Food & Drink

Shan Traditional Food - Rice Salad

Shan Traditional Food - Rice Salad

ရှမ်းအစားအစာဆိုတာက မြန်မာလူမျိုးတိုင်း ကြိုက်နှစ်သက်တဲ့ အစားအစာတစ်မျိုးပါ။ ရှမ်းပြည်ဘက်ကို ခရီးသွားရင်းနဲ့ စားရတဲ့ ရှမ်းအစားအစာတွေက ဘာနဲ့မှ မလဲနိုင်ပါဘူး။ ဒါပေမဲ့ ခရီးမသွားနိုင်တဲ့ အချိန်ကာလတွေမှာ အိမ်နေရင်း ရှမ်းပြည်ရောက်သွားသလို ခံစားရစေမယ့် ရှမ်းအစားအစာလုပ်နည်းတွေကို မျှဝေချင်ပါတယ်။  

တချို့အစားအစာတွေက အိမ်မှာလုပ်စားရတာ လက်ဝင်တဲ့အတွက် လုပ်ရမှာ ပျင်းကြပါတယ်။ ဒါ့ကြောင့် အလွယ်ကူဆုံးနည်းနဲ့ အရသာရှိစေမယ့် ရှမ်းစတိုင်ထမင်းနယ်တွေကတော့ ...

ရှမ်းစတိုင် အာလူးထမင်းနယ်

- လိုအပ်တဲ့ အမယ်တွေကတော့ ရှမ်းဆန်၊ အာလူး၊ ခရမ်းချဉ်သီး၊ ဂျူးမြစ်၊ ငရုတ်သီးခြောက်၊ ကြက်သွန်မိတ်၊ ကြက်သွန်ဖြူ၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်တို့ လိုအပ်ပါမယ်။

- ရှမ်းဆန်ကို ရေဆေးပြီး ပေါင်းအိုးဖြင့် တည်ထားပါ။

- ကျက်ပြီဆိုရင် ထမင်းကို အအေးခံထားပါ။ 

- ခရမ်းချဉ်သီးနှစ်လုံးကို ထမင်းအိုးထဲ ထည့်ပြုတ်ထားပြီး ထမင်းကျက်ပါက ခရမ်းချဉ်သီးကို ထုတ်ပါ။ 

- ဓါးနှင့် တောက်တောက်စင်းပြီး ဒယ်အိုးထဲ ဆီမထည့်ဘဲ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ဆား၊ ရေထည့်ပြီး ခရမ်းချဉ်သီးချက် အရည်ကျဲကျဲ ချက်ထားပါ။

- အာလူးကို နူးအိအောင် ပြုတ်ပါ။ အခွံခွာပြီး ကျေအောင် ချေထားပါ။ 

- ကြက်သွန်ဖြူ တစ်လုံးကိုထောင်း နနွင်းမှုန့်နဲ့ ငရုတ်သီးအရောင်တင်မှုန့် ထည့်ပြီး ဆီများများနှင့် အရောင်လှအောင် ဆီသတ်ထားပါ။

- ငရုတ်သီးခြောက်တောင့်ကို ဆီပေါ်ကြော်ပြီး ဆီစစ်ထားပါ။ 

- ကြက်သွန်မိတ်ကို ရေဆေးပြီး ပါးပါးလှီးထားပါ။ ကြက်သွန်မိတ်၊ ဂျူးမြစ်တို့ကို ရေစင်စင်ဆေးထားပါ။ 

- ထမင်း၊ ခရမ်းချဉ်သီးအနှစ်၊ အာလူး၊ ဆီချက်၊ ဟင်းခတ်မှုန့်နဲ့ ဆားထည့်ကာ စေးပိုင်နေအောင် နယ်ပြီး အပေါ့၊ အငန်မြည်းပါ။

အားလူးထမင်းနယ် စားတော့မယ်ဆိုရင်တော့ ပန်းကန်ထဲကို အာလူးထမင်းထည့်၊ ခရမ်းချဉ်သီးချက်နဲ့ ဆီချက်ဆမ်းပြီး ပါးပါးလှီးထားသော ကြက်သွန်မိတ်ကို ဖြူးလိုက်ပါ။ ပြီးရင် ဂျူးမြစ်၊ ကြက်သွန်မိတ်၊ ငရုတ်သီးတောင့်ကြော်၊ ငါးမုန့်ကြော်တို့နဲ့ အာလူးထမင်းနယ်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

ရှမ်းရိုးရာစတိုင် ငါးထမင်းနယ်

ငါးချည်းစားရတာ ရိုးသွားတဲ့သူတွေအတွက် ရှမ်းရိုးရာစတိုင် ငါးထမင်းနယ်နည်းကို အလွယ်ကူဆုံးနည်းနဲ့ မျှဝေလိုက်ပါတယ်။

- ငါးထမင်းနယ်အတွက် လိုအပ်တဲ့ အမယ်တွေကတော့ ရှမ်းဆန်၊ ငါးရံ့၊ ခရမ်းချဉ်သီး၊ ဂျူးမြစ်၊ ငရုတ်သီးခြောက်၊ ကြာဇံအကြွပ်ကြော်၊ ကြက်သွန်မိတ်၊ ကြက်သွန်ဖြူ၊ ငှက်ပျောဖက်၊ ဆီ၊ ဆနွင်းမှုန့်၊ ဟင်းခတ်မှုန့် တို့ လိုအပ်ပါမယ်။ 

- ပထမဦးဆုံး ရှမ်းဆန်ကို ရေဆေးပြီး ပေါင်းအိုးနှင့် ချက်ထားပါ။ ပြီးလျှင် ထမင်းကို အအေးခံထားပါ။

- ငါးကို ရေဆေးသန့်စင်ပြီး ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်တို့ ထည့်ပြုတ်ပြီး ကျက်ပြီဆိုရင် အအေးခံ၍ အရိုးနွှင်ထားပါ။

- ပြီးရင်တော့ ခရမ်းချဉ်သီးကို ဆီမထည့်ဘဲ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ဆားတို့ထည့်ပြီး မွှေထားပါ။ 

- ပြီးနောက် ကြက်သွန်ဖြူကို အခွံခွာပြီး ညက်အောင်ထောင်းထားပါ။ 

- ပြီးရင်တော့ ဆီ၊ နနွင်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်ထည့်ပြီး ဆီသတ်ထားပါ။

- ပြီးရင် ဆန်ကြာဇံ၊ ငရုတ်သီးခြောက်အတောင့်ကို ဆီထည့်ကြော်ပြီး ဆီစစ်ပေးထားပါ။ 

- ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ပါးပါးလှီးထားပါ။ 

- ဂျူးမြစ်ကိုလည်း ရေစင်စင်ဆေးပြီး ထက်ပိုင်းပိုင်းဖြတ်ထားပါ။ 

- နောက်ဆုံးမှ ချက်ထားတဲ့ ရှမ်းဆန်ထမင်းကို ခရမ်းချဉ်သီးအနှစ်၊ ငါး၊ ဆီချက်၊ ဟင်းခတ်မှုန့်၊ ဆား ထည့်ပြီးနောက် စေးပိုင်နေအောင် နယ်ပြီး အလုံးသေးသေးလေးတွေ လုံးထားပါ။

စားခါနီးတွင် ပန်းကန်ထဲ ငှက်ပျောဖက်ခင်းပြီး ငါးထမင်းလုံးကို ပြားပြား ပါးပါးလေးဖြစ်အောင် ဖြန့်၍ နွှင်ထားတဲ့ ငါး၊ ဆီချက်၊ ကြာဇံအကြွပ်ကြော်၊ ကြက်သွန်မိတ်တို့ကို အပေါ်မှ ဖြူးလိုက်ပါ။ ငါးထမင်းနှင့် တွဲဖက်စားရန် ဂျူးမြစ်၊ မြေပဲ၊ ငရုပ်သီးခြောက်တောင့်ကြော်တို့နဲ့ မြိန်ယှက်စွာ အရသာ ရှိရှိ သုံးဆောင်နိုင်ပါပြီ။

⇐ Previous Next

Read 736 times