Food & Drink

How to make Prawn Tempura

How to make Prawn Tempura

by Win May May Htay

ကြွပ်ကြွပ်မွေးမွေး ပုဇွန်တန်ပူရာကြော်လေးကိုတော့ လူတိုင်း ကြိုက်ကြမယ် ထင်ပါတယ်။ ပုဇွန်တန်ပူရာကြော်က စားသောက်ဆိုင်ကြီးတွေမှာဆို ဈေးအရမ်းကြီးတဲ့ Classic စားသောက်ကုန် တစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒီတန်ပူရာကြော်က အိမ်မှာလုပ်ရတာ အနည်းငယ် လက်ဝင်တာကလွဲလို့ အလွယ်တကူ ပြုလုပ် စားသုံးနိုင်ပါတယ်။ ဒီကနေ့မှာတော့ အားလုံးကြိုက်ကြတဲ့ ပုဇွန် တန်ပူရာကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးသွားချင်ပါတယ်။

ပါဝင်ပစ္စည်းတွေက -
ကျားပုဇွန် ၅၀ သား
အကြော်မှုန့် တစ်ထုပ်
ပေါင်မုန့်ခြောက်မှုန့် တစ်ထုပ်
ကြက်သားမုန့် အနည်းငယ်
ကြက်ဥ ၃လုံး  
ဂျင်း အနည်းငယ် ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ကျားပုဇွန်ကို ခေါင်းဖြုတ်၊ အခွံချွတ်ပြီး ကျောရိုးထဲရှိ မစင်များကို သန့်စင်ပါ။ ပုဇွန်အမြှီးမှာလည်း မစင်တွေ ကျန်နေနိုင်တာမို့ အမြှီးကိုလည်း ဓားနဲ့ ခြစ်ပြီး သန့်စင်ပေးပါနော်။ ပြီးရင် ကျောရိုးအလယ်တည့်တည့်က ခွဲပြီး ဘေးအသားများကို ဓားဖြင့် အနည်းငယ် မွှန်းပေးပါ။  

ဒါပြီးရင်တော့ ပုဇွန်ကို ရေခြောက်အောင် ခဏထားပေးပါ။ ပုဇွန် ရေမခြောက်သေးခင်မှာတော့ အကြော်မှုန့်၊ ပေါင်မုန့်ခြောက်မှုန့်နဲ့ ဂျင်းရည် အနည်းငယ်ကို ပန်းကန်တစ်လုံးစီမှာ ထည့်ထားပေးပါ။ ပြီးရင် ကြက်ဥ၃လုံးကို မွှေပြီး ပန်းကန်လုံးထဲ ထည့်ထားပေးပါ။

ရေခြောက်သွားတဲ့ ပုဇွန်ကို ဆား၊ ကြက်သားမှုန့်၊ ဂျင်းရည်အနည်းငယ်စီ ထည့်ပြီး ၁၀ မိနစ်ခန့် နှပ်ထားပေးပါ။  ပုဇွန်နှပ်ထားတဲ့အချိန်မှာ ဒယ်အိုး သို့မဟုတ် ဆီများများဆံ့တဲ့ အိုးထဲ ဆီထည့်ပြီး ဆီပူလာအောင် လုပ်ထားပါ။ နှပ်ထားတဲ့ ပုဇွန်ကို အကြော်မှုန့် နှံ့အောင်နယ်ပြီး မွှေထားတဲ့ ကြက်ဥပန်းကန်ထဲ နှစ်ပါ။

ဒါပြီးရင်တော့ ပေါင်မုန့်ခြောက်မှုန့် ကပ်ပြီး ဆီပွက်နေတဲ့ အိုးထဲကို ထည့်ကြော်ပါ။ ဆီပူနေတာဆိုတော့ အကြာကြီး ထည့်ကြော်ထားမိရင် အကျက်လွန်ပြီး တူးသွားနိုင်တာမို့ ခဏပဲ ကြော်ပြီး ဆယ်လိုက်လို့ ရပါပြီနော်။
အိုးထဲက ဆယ်ပြီးသွားရင် ဆီစစ်ပြီး နှစ်သက်ရာ ဆော့စ်လေးနဲ့ တွဲဖက်ပြီး ပုဇွန်တန်ပူရာကြော် ပူပူလေးကို စတင် သုံးဆောင်လို့ ရပါပြီ။

ကိုယ့်ဘာကိုယ် လုပ်ရမှာ အလုပ်ရှုပ်လို့ ဆိုင်မှာပဲ သွားစားချင်တယ်ဆိုရင်လည်း ပုဇွန်တန်ပူရာရနိုင်မယ့် ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို အောက်က Link မှာ ဝင်ရောက်ရှာဖွေ ကြည့်ရှုနိုင်ပါပြီနော်။

⇐ Previous Next

Read 6526 times