ်ထားတဲ့ ရွှေရင်အေးဆိုရင် ချိုမွှေးအေးနေပြီး နာမည်နဲ့ လိုက်အောင် နွေပူပူမှာ ရင်ကို အေးမြစေမှာပါ။

၃။ မုန့်လက်ဆောင်း

လုပ်ရတာလွယ်ကူပြီး ငွေကုန်ကြေးကျလည်း သိပ်မများတဲ့ သင်္ကြန်မုန့် ဖြစ်ပါတယ်။ မုန့်လက်ဆောင်းကို အုန်းနို့နဲ့လည်း စားလို့ရသလို ထန်းလျက်ရည်နဲ့လည်း စားကြပါတယ်။ အသင့်လုပ်ထားတဲ့ မုန့်လက်ဆောင်းဖတ် စိမ်းစိမ်းလေးတွေကို ဈေးထဲမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။  မုန့်လက်ဆောင်း တစ်ခွက်ထဲမှာ သကြား၊ ထန်းလျက်ရည် သို့မဟုတ် အုန်းနို့ရည်၊ ဆားအနည်းငယ်တို့ဖြင့် အရသာရှိရှိ ဖျော်စပ်နိုင်ပါတယ်။

၄။ ပေါင်မုန့်အုန်းနို့ဆမ်း

ပေါင်မုန့်ပေါ်ကို သကြားရည်၊ အုန်းနို့ရည် ဆမ်းထားတာကြောင့် ချိုဆိမ့်အရသာ ပေါင်မုန့်အုန်းနို့ဆမ်းလေးကို ကလေး၊ လူကြီးအားလုံး ခံတွင်းတွေ့ကြပါတယ်။ ဆာလောင် မွတ်သိပ်မှုကို ပေါင်မုန့်အုန်းနို့ဆမ်း တစ်ပန်းကန်က အချိန်တိုတွင်းမှာပင် အလွယ်တကူ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ 

၅။ မုန့်ကြာစိ

မုန့်ကြာစိကတော့ ကောက်ညှင်းမှုန့်နှင့် ဆန်မှုန့် ရောပြီး လုပ်ထားတဲ့ အလုံးတွေကို မပျစ်မကျဲ ကျိုထားတဲ့ ထန်းလျက်ရည်ထဲ ထည့်ပြီး စားရတာ ဖြစ်ပါတယ်။ မုန့်ကြာစိနဲ့ ထန်းလျက်ရေ ရောထားတာလေး အပေါ် အုန်းသီးဖွေးဖွေးလေး ထပ်ဖြူးလိုက်ရင် ချိုချိုစိမ့်စိမ့်လေးနဲ့ တကယ်စားလို့ကောင်းပါတယ်။

၆။ အုန်းနို့သာကူ

ချိုအီစိမ့်မွှေးနေတဲ့ အုန်းနို့ရည် ဖြူဖြူထဲမှာ နူးအိနေအောင် ကျိုထားတဲ့ သာကူလေး ထည့်ပြီး စားရတဲ့ အရသာလေးကလည်း မြန်မာလူမျိုးတွေ အကြိုက်ပဲဖြစ်ပါတယ်။ တချို့ဆို ပိုစားလို့ ကောင်းအောင် ကန်းစွန်းဥလေးတွေ ပြုတ်ပြီး ထည့်စားပါတယ်။ 

၇။ သင်္ကြန်ထမင်း

သင်္ကြန်ထမင်းကတော့ မွန်တိုင်းရင်းသားတွေရဲ့ ရိုးရာအစားအသောက်တစ်မျိုး ဖြစ်ပါတယ်။ မြန်မာရိုးရာဖြစ်စေ၊ မွန်ရိုးရာဖြစ်စေ သင်္ကြန်ထမင်းအတွက် တွဲဖက်စားသုံးလေ့ရှိတဲ့ ဟင်းလျာတွေကတော့ ငါးခြောက်ထောင်းကြော်၊ ငရုတ်သီးကြော်၊ ပဲကြီးဆူးပုပ်၊ သရက်သီးသုပ်တို့ပဲ ဖြစ်ကြပါတယ်။ မွန်သင်္ကြန်ထမင်းရဲ့ ထူးခြားချက်ကတော့ ထမင်းပုံစံ လှပစေဖို့အတွက် ဆန်ကောင်းကောင်းကိုသာ ရွေးချယ်ရပြီး  ထမင်းတွေကို  ဖယောင်းသင်းရည်နဲ့ ဆမ်းပြီး စားရတာဖြစ်ပါတယ်။ 

ဖယောင်းသင်းရည် လုပ်တော့မယ်ဆိုရင် ရေအိုးနဲ့ စတီးအဖုံးတစ်ခုကို ယူပါ။ စတီးအဖုံးပေါ်တွင် ဖယောင်းတိုင် ထွန်းလိုက်ပါ။ ပြီးရင် ရေအိုးနဲ့ အုပ်ထားပါ။ ဖယောင်းတိုင် မီးငြိမ်းလောက်မယ့် အချိန်တွင် အဖုံးဖွင့်ပြီး ဖယောင်းငွေ့ မပျောက်ခင် ရေထည့်ပြီး ပြန်ပိတ်ထားပေးပါ။ တစ်နာရီလောက်ဆိုရင် ဖယောင်းသင်းရည်ကို ရပါပြီ။

အပေါ်မှာ ပြောပြပေးခဲ့တာကတော့ သင်္ကြန်မှာ အများဆုံး လုပ်စားလေ့ရှိတဲ့အပြင် အချိန်ကုန်၊ လူသက်သာပြီး အလွယ်တကူ လုပ်စားလို့ရတဲ့ သင်္ကြန်အစားအစာတွေ ဖြစ်ပါတယ်။ 

⇐ Previous Next

Read 1429 times