Things To Do

SPACE 17 - Board Game Hub in Yangon

SPACE 17 - Board Game Hub in Yangon

SPACE 17 - Board Game Hub က အရင်က ဗိုလ်ချုပ်လမ်းပေါ်ကနေ အခု Sule Square ကို ပြောင်းပြီး အသစ်ဖွင့်ထားပါတယ်။ သူငယ်ချင်းတွေ ချိန်းပြီး ဘီယာဆိုင်လည်း မထိုင်ချင်ဘူး၊ ကေတီဗီမှာ မိုက်ခဲရတာလည်း ဝါသနာမပါဘူးဆိုရင် ရန်ကုန်မြို့က အပန်းဖြေစရာနေရာတစ်ခုဖြစ်တဲ့ SPACE 17 မှာ ဘုတ်ဂိမ်းတွေ ဆော့ရင်း Chill လို့ ရပါတယ်။ နေရာအသစ် ဖွင့်ခါစ ပရိုမိုးရှင်းအနေနဲ့ ဩဂုတ်လ (၁၇) ရက်နေ့အထိ (၁) နာရီ အခမဲ့ ဆော့ခွင့် ပေးထားပါတယ်။  

ဘုတ်ဂိမ်းဆိုတာက အာလုံးသိပြီးတဲ့အတိုင်း ဘုတ်ပြားပေါ်မှာ တိုကင်တွေ၊ အစိတ်အပိုင်းတွေကို စည်းကမ်းချက်တွေနဲ့အညီ နေရာချ၊ ရွှေ့ဆော့ရတဲ့ ကစားနည်းကို ခေါ်ပါတယ်။ SPACE 17 မှာ စားပွဲပေါ် (သို့) ညီညာတဲ့ မျက်နှာပြင်ပေါ်မှာ ဆော့ရတဲ့ စားပွဲတင်ဂိမ်း၊ ဘုတ်ပြားခင်းပြီး ဆော့ရတဲ့ ဘုတ်ဂိမ်း၊ ကတ်ပြားတွေနဲ့ပဲ ဆော့ရတဲ့ ကတ်ဂိမ်း၊ အရုပ်နဲ့ စစ်မြေပြင်ပုံစံငယ်တွေ သုံးပြီး စစ်ခင်းတမ်း ကစားရတဲ့ Miniature War-Games နဲ့ အတုံးတွေ၊ အပြားတွေ ဆက်ပြီး ဆော့ရတဲ့ Tile-based ဂိမ်းဆိုပြီး ကစားနည်းတွေကတော့ မျိုးစုံရှိပါတယ်။

Advertisement

Click Here > Ko Nyein Maung

တချို့ကစားနည်းတွေက ဗျူဟာတွေ သုံးပြီး ဆော့ရသလို တချို့ကလည်း ကစားသမားက ဘာပညာမှ ပြစရာမလိုလောက်အောင် ကံကပဲ အရာရာစီမံသွားတာမျိုးတွေလည်း ရှိပါတယ်။ သူငယ်ချင်းတွေ စုပြီး အံစာတုံးခေါက် ဘုတ်ဂိမ်းတွေ ကစားရတာက ငယ်စဉ်ကလေးဘ၀ အမှတ်တရတွေထဲက အစိတ်အပိုင်းတစ်ခု ဖြစ်ပါလိမ့်မယ်။

မိုနိုပိုလီ၊ မြွေလှေကား၊ ကျားကွက်နဲ့ စစ်တုရင်ဆိုရင် မြန်မာပြည်က ကလေးအတော်များများ ငယ်ငယ်ကတည်းက ရင်းနှီးပြီးသား ဘုတ်ဂိမ်းတွေဖြစ်ပါတယ်။ မဆော့ဖူးရင်သာရှိမယ် ကြားဖူးကြမှာတော့ သေချာပါတယ်။ အခုခေတ် ဘုတ်ဂိမ်းတွေက အရင်တုန်းကလို အရမ်း မရိုးရှင်းတော့ဘဲ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှု၊ ကျိုးကြောင်းဆက်စပ်တွေးခေါ်တတ်မှုနဲ့ တီထွင်ဖန်တီးနိုင်မှုတွေကို သူ့နေရာနဲ့သူ လိုသလို သုံးနိုင်မှ အနိုင်ရနိုင်ခြေ ရှိမှာဆိုတော့ တစ်ချက်လေးမှ မပျင်းရဘဲ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆော့ရမှာပါ။ 

ကစားသမားတွေ အချင်းချင်း ရုပ်တည်ကြီးနဲ့ ကတုံးပေါ် ထိပ်ကွက်ပြီး လည်သူစားစတမ်းနဲ့ နိုင်ငံရေးအကွက်တွေ ရွှေ့ကြတာမှာ နောက်ဆုံးရှင်သန်ကျန်ရစ်သူသာ အနိုင်ရမယ့် Coup ဂိမ်း၊ 

ရေကြည်ရာမြက်နုရာ နယ်ပယ်ချဲ့ သွားလာနေတဲ့ လူမျိုးစု (ကစားသမား) တွေဟာ လမ်းဖောက်၊ အိမ်ဆောက်၊ မြို့တည်ရာက ကိုယ့်ဒေသရဲ့ ထွက်ကုန်သယံဇာတတွေကို ကိုယ့်အတွက်ကိုက်အောင် ကုန်သွယ်လဲလှယ်ရင်း၊ ချမ်းသာနေတဲ့အချိန်ဆို ဓားပြနဲ့မတိုးအောင် ဘုရားတရင်း၊ အဲ့ဓားပြနဲ့ပဲ တခါတလေ ပေါင်းစားရင်း၊ အခွင့်အရေးကောင်းတွေ ဖမ်းဆုပ်နိုင်ဖို့ ကြိုးစားရင်း (၁၀) မှတ် အရင်ဆုံး ရတဲ့သူဟာ Catan အင်ပါယာကြီးရဲ့ အရှင်သခင်ဖြစ်လာမယ့် Catan ဂိမ်း၊

အင်္ဂလိပ်စာတော်ပြီး ဖြတ်ထိုးဉာဏ်ကောင်းတဲ့ လူတွေ မျက်စိသိပ်ကျတဲ့ Codenames ဂိမ်း

ကန္တာရထဲ ရဟတ်ယာဉ်ပျက်ကျတဲ့ ကစားသမားတွေ အားလုံး အတူတူ လွတ်မြောက်နိုင်ဖို့ အဖြေရှာရမယ့် Forbidden Desert  ဂိမ်း၊

အခုနောက်ပိုင်း ခေတ်စားလာတဲ့ ပဟေဠိတွေ အဖြေညှိပြီး ပိတ်မိနေတဲ့ အခန်းထဲက ထွက်နိုင်အောင် ကစားရတဲ့ EscapeTheRoom တို့၊ ExitTheGame တို့လို ကစားနည်းတွေအပြင် ဘုတ်ဂိမ်း၊ ကတ်ဂိမ်းအမျိုးပေါင်း (၁၀၀) ကျော် ရှိတာမို့ စိတ်ကြိုက်ရွေးချယ် ဆော့လို့ရပါတယ်။

မကစားတတ်ဘူးဆိုရင်တောင် ဆိုင်က Game Coach တွေက စိတ်ရှည်ရှည်နဲ့ ကစားနည်းကို သေချာလေး ရှင်းပြပေးမှာမို့ ဆော့ချင်တဲ့စိတ်လေး ရှိဖို့သာ လိုပါတယ်။ နောက်ပြီး ကစားဖော် မရှိဘူးဆိုရင်လည်း Game Coach တွေက အတူတူ တွဲဆော့ပေးပါသေးတယ်။ 

အောက်က Game Library လင့်ကနေ SPACE 17 မှာ ဆော့လို့ရတဲ့ ဂိမ်းတွေကို ကြည့်လို့ရပါတယ်။ 

>> https://www.space17.games/gamelibrary

လိုချင်တဲ့ ဂိမ်းတွေရှိရင်လည်း Pre-Order စနစ်နဲ့ ကြိုတင် မှာယူလို့ရပါတယ်။ 

စျေးနှုန်းကတော့ ဩဂုတ်လ (၁၇) ရက်နေ့ထိ ပထမတစ်နာရီကို အခမဲ့ ဆော့ခွင့်ရှိပြီး ဒုတိယနာရီမှစပြီး တစ်နာရီမှာ တစ်ယောက်ကို (၃,၅၀၀) ကျပ် သတ်မှတ်ထားပါတယ်။ နေရာလူပြည့်တတ်လို့ အနည်းဆုံး တစ်ရက်စောပြီး ရက်၊ အချိန်၊ လူဦးရေပြောပြီး ဘိုကင်ကြိုလုပ်ပြီးမှ သွားဖို့ မမေ့ပါနဲ့။

Address - No 02-09, Sule Square, Yangon

ဆိုင်ဖွင့်ချိန် - နေ့လည် ၁၂ နာရီ - ည ၉ နာရီ (ဗုဒ္ဓဟူးပိတ်)

ဖုန်း - ၀၉၉၅၅ ၁၇၁၇၁၁

⇐ Previous Next

Read 1001 times