Health & Beauty

10 Ways for using Eggshells

10 Ways for using Eggshells

ကြက်ဥ၊ ဘဲဥတွေကို ကြော်လိုက်၊ ချက်လိုက်၊ ပြုတ်လိုက်၊ သုတ်လိုက် မျိုးစုံ လုပ်စားကြပေမယ့် ကြက်ဥခွံတွေကိုတော့ သိပ်ဂရုစိုက်လေ့ မရှိဘဲ အလွယ်တကူ လွှင့်ပစ်လိုက်မိကြမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကြက်ဥခွံတွေမှာ လူတွေ မသိသေးတဲ့ အသုံးဝင်ပုံတွေ အများကြီး ရှိနေသေးတယ်ဆိုတာ သင်သိပါသလား? 

ကြက်ဥဆိုတာ ကယ်လ်ဆီယမ်ဓာတ် ပြည့်ဝတဲ့ အစားအစာတစ်မျိုးဆိုတာ လူတော်တော်များများ သိထားပြီးသား ဖြစ်မှာပါ။ ဒီလိုမျိုး အာဟာရပြည့်တဲ့ ကြက်ဥရဲ့ အတွင်းပိုင်း အသားတွေအပြင် ကြက်ဥခွံတွေကလည်း လူ့ပတ်ဝန်းကျင်ကို အများကြီး အထောက်အကူပြုတဲ့ သဘာဝဓာတ်စာ ဖြစ်ပါတယ်။ 

ဒါဆိုရင် ကြက်ဥခွံက လူသားတွေရဲ့ ပတ်ဝန်းကျင်ကို သဘာဝနည်းလမ်းနဲ့ ဘယ်လို အထောက်အကူ ပြုနေသလဲဆိုတာကို အောက်မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။ 

၁။ ခရမ်းချဉ်သီးတွေရဲ့ ဓာတ်စာ 

ကြက်ဥခွံတွေက ခရမ်းချဉ်ပင်မှာ လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကို ပေါပေါများများ ထောက်ပံ့နိုင်ပါတယ်။ အသုံးပြုနည်းကလည်း လွယ်ကူပါတယ်။ ကြက်ဥခွံတွေကို အမှုန့်နီးနီး ချေမွပြီး ခရမ်းချဉ်ပင်ရဲ့ အမြစ်အနီး တွင်းတူးပြီး ထည့်လိုက်ရုံပါပဲ။ 

၂။ အော်ဂဲနစ် သန့်ရှင်းရေးသမား 

ကြက်ဥခွံတွေဟာ အိမ်ရှင်မတွေအတွက် အော်ဂဲနစ် သန့်ရှင်းရေးသမားတွေလို့လည်း ပြောကြပါသေးတယ်တဲ့။ အကြောင်းကတော့ ကြက်ဥခွံဟာ မီးဖိုချောင်ထဲက အညစ်အကြေးတွေ၊ ချေးညှော်တွေ၊ မှိုင်းတွေ၊ အိုးမဲတွေနဲ့ ဆီချေးတွေအထိ သန့်စင်ပေးနိုင်တာမို့ပါ။ 

ပြုလုပ်နည်းကတော့ ကြက်ဥခွံကို အခြောက်လှန်းပြီး အမှုန့်ဖြစ်အောင် ကြိတ်ရပါမယ်။ ပြီးရင် ကြက်ဥခွံ (၁)ဆ၊ မုန့်ဖုတ်ဆော်ဒါ (၃)ဆနဲ့ ရောနှောပေးရမှာပါ။ ရောစပ်ပြီးတဲ့အခါ ရေအနည်းငယ်ရောလိုက်တာနဲ့ သွားတိုက်ဆေးလို အနှစ်တွေ ဖြစ်လာမှာပါ။ 

လိုအပ်သလောက် အနှစ်တွေ ရလာပြီဆိုရင်တော့ မိမိသန့်ရှင်းလိုတဲ့ အရာပေါ် အစက်ချပြီး အဝတ်စနဲ့ ပွတ်တိုက်ပေးရုံပါပဲ။ 

၃။ ‌Coffee Maker 

ကြက်ဥခွံက ကော်ဖီတွေရဲ့ အရသာကို ပိုပြီးလေးလေးပင်ပင် ဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ ပြုလုပ်နည်းကတော့ အရင်ဆုံး ကြက်ဥခွံကို သန့်ရှင်းအောင်လုပ်ပြီး အခွံထဲမှာရှိတဲ့ အမြှေးပါးတွေကို ဖယ်ထုတ်ပစ်ရပါမယ်။

ပြီးရင် ကြက်ဥခွံကို အခြောက်ခံ၊ အမှုန့်ကြိတ်ပြီး ကော်ဖီဖျော်စက်ထဲကို ကော်ဖီမှုန့်နဲ့အတူ အနည်းငယ် ထည့်ပေးရမှာ ဖြစ်ပါတယ်။ ကြက်ဥခွံက ကယ်လ်ဆီယမ်ပါဝင်ပြီး အယ်ကာလီဆန်တာကြောင့် ကော်ဖီထဲမှာပါတဲ့ အက်ဆစ်ဓာတ်အချို့ကို ချေဖျက်ပေးပါတယ်။ 

ဒါကြောင့် ကော်ဖီရဲ့ အရသာကို အပြောင်းအလဲ ဖြစ်စေပြီး ပိုမိုပြင်းရှတဲ့ ကော်ဖီအနံ့နဲ့ အရသာကို ရရှိစေပါတယ်။

၄။ ပုလင်းတွေလည်း ဆေးကြောနိုင်တယ်

အဝကျဉ်းပြီး ရှည်လျားတဲ့ ပုလင်းတွေဟာ တိုက်ရချွတ်ရ အင်မတန်ခက်တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒီလိုပုလင်းတွေကို ကြက်ဥခွံနဲ့ ဆေးကြောသန့်စင်နိုင်ပါတယ်။ ပြုလုပ်နည်းကတော့ ကြက်ဥခွံကို ခပ်ဖွဖွ ချိုးချေပြီး ပုလင်းထဲ ထည့်လိုက်ပါ။ ပြီးရင် ဆပ်ပြာရည်ကို လောင်းထည့်ပြီး လှုပ်ခါပေးလိုက်ရင် ပုလင်းဖင်နဲ့ ပုလင်းအောက်ခြေနားက အညစ်အကြေးတွေ အကုန်လုံး သန့်စင်ပြီးသား ဖြစ်သွားမှာပါ။ 

၅။ အပင်မျိုးပွားဖို့ အကောင်းဆုံးမြေဩဇာ 

ကြက်ဥခွံတွေက မျိုးစေ့ကနေ အပင်ဖောက်ဖို့ အကောင်းဆုံး သဘာဝ မြေဩဇာတစ်မျိုးလည်း ဖြစ်ပါတယ်။ ကြက်ဥခွံအခြမ်းထဲကို မြေဆွေးထည့်ပြီး အစေ့ကိုပျိုးထားလိုက်ရုံပါပဲ။ ကြက်ဥခွံမှာ ကယ်လ်ဆီယမ်အပြင် ဆီဒီယမ်အနည်းငယ် ပါဝင်တာကြောင့် အပင်တွေကို အားဖြည့်နိုင်သလို အပင်ကို ရွှေ့ပြောင်းစိုက်ချင်တယ် ဆိုရင်လည်း ကြက်ဥခွံအတိုင်း သယ်သွားပြီး မြေကြီးထဲ မြှပ်လိုက်လို့ ရပါတယ်။ 

၆။ ပိုးမွှားတွေကိုလည်း နှိမ်နင်းနိုင်တယ် 

စိုက်ခင်းတွေကို ဖျက်ဆီးတတ်တဲ့ ပိုးကောင်တွေ၊ ခရုတွေ၊ ကျိုင်းကောင်တွေကို ကြက်ဥခွံနဲ့ နိုမ်နင်းလို့ ရပါတယ်။ ပြုလုပ်နည်းကလည်း လွယ်လွယ်လေးပါပဲ။ ကြက်ဥခွံတွေကို အမှုန့်ကြိတ်ပြီး စိုက်ခင်းထဲက အပင်တွေရဲ့ အမြစ်တွေနားမှာ ပုံထားပေးလိုက်ရင် ပိုးမွှားတွေကို နှိမ်နင်းနိုင်ပါတယ်။ 

၇။ ကြောင်နဲ့ခွေးတွေကို နေရာတကျ အညစ်အကြေး စွန့်စေတယ် 

ကြက်ဥခွံ၊ မြေဖြူနဲ့ ထုံးတွေရဲ့ အနံ့အသက်ကို ကြောင်နဲ့ခွေးတွေက မနှစ်သက်ကြပါဘူး။ ဒါ့ကြောင့် ကြောင်နဲ့ခွေးတွေကို မစင်စွန့်ဖို့ သင်ပေးတဲ့အခါ ကိုယ်မစွန့်ခိုင်းချင်တဲ့ မြေနေရာမှာ ကြက်ဥခွံကို ခပ်ဖွဖွချေပြီး ကြဲထားလိုက်ရင် ရပါပြီ။ 

၈။ ငှက်တွေအတွက် အစာ 

ကြက်ဥခွံကို ကြေမွအောင်ချေပြီး ငှက်စာတွေနဲ့ ရောကျွေးရင် ငှက်တွေမှာ လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကို ပြည့်ဝစေပါတယ်။ ဒီနည်းက ကြက်၊ ဘဲနဲ့ တစ်ခြား ဥစား တိရိစ္ဆာန်တွေအတွက်တော့ အသုံးမဝင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြက်တွေဟာ ကြက်ဥခွံတွေကို ပြန်စားလေ့ မရှိတာကြောင့်ပါ။ 

၉။ မျက်နှာပေါင်းတင်ဆေး 

ကြက်ဥခွံက Microbead သန့်စင်ဆေးတွေလိုမျိုး ထူးခြားတဲ့ ချေးချွတ်နိုင်စွမ်း ရှိပါတယ်။ Microbead သန့်စင်ဆေးတွေဟာ ဘေးထွက်ဆိုးကျိုး ရှိတာကြောင့် (၂၀၁၇) ခုနှစ်လောက်ထဲက တားမြစ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ကြက်ဥခွံတွေကတော့ ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘဲ ချေးချွတ် သန့်စင်နိုင်မှာပါ။ 

ပြုလုပ်နည်းကတော့ ကြက်ဥခွံကို ပျားရည်၊ နနွင်း၊ ဒိန်ချဉ် စတဲ့ မျက်နှာပေါင်းတင်ပစ္စည်းတွေနဲ့ တွဲဖက် ရောစပ်ပြီး မျက်နှာပေါင်းတင်လိုက်ရင် တင်းရင်းပြီး စိုပြေလှပတဲ့ မျက်နှာအသားအရေကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ 

၁၀။ အစွန်းချွတ်ဆေး 

ကော်ဖီနဲ့ လက်ဖက်ရည်ကို အချိန်အကြာကြီး ထည့်သောက်ခဲ့တဲ့ ခွက်တွေရဲ့ အောက်ချေဟာ မပြောင်ဘဲ အရောင်တွေ ကျန်ခဲ့တာမျိုး ဖြစ်နေတတ်ပါတယ်။ ဒီလိုအစွန်းတွေအတွက် ကြက်ဥခွံကို ချေမွပြီး ခွက်ထဲကို ရေအနည်းငယ်ထည့်ကာ တစ်ညတာ ထားလိုက်ပါ။ 

နောက်နေ့ရောက်ရင် ခွက်တွေကို ‌ဆေးကြောလိုက်တဲ့အခါ စွန်းထင်းနေတဲ့ အရောင်အဆင်းတွေက ယူပစ်သလို ပျောက်သွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ 

ကဲ၊ အခု လူတိုင်းလွှင့်ပစ်တတ်ကြတဲ့ ကြက်ဥခွံလေးတွေရဲ့ အသုံးဝင်ပုံကို ပြောပြပြီးသွားပြီဆိုတော့ ကိုယ့်အတွက်ရော၊ ပတ်ဝန်းကျင်အတွက်ပါ အသုံးဝင်စေတဲ့ ကြက်ဥခွံတွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ မျှော်လင့်ပါတယ်။ 

အပေါ်က နည်းတွေထဲမှာ မပါဘဲ ကြက်ဥခွံကို ကောင်းကောင်း အသုံးပြုလို့ ရမယ့် နည်းတွေ နောက်ထပ်ရှိသေးတယ်ဆိုရင်လည်း Comment Session မှာ ဝင်ရောက်ဆွေးနွေးသွားလို့ ရပါတယ်နော်။ 

⇐ Previous Next

Read 1643 times