Food & Drink

10 Best Myanmar Traditional Food Restaurants In Yangon

10 Best Myanmar Traditional Food Restaurants In Yangon

အာရှ အစားအစာတွေ၊ ဥရောပ အစားအစာတွေချည်းပဲ စားနေရတာ ငြီးငွေ့လာပြီ၊ အပြောင်းအလဲလေး ဖြစ်သွားအောင် မြန်မာနိုင်ငံက မတူညီတဲ့ ဒေသအသီးသီးမှာရှိတဲ့ ရိုးရာအစားအသောက်တွေကို ရန်ကုန်မှာနေရင်း မြည်းစမ်းနိုင်ဖို့ အရသာလည်းကောင်း၊ သန့်ရှင်းမှုလည်းရှိတဲ့ တိုင်းရင်းသားရိုးရာ စားသောက်ဆိုင် (၁၀) ဆိုင် ကို မျှဝေပေးချင်ပါတယ်။

 

၁။ တိုင်းရင်းသား

ကချင်ပြည်နယ်ကနေ မြိတ်ကျွန်းစုအထိ တိုင်းရင်းသားတွေရဲ့ ရိုးရာအစားအသောက်တွေကို ရနိုင်ပါတယ်။ ဒီဆိုင်လေး သွားဖြစ်ရင်တော့ အထူးဟင်းလျာတွေဖြစ်တဲ့ ကျွဲကောသီးသုပ်၊ ငါးမြင်းဟင်း၊  ချင်းရိုးရာ ဝက်နံရိုးစွပ်ပြုတ် တို့ကို မြည်းစမ်းကြည့်ဖို့ မမေ့ပါနဲ့။

 

၂။ Mu Ai Kachin Food

Mu Ai စားသောက်ဆိုင်လေးက ကချင်ရိုးရာ စားသောက်ဆိုင်ဖြစ်ပြီး ဆိုင်နာမည်က “အရသာကောင်းတယ်” လို့ အဓိပ္ပာယ်ရပါတယ်။ ကချင်ဟင်းလျာတွေဟာ ဆီနည်းပြီး အသီးအရွက်တွေနဲ့ အဓိက ချက်ပြုတ်ထားတာမို့ ဝိတ်ထိန်းချင်တဲ့သူတွေအတွက် အထူးသင့်လျော်ပါတယ်။ ဆာဖြယ်နဲ့ ဆိတ်သားထောင်းက ဒီဆိုင်လာတဲ့ လူတိုင်းလိုလို မှာစားလေ့ရှိတဲ့ နာမည်ကြီးဟင်းလျာတွေပါ။

 

၃။ အောင်မင်္ဂလာ ရှမ်းခေါက်ဆွဲဆိုင်

ရှမ်းပြည်မြောက်ပိုင်း အစားအစာတွေကို အဓိကထား ရောင်းတဲ့ ဆိုင်လေးဖြစ်ပြီး နှစ် ၂၀ ကျော်လောက် သက်တမ်းရှိနေပါပြီ။ ဖက်ထုပ်ပေါင်း၊ သတ်သတ်လွတ်ခေါက်ဆွဲနဲ့ အမဲသား ဂျုံစွပ်ပြုတ်တို့က ဆိုင်ရဲ့  နာမည်ကြီးဟင်းပွဲတွေ ဖြစ်ပါတယ်။

 

၄။ The Northern Barbeque

ဒီဆိုင်လေးမှာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်နယ်စပ်က ဟင်းလျာတွေနဲ့ အကင်တွေကို အဓိကထား မြည်းစမ်းနိုင်ပါတယ်။ မစားမဖြစ် စားကြည့်သင့်တာကတော့ ငါးခူ ချဉ်စော်ခါးသီးချက်နဲ့ အမဲလျှာဆာခုံပါပဲ။ အကင်တွေထဲမှာတော့ အမဲဆီကင်၊ ငါးကင်နဲ့ ခရမ်းသီးကင်တို့က ဘီယာနဲ့ဆို လုံး၀ကွက်တိပါပဲ။ အကင်တွေကို ဘိန်းစေ့လေး ဖြူးပေးတဲ့အတွက် မွှေးဆိမ့်တဲ့ အရသာကို ခံစားရမှာပါ။

 

၅။ နမ့်ဆူဂင်

ရှမ်းနာမည်နဲ့ ဒီဆိုင်လေးမှာ ရှမ်းအစားအစာတွေနဲ့ ကော့တေးတွေ အဓိကရပါတယ်။ မီနူးထဲမှာတော့ ရှမ်းဆိုင်တွေရဲ့ မပါမဖြစ် ရှမ်းခေါက်ဆွဲ၊ မြှီးရှည်၊ တို့ဟူးနွေးအပြင် ရှမ်းရိုးရာ ဟင်းလျာတွေလည်း  ရှိပါတယ်။ နာမည်ခပ်ဆန်းဆန်းနဲ့ ကော့တေးတွေကိုလည်း မြည်းစမ်း သောက်ကြည့်နိုင်ပါတယ်။

Click Here >> DM Trading

၆။ Taung၀၀ Food House

တောင်ငူစာ သီးသန့်ရောင်းတဲ့ ဆိုင်ဆိုတာ ရန်ကုန်မှာ ရှားပါတယ်။ ဒီဆိုင်လေးရဲ့ အထူးဟင်းလျာတွေကတော့ တောင်ငူမြို့ရဲ့ နာမည်ကျော် ဒေသအစားအစာဖြစ်တဲ့ ချိတ်ဆိုးထမင်းနဲ့ တို့ဟူးသုပ်၊ ငါးခူငါးပြုတ်ရည်လေးနဲ့ ချက်ထားတဲ့ တောင်ငူမုန့်ဟင်းခါး၊ ရဲယိုရွက် ငါးဟင်းထုပ်တို့ ဖြစ်ပါတယ်။ 

ဂျုံစေ့၊ သာကူ၊ အုန်းနို့၊ ဒူးရင်းသီးတွေနဲ့ ကျိုထားတဲ့ ဂျုံကျိုကလည်း မစားမဖြစ် စားရမယ့် အချိုပွဲပါပဲ။ ဒီဆိုင်လေးကတော့ အော်ဒါပဲ လက်ခံသေးလို့ Foodpanda ဒါမှမဟုတ် ဆိုင်ပေ့ချ်ကနေ တိုက်ရိုက် မှာယူ စားသုံးနိုင်ပါတယ်။ 

 

၇။ မင်းလမ်းမုန့်တီ

ဒီဆိုင်လေးကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ရခိုင်ရိုးရာ စားသောက်ဆိုင်လေးပါ။ ဒီလိုဆောင်းတွင်း အေးအေးလေးမှာ  မုန့်တီရည် ပူပူစပ်စပ်၊ ပင်လယ်စာ အထောင်းနဲ့ အသုပ်တွေကို ရှူးရှူးရှဲရှဲ စားလိုက်ရရင်ဖြင့် အာဂပါးစပ် လူဖြစ်ကျိုးနပ်လေရဲ့ပါပဲ။ အချိုပွဲတွေလည်း တော်တော်စုံစုံ ရှိပြီး မုန့်လက်ဆောင်း၊ မုန့်ပေါင်း၊ ခေါပြင်၊ လှော်စာ၊ ငှက်ပျောပေါင်းတို့ကို အချိုတည်းနိုင်ပါတယ်။

 

၈။ ငါးပိချက်

ဒီဆိုင်လေးဟာ ငါးပိကြိုက်တဲ့သူတွေ သဘောကျမယ့် ငါးပိစားသောက်ဆိုင်လေး ဖြစ်ပါတယ်။ သူ့ဆီက ဟင်းလျာအများစုဟာ မြန်မာငါးပိစစ်စစ်ကို အခြေခံပြီး ချက်ထားလို့ စားနေကျ ဟင်းလျာတွေနဲ့ မတူတဲ့ အရသာကို ခံစားရစေပါတယ်။ မှာတဲ့ ဟင်းပွဲတွေမှာ ငါးပိပါဝင်မှု Level ကို စိတ်ကြိုက် ရွေးလို့ရပါတယ်။ 

ဒီဆိုင်လေးမှာ ကြက်သားငါးပိချက်၊ အမဲသားငါးပိချက်၊ ကြက်ကချင်ချက်၊ ဝက်နံရိုးမျှစ်ချဉ် ငပိထောင်း၊ ဝက်ပုန်းရည်ကြီးဟင်းလျာတွေက အရသာကောင်းပါတယ်။ ငါးပိရည်နဲ့ တို့စရာ မပါရင် ထမင်းစားမမြိန်ဘူးဆိုတဲ့ သူတွေ အကြိုက်တွေ့မယ့် ဆိုင်လေးပါ။ မြန်မာမုန့်အချိုတွေအပြင် ဘရောင်နီ၊ ချောကလတ်ကွက်ကီး၊ ပေါင်မုန့်ပူတင်းတို့ကိုလည်း အချိုတည်းနိုင်ပါသေးတယ်။

 

၉။ Blessing Restaurant

ဒီစားသောက်ဆိုင်လေးက ချင်းရိုးရာ စားသောက်ဆိုင်ဖြစ်ပြီး ဆိုင်အပြင်အဆင်လည်း လှပါတယ်။ ဆိုင်ရဲ့ လူကြိုက်အများဆုံး ဟင်းလျာတွေဖြစ်တဲ့ ဆာဗူသီး၊ ခရုချင်းချက်၊ ချင်းအမဲအူပြုတ်၊ ချင်းသီးစုံဟင်းပြုတ်တို့ကို မြည်းစားနိုင်ပါတယ်။ အချိုပွဲအနေနဲ့ ချင်းကောက်ညှင်းထုပ်၊ ချင်းဒိုနပ်၊ ချင်းမုန့်ဖက်ထုပ်တို့လည်း ရရှိပါတယ်။

 

၁၀။ Vista Dorio

ဒီစားသောက်ဆိုင်လေးကတော့ ကယန်းရိုးရာ စားသောက်ဆိုင်လေးပါ။ ဆိုင်က မြစ်ကမ်းနံဘေးမှာ ရှိတော့ ကယန်းရိုးရာစစ်စစ် အစားအစာလေးတွေစား၊ ခေါင်ရည်လေး သောက်ရင်း ညနေခင်းအလှကို အပြည့်အ၀ ခံစားနိုင်မှာပါ။ 

ဒီဆိုင်လေးရဲ့ လူကြိုက်များတဲ့ ဟင်းလျာတွေကတော့ ချဉ်ငံစပ် အရသာသုံးမျိုး ပေါင်းစပ်မှုနဲ့ အမဲသားနှမ်းကပ်ကြော်၊ ဆောင်ဒူကြက်သားဟင်းရည်၊ ကြက်တောင်ယာချက်၊ ကယန်းရိုးရာမျှစ်သုပ်တို့  ဖြစ်ပါတယ်။ သောက်စရာတွေအနေနဲ့ ဘီယာ၊ ဆိုဂျူ၊ ခေါင်ရည်၊ ကော့တေးမျိုးစုံနဲ့ အအေးတို့ ရှိပါတယ်။

 

⇐ Previous Next

Read 1539 times