Food & Drink

How to make Burmese Snacks

How to make Burmese Snacks

အိမ်ရှင်မတွေအတွက် မနက်စာဖြစ်ဖြစ် နေလည်နေ့ခင်း အဆာပြေမုန့်အနေနဲ့ဖြစ်ဖြစ် အလွယ်တကူလုပ်စားလို့ရအောင် မြန်မာမုန့် လုပ်နည်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ကိုယ့်အိမ်မှာ လုပ်စားတဲ့အခါ သန့်သန့်ရှင်းရှင်းရှိပြီး ဘက်ဂျက်လည်းသိပ်မကုန်တဲ့အပြင် အချိုအငန်အစပ်အဟပ်ကိုလည်း လိုသလို စိတ်ကြိုက်ပြုပြင်နိုင်ပါတယ်။

(၁) မုန့်ကျွဲသည်း

>>ပါဝင်ပစ္စည်း<<

ဆန်မှုန့် - ၁ ခွက် (လက်ဖက်ရည်ပန်းကန်လုံး)

ဆား - လက်ဖက်ရည်ဇွန်းတစ်ဝက်

ထန်းလျက် - ၁၀ လုံး ( မိမိအကြိုက်တိုးလျှော့နိူင်)

ထုံး - ၁ ဇွန်း( လက်ဖက်ရည်ဇွန်း)

>>ပြုလုပ်ပုံ<<

ထုံးကို ရေတစ်လီတာခွဲခန့်နဲ့ ရေစိမ်ထားပြီးဖျော်ပေးပါ။ အနည်ထိုင်အောင်စောင့်ပြီး ရေကြည်ကို ခပ်ယူထားပါ။

ထန်းလျက်ခဲကို ရေအနည်းငယ်နှင့်ပျော်အောင်ကျိုပြီး ရေစစ်နဲ့ အနည်စစ်ပါ။

ရေလက်တစ်ဆစ်ခန့်နဲ့ ဆန်မှုန့်တွေကို ဖျော်ပြီး မီးအေးအေးမှာ စတင်ကျိုပါ။

အရည်ပျစ်လာလျှင် အခြားအိုးတစ်လုံးထဲကို ဇကာနှင့် စစ်ချပါ။

ထိုအိုးထဲ ထန်းလျက်ရည်၊ ဆား၊ ထုံးရည်ကြည်တို့ကို ပေါင်းထည့်ပြီး ဆက်ကျိုပေးပါ။

စေးပျစ်လာလျှင် ဗန်းတစ်ခုထဲမှာ လောင်းချပြီး အအေးခံထားပါ။

မိမိနှစ်သက်သလို အတုံးငယ်လေးတွေတုံးကာ အုန်းသီးအမျှင်ခြစ်လေးတွေ ဖြူးကာ သုံးဆောင်နိုင်ပါပြီ။

(၂) မုန့်ဆပ်သဖူး

>>မုန့်အနှစ်ပြုလုပ်ရန်<<

ကောက်ညှင်းမှုန့် ၅ ကျပ်သားကို ဆား လက်ဖက်ရည်ဇွန်း (၁)ဇွန်း ထည့်ပါ။

ပြီးရင် ရေနွေးနွေးလေး (၆၀)မီလီလီတာ ထည့်ပါ။ (ရေကိုအများကြီးမထည့်ရသလို နည်းနည်းလေးလည်း ထည့်လို့မရပါဘူး)

လက်နဲ့ ကောက်ညှင်းကို အခဲတွေဖြစ်တဲ့အထိ နယ်ပေးရပါမယ်။

ပြီးရင် လက်နဲ့ အခဲတွေကနေ အမှုန့်ဖြစ်သွားအောင် ထပ်ချေပေးရပါမယ်။

ရလာတဲ့ ကောက်ညှင်းအမှုန့်တွေကို မကပ်တဲ့အိုးပေါ်မှာ ဖြူးပေးပါ။ (မီးအပူမပြင်းရ)

ကောက်ညှင်းအမှုန့်ကို ဖြူးတဲ့အခါ အရမ်းကြီးပါးသွားရင် ပေါက်တတ်ပါတယ်။ ဒါကြောင့် မထူမပါးလေး ဖြူးပေးပါ။

ပြီးရင် အလယ်မှာ အုန်းယိုထည့်ပါ။

>>အုန်းယိုပြုလုပ်ရန်<<

အုန်းသီးတစ်ဝက်ကို ခြစ်ပါ။

ပထမဆုံးဒယ်အိုး ပူအောင် လုပ်ပါ။

ပူလာပြီဆိုရင် ခြစ်ထားတဲ့ အုန်းသီးကို ထည့်ပါ။

ထန်းလျက်ရည်ထည့်ပြီး ထန်းလျက်နဲ့ အုန်သီးဖက် ရောသွားတဲ့အထိ စိတ်ရှည်ရှည်နဲ့ ထိုးပေးရပါမယ်။

ထိုးပြီးရင် အပေါ်ကနေ နှမ်းလေးတွေ ဖြူးပေးပါ။

(၃) အုန်းနို့သာကူပြင်

>>ပါဝင်ပစ္စည်းများ<<

ယိုးဒယားသာကူ - ၄၀၀ဂရမ် (၁ထုပ်)

သကြား - ၃၀သား

ဆား - လက်ဖက်ဇွန်း (၂) ဇွန်း

>>ပြုလုပ်ပုံ<<

ရေသန့် ၇ လီတာကို သကြား၊ ဆားတို့ထည့်ပြီး ဆူပွက်အောင် တည်ထားပါ။

ပွက်လာပါက သာကူထည့်ပါ။

သာကူထည့်ပြီး ၃ မိနစ်ခန့်မှာ သာကူများပွားလာပါက ရေ ၅ လီတာ ထပ်ထည့်ပါ။

မီးအေးအေးနဲ့ ကျိုပေးပြီး သာကူပွလာပြီး ရေခမ်းလာပါက ရေ ၅ လီတာ ထပ်ထည့်ပါ။

သာကူစေ့များပွလာပြီး ကျက်ပါက အဖုံးအုပ်ပြီး မီးပိတ်ပါ။ အဖုံးအုပ်ထားတဲ့အတိုင်း ၁၅ မိနစ် ထပ်ထားပါ။

အဖုံးအုပ်ရခြင်းမှာ သာကူမျက်စေ့ကို ပျောက်စေပါတယ်။ သာကူမျက်စေ့ပျောက်ပါက မုန့်ဖုတ်မည့် ဗန်းထဲသို့ လောင်းထည့်ပါ။

သာကူပြင်အပေါ်မှာ ထပ်လောင်းဖို့ အုန်းနို့ကျိုရပါမယ်။

>>အုန်းနို့ကျိုနည်း<<

အုန်းနို့ - ၄၀၀ မီလီလီတာ (၁ဗူး)

သကြား - ထမင်းစားဇွန်း ၅ ဇွန်း

ဆီ - ထမင်းစားဇွန်း ၄ ဇွန်း

ဆား - လက်ဖက်ဇွန်း ၁ဇွန်း

ပါဝင်ပစ္စည်းများအားလုံးကို အိုးထဲထည့်ပြီး မီးအနေတော်နဲ့ ပျစ်လာသည်ထိ ကျိုပေးပြီး သာကူပေါ်ဖြန့်ထည့်ပါ။

ပြီးပါက Oven ထဲ မီးအပူချိန် ၂၀၀°ဖြင့် မိနစ် ၃၀ ဖုတ်ပေးပါ။ Oven မရှိပါက မီးသွေးဖြင့် ဖုတ်လို့ ရပါတယ်။

(၄) ခေါပုတ်

ငချိပ်မှုန့် ဝယ်ဖို့ အဆင်မပြေဘူးဆိုရင် ငချိပ်ဆန်ကို ကြိတ်ပါ။ အများကြီး တစ်ခါတည်း ထည့်မကြိတ်ပဲ နည်းနည်းချင်း ကြိတ်ပေးပါ။ ဆနွင်းမကင်းလုပ်တဲ့ ရွှေကြည်မှုန့် အနေအထားလောက်ဆို ရပါပြီ။

>>ပါဝင်ပစ္စည်းများ<<

ကောက်ညှင်းငချိပ်အမှုန့် - ၂၅၀ ဂရမ်

ရေ - ၅၀၀ မီလီလီတာ

ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နှမ်းမဲလှော်ထောင်း - ထမင်းစားဇွန်း ၄ ဇွန်း

နှမ်းဖြူလှော်ထောင်း - ထမင်းစားဇွန်း ၁ ဇွန်း

ဆီ - ထမင်းစားဇွန်း ၁ ဇွန်း

>>ပြုလုပ်ပုံ<<

ဇလုံထဲတွင် ငချိပ်မှုန့်၊ ဆား နှင့် ရေကို ရောပြီး လုံးဝအဖတ်မကျန်အောင် ဖျော်ကာ အဖုံးမဖုံးပဲ Microwave ထဲ ၈ မိနစ် ထည့်ပေးပါ။

ပြီးလျှင် Microwave ထဲမှ ထုတ်ပြီး နှမ်းများထည့်ကာ သမသွားအောင် မွှေပေးပြီး Microwave ထဲ ၅ မိနစ် ထပ်ထည့်ပါ။

၅ မိနစ်ပြည့်လျှင် အပြင်ထုတ်ပြီး ဆီထည့်ကာ သမသွားအောင် ထပ်မွှေပေး၍ Microwave ထဲ နောက်ထပ် ၅ မိနစ်ထည့်ပေးပါ။

နောက်ဆုံး ဆီသုတ်ထားသည့် ဗူးထဲထည့်ကာ အအေးခံထားပါ။

Microwave မရှိပါက ကြိတ်တာ ထောင်းတာလုပ်ပြီးရင် ဆီသုတ်ထားတဲ့ဗန်း ဒါမှမဟုတ် ဆီသုတ်ထားတဲ့ ငှက်ပျောရွက်ပေါ် မှာတင်ပြီး သေသေချာချာ ဖိပြားပေးလို့ရပါတယ်။ (အရမ်းကပ်လို့ အသုံးပြုတဲ့ လက်တွေ၊ ဓါးတွေ၊ ဇွန်းတွေကို ဆီသုတ်ပေးဖို့လိုပါတယ်)

အအေးခံပြီးနောက် လုံအောင်ဖုံးကာ ရေခဲသေတ္တာထဲ ၅ နာရီခန့် ထည့်ထားပြီးမှ လှီးလျှင် လှီးရတာ ပိုမိုလွယ်ကူစေပါတယ်။

လှီးသောအခါ လက် နှင့် ဓါးကို ဆီသုတ်ပြီး လှီးကာ ဆီပူပူထဲ အိုးမကပ်အောင် ထည့်၍ ၇ မိနစ်ခန့် (သို့) မိမိနှစ်သက်သည့် အပျော့၊ အမာအနေအထားရအောင် ကြော်ကာ သကြား၊ နှမ်းထောင်းတို့ဖြင့် တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

(၅) ထောပတ်ဘိန်းမုန့်

 >>ပါဝင်ပစ္စည်းများ<<

 ဆန်ကြမ်း - ၂ ခွက်

 ရေ - ၁ ခွက်

 ထန်းလျက် - ၁၀ ကျပ်သား

 ဖီးကြမ်း ငှက်ပျော မှည့်မှည့် - ၁ လုံး

 မုန့်ဖုတ်ဆိုဒါ - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)

ထောပတ် - အနည်းငယ်

 မြေပဲစိမ်း - အနည်းငယ် ( ပါးပါးလှီး)

 ဘိန်းစေ့ - အနည်းငယ်

 အုန်းသီးပါးပါးလှီး - အနည်းငယ်

 >>ပြုလုပ်ပုံ<<

ဆန်ကိုရေဆေးပြီး တစ်ညအိပ် ရေစိမ်ထားပါ။ ရေစစ်ပြီး ရေနဲ့ ရောကာ ပျစ်နေအောင် ကြိတ်ပါ။

ထန်းလျက်ကို ရေအနည်းငယ်နဲ့ ညောင်စေးတန်းအောင် ကျိုပေးပါ။

ကြိတ်ထားတဲ့ မုန့်နှစ်ရည်ထဲသို့ ထန်းလျက်ရည်၊ ဆား၊ ဆိုဒါမှုန့်၊ ငှက်ပျောသီးတွေကို ရောထည့်ပြီး ညက်နေအောင် ပြန်ကြိတ်ထားပါ။ အနည်းဆုံး (၃) နာရီခန့် အချဉ်ဖောက်လာစေရန် ထားပေးရပါမည်။

ဆန်မှုန့်ကို ချက်ချင်း အသုံးပြုသူများကတော့ မုန့်နှစ်ရည်စပ်ပြီး အနည်းဆုံး (၁၀) နာရီခန့် ထားပေးမှ အချဉ်ဖောက်ရန် အချိန်လုံလောက်ပါမည်။

မုန့်ဖုတ်တဲ့ ဘိန်းမုန့်အိုးကို ထောပတ်သုတ်ပါ။

ပူလာပြီဆိုရင် မုန့်နှစ်ရည် လောင်းထည့်ကာ ၂ မိနစ်ခန့် ကြာမှ အုန်းသီး၊ မြေပဲစိမ်း အဖတ်လေးများ၊ ဘိန်းစေ့ဖြူးကာ အဖုံးပိတ်ပြီး နှပ်ထားပါ။

အောက်ဖက်မုန့်သား ကျက်ပြီဆိုမှ ဇွန်းပြားလေးနဲ့ ကော်ပြီး ထောပတ် အနည်းငယ် ထပ်ဖြည့်ပြီး ဟိုဖက် ဒီဖက်လှည့်ပြီး ရွှေညိုရောင်ရအောင် ဖုတ်ပေးရပါမည်။

အပေါ်မှာ ပြောပြပေးသွားတဲ့ မုန့်တွေအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေက ဝယ်ရလွယ်သလို အချိန်တွေအများကြီးပေးစရာမလိုဘဲ လွယ်လွယ်ကူကူ လုပ်နိုင်တာမလို့ လုပ်စားကြည့်ကြပါ။

⇐ Previous Next

Read 3009 times