Things To Do

Love Situation of Zodiac Sings in August

Love Situation of Zodiac Sings in August

ဒီတစ်ပတ်မှာတော့ ရာသီခွင် (၁၂) ခုအလိုက် ဩဂုတ်လအတွက် အချစ်ရေးကံနဲ့ ဖြစ်လာနိုင်တဲ့ အချစ်ရေး အခြေအနေတွေကို မျှဝေပေးချင်ပါတယ်။ ဩဂုတ်လက Relationship တွေအတွက် အချစ်ရေး အဆင်ပြေမယ့် လလား၊ Single သမားတွေ စွံမယ့် လလား၊ Crush နဲ့ အဆင့်တွေ တက်နိုင်မယ့် လလား ဆိုတာကို အောက်မှာ ဖော်ပြပေးထားပါတယ်။  

၁။ ARIES (MARCH 21 – APRIL 19)

ချစ်သူရည်းစားရှိသူတွေ - တစ်ယောက်နဲ့တစ်ယောက် ဂရုမစိုက်နိုင်တာမျိုး၊ သူနဲ့ နေရတာ ပျော်ပေမဲ့ တခြားတစ်ယောက်အပေါ်မှာလည်း စိတ်ယိုင်နေမိတာမျိုး ဖြစ်တတ်ပါတယ်။ နှစ်ယောက်ကြားမှာ ကတောက်ကဆလေးတွေ ရှိပေမဲ့ သူကိုယ့်ကို စွန့်လွှတ်ပြတ်သားသွားမှာလည်း ကြောက်နေတတ်တယ်။ သူ့ဘက်ကလည်း ကိုယ့်ကို ခွင့်လွှတ်နားလည်ပေးမယ့် အနေအထားမှာ ရှိလိမ့်မယ်။ ကိုယ်ဝေခွဲမရဖြစ်နေတာတွေကိုလည်း ဩဂုတ်လမှာပဲ အဖြေတစ်ခု ရသွားပါလိမ့်မယ်။ 

တစ်ယောက်တည်းသမားတွေ - တစ်ယာက်တည်း အဆင်ပြေသလို နေနေတတ်ပါတယ်။ ကိုယ့်ကို ချဉ်းကပ်နေတဲ့ သူကို လေ့လာနေမိမယ်။ ကိုယ့်ဘက်က စပြီး ရှေ့တစ်လှမ်း မတိုးချင်သေးသလို သူ့ဘက်ကနေ တိုးလာမှာကိုလည်း စိုးရိမ်နေတတ်ပါတယ်။ ဩဂုတ်လလေးမှာ ကိုယ့်ကို ဖွင့်ပြောတာ ခံရနိုင်ပါတယ်။ ကိုယ့်ကို သဘောကျနေကြောင်း တဆင့်ပြန်ကြားရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ကတော့ အဆင့်သင့်မဖြစ်သေးတော့ ချစ်သူမဖြစ်ချင်သေးတာမျိုး ရှိပါတယ်။

Crush နေသူတွေ - စကားတွေပြောဖြစ်ပြီးအခြေအနေတွေ ကောင်းနေပါလိမ့်မယ်။ မကြာမကြာဆက်သွယ်ဖြစ်သလို ဆုံဖြစ်နေမယ့်လလေးပါ။

၂။ TAURUS (APRIL 20 – MAY 21)

ချစ်သူရည်းစားရှိသူတွေ - လအစရက်လေးတွေမှာ အတူတူပျော်ရတဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ပြီး ပျော်နေရပါမယ်။ လလယ်လောက်ကျရင်တော့ ကိုယ့်အပေါ် ဂရုစိုက်မှုလေးတွေ၊ အချိန်ပေးမှုတွေ နည်းလာတယ်လို့ တွေးပြီး နှစ်ယောက်ကြား အဆင်မပြေမှုတွေ ရှိလာပါလိမ့်မယ်။ ပြီးသွားခဲ့တဲ့ အရှုပ်အထွေးတွေ နှစ်ယောက်ကြား ပြန်ပေါ်လာပြီး စိတ်ရှုပ်စရာတွေ ဖြစ်ပါမယ်။ လကုန်ရက်မှာ အဆင်မပြေမှုတွေရဲ့ အဆုံးသတ်အနေနဲ့ သူလည်း သူ့လမ်းသူလျှောက်၊ ကိုယ်လည်း ကိုယ့်လမ်းကိုယ်လျှောက်ပြီး သပ်သပ်စီဖြစ်သွားနိုင်ပါတယ်။ 

တစ်ယောက်တည်းသမားတွေ - ကိုယ့်ကို ချဉ်းကပ်လာတဲ့သူကို လက်ခံချင်ပေမယ့် တစ်ဖက်လူက မရိုးသာတဲ့ပုံစံမျိုးဖြစ်နေတတ်တယ်။ တစ်ဖက်လူရဲ့ အပြုအမူတွေကို ရင်ထဲ ငြိတွယ်နေပေမဲ့ မဖြစ်နိုင်ပါဘူးဆိုပြီး မယုံရဲတဲ့ စိတ်တွေလည်း ရှိနေမယ်။ လှည့်စားခံရတတ်တဲ့ လမို့ သတိလေးထားပြီး သေချာစဉ်းစားစေချင်ပါတယ်။ ကိုယ်သဘောမကျတဲ့သူ၊ လက်မခံချင်တဲ့သူစီကနေပြီးတော့လည်း အလေးပေးမှုတွေ ဇွတ်ရနေတတ်ပြန်ပါတယ်။ ရတာမလို လိုတာမရဖြစ်နေမယ့် ဩဂုတ်လလေးပါ။ 

Crush နေသူတွေ - မျက်နှာချင်းဆိုင် ဆုံပြီး စကားတွေပြောရတတ်ပါတယ်။

၃။ GEMINI (MAY 22 – JUNE 21)

ချစ်သူရည်းစားရှိသူတွေ - ဩဂုတ်လက ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဖြစ်နေတတ်ပါတယ်။ အစပိုင်းမှာ ကိုယ်က စိတ်ကောက်လိုက် သူကပြန်ချော့လိုက်နဲ့ ဖြစ်နေမှာပါ။ အရင်ကအကြောင်းတွေ ပြန်ပြောဖြစ်ကြလိမ့်မယ်။ ဒဏ်ရာဟောင်းတွေလည်း ပြန်ပေါ်လာတတ်တယ်။ စကားအကောင်း ပြောနေရင်းက ထထဖောက်ပြီး ရန်တွေဖြစ်ရတတ်ပေမယ့် လကုန်ရက်ပိုင်းလေး ရောက်လာတော့မှ အတိုင်အဖောက်ပြန်ညီပြီး အဆင်ပြေသွားမှာပါ။

တစ်ယောက်တည်းသမားတွေ - ချစ်ချင်တယ်၊ ချစ်မယ်ဆိုပြီး နှလုံးသားက ရှေ့တိုးချင်ပေမယ့် ဦးနှောက်က ကိုယ့်ကို နောက်ပြန်ဆွဲမယ့် လလေးပါ။ ဩဂုတ်လက ကိုယ့်ကို ရင်ခုန်စရာတွေနဲ့ ကြည်နူးမှုတွေကိုတော့ ပေးပါလိမ့်မယ်။ ကိုယ့်ဘက်က အရမ်းသဘောကျနေမိပေမဲ့ သူ့ဘက်က တကယ်အစစ်အမှန် ဟုတ်/မဟုတ်ကို သိရဖို့ လေ့လာရင်းနဲ့ပဲ ဩဂုတ်လကို တစ်ကိုယ်တည်း ဖြတ်သန်းရမှာပါ။

Crush နေသူတွေ - ကမ္ဘာတွေ ခြားနေသလို အလုပ်ကိုယ်စီနဲ့ အဝေးကနေသာ မျှော်လင့်နေရမယ့် လလေးပါ။

၄။ CANCER (JUNE 22 – JULY 22)

ချစ်သူရည်းစားရှိသူတွေ - လအစမှာ နှစ်ယောက်သား Chemistry မိမိနဲ့ တစ်ယောက်အတွက် တစ်ယောက် ရှိနေပေးကြပါလိမ့်မယ်။ လကုန်ပိုင်းလောက်မှာတော့ သူ့ဘက်က ကိုယ့်ကို နားလည်မှု လွဲတာတွေ ဖြစ်တတ်ပါတယ်။ အတူတူရှိနေကြပေမယ့် အပြစ်တွေ မြင်နေမိမယ့် ဆက်ဆံရေးလေးမို့ ကိုယ့်ဘက်ကနေ အမြဲဖျန်ဖြေပေးရပြီး ကိုယ့်ဘက်ကပဲ ရှေ့ကို စတိုးသလောက် သူကတော့ ခပ်ခွာခွာနေနေပါလိမ့်မယ်။ ယုံကြည်မှုတွေ တိုးအောင် ချစ်ခြင်းမေတ္တာတွေ ခံစားရအောင် နေ့ရက်တိုင်း ကြိုးစားကျော်ဖြတ်ရင်း နက်ရှိုင်းတဲ့ နားလည်မှုတွေစီ ဦးတည်သွားပါလိမ့်မယ်။

တစ်ယောက်တည်းသမားတွေ - ဩဂုတ်လမှာ Cancer လေးတွေ Single ဘ၀က ကျွတ်ပါလိမ့်မယ်။ ကိုယ့်အချစ်က သူဆိုတာ ကျိန်းသေတယ်ဆိုတဲ့ ကြည်နူးမှုတွေနဲ့ အတူတူလက်တွဲရမယ့် လပါ။ ဒါပေမဲ့ ကိုယ့်မှာ ပြိုင်ဘက် ရှိလာတတ်ပါတယ်။ အခန့်မသင့်ရင် သူ့ရဲ့ Ex နှောင့်ယှက်တာ ခံရနိုင်ပါတယ်။ ရှုပ်ထွေးမှု အနည်းငယ်တော့ ဒီလမှာ ရှိနေပါလိမ့်မယ်။

Crush နေသူတွေ - ကြင်နာမှုတွေ၊ နွေးထွေးမှုတွေနဲ့ ကောင်းမွန်တဲ့ အကြံတွေ သူ့ဆီက ရပါလိမ့်မယ်။

၅။ LEO (JULY 23 – AUGUST 22)

ချစ်သူရည်းစားရှိသူတွေ - သူ့ဘက်က ကိုယ့်အပေါ် နာကျင်စေတာမျိုး၊ အနိုင်ကျင့်တာမျိုးတွေ လုပ်တတ်ပါတယ်။ သူ့ဘက်က ကိုယ့်ကို လုံး၀ အလျှော့ပေးဖို့ မရှိသလို သူလုပ်ချင်တာတွေ သူ့ဆန္ဒတွေကိုပဲ ရှေ့တန်းတင်နေမှာပါ။ သူကိုယ်တိုင်လည်း ကိုယ့်အတွက် ခံစားချက်တွေက ရှုပ်ထွေးနေပြီး ဘာလိုချင်နေမှန်း ဘာကို စိတ်တိုင်းမကျဖြစ်နေမှန်း သေချာမသိဘူး ဖြစ်နေတာပါ။ ဘာဆက်လုပ်သင့်လဲဆိုတာ ခက်ခက်ခဲခဲနဲ့ ရွေးချယ်ရမယ့် လပါ။ အဖြေလည်း တွေ့မှာ မဟုတ်ပါဘူး။ 

တစ်ယောက်တည်းသမားတွေ - Leo တွေကတော့ ဩဂုတ်လမှာ Single ဘ၀က ကျွတ်မယ်လို့ မပြောနိုင်ပေမယ့် အဆင့်တွေ တက်မယ့် အနေအထားမှာ ရှိပါတယ်။ သဘောကျနေသူကို ဖွင့်ပြောလိုက်တာမျိုး၊ လက်ဆောင်ပေးတာမျိုး၊ စကားစပြောတာမျိုးတွေ လုပ်တတ်ပါတယ်။ ရင်ခုန်ကြည်နူးစရာတွေ ပြည့်နေမယ့် လလေးဆိုပေမဲ့ အကောင်းနဲ့အဆိုး ဒွန်တွဲနေတတ်လို့ အထင်လွဲစရာလေးတွေ ကြုံရနိုင်ပါတယ်။  

Crush နေသူတွေ - စကားပြောဖို့ အခွင့်အရေးတွေ ခဏခဏ ရနိုင်ပါတယ်။ ကိုယ်လှုပ်ရှားနိုင်လေလေ အဆင်ပြေလေလေဖြစ်မယ့် လပါပဲ။

၆။ VIRGO (AUGUST 23 – SEPTEMBER 22)

ချစ်သူရည်းစားရှိသူတွေ - သူ့ဘက်က ကိုယ့်ကို အလိုလိုက် အကြိုက်ဆောင်နေပေမယ့် ကိုယ့်ဘက်က စိတ်မတည်မငြိမ် ဖြစ်နေတာမျိုး ရှိပါတယ်။ သူ့ဘက်က အတင်းလိုက်ကပ်နေတာကို ကြိုက်သလို တစ်ခါတစ်လေတော့လည်း တစ်ယောက်တည်း နေချင်ပြန်ရော။ နှစ်ဖက်စလုံးက အဆင်ပြေဖို့ လိုက်လျောအလျှော့ပေးတတ်ကြတော့ အချစ်ရေး အဆင်ပြေမယ့် လလို့ ပြောလို့ရပါတယ်။ နားလည်မှုလွဲတာမျိုး ဖြစ်လာရင်လည်း ခဏလေးနဲ့ ဖြေရှင်းနိုင်မယ့် အတွဲလေးပါ။

တစ်ယောက်တည်းသမားတွေ - အချစ်ကြောင့် နာကျင်ခဲ့ရပြီးပြီ၊ ထပ်လည်း မချစ်ချင်တော့ဘူးဆိုပြီး တွေးနေတတ်ပါတယ်။ အချစ်သစ်တစ်ခု စတင်ရဖို့ တွန့်ဆုတ်နေမိပါလိမ့်မယ်။ ဘာမှမစတင်ချင်သေးဘဲ ဒီတိုင်းပဲ လွတ်လွတ်လပ်လပ် အေးအေးဆေးဆေးနေဖို့သာ လိုလားနေမှာပါ။ 

Crush နေသူတွေ - ရေခဲတုံးကိုမှ ကြိုက်မိသလား ထင်ရလောက်အောင် အေးစက်စက်ဖြစ်နေတာမို့ ငေးရင်းသာ မျှော်ရအုန်းမှာပါ။

Advertisement

Click Here > Charming Garment MFG Co.Ltd. (Textile)

၇။ LIBRA (SEPTEMBER 23 – OCTOBER 22)

ချစ်သူရည်းစားရှိသူတွေ - နှစ်ယောက်စလုံး လအစမှာ လတ်ဆတ်တဲ့ ရင်ခုန်သံတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြရမှာပါ။ လကုန်ရက်ပိုင်းမှာ နှစ်ယောက်စလုံး ရင်ခုန်သံတွေ အေးစက်သွားပြီး စိတ်မပါကြသလို ဖြစ်သွားနိုင်ပါတယ်။ သူ့ဘက်ကတော့ ပိုပြီး တောင်ပန်းရမယ့် ကိစ္စတွေ များပါတယ်။ ကိုယ်ကလည်း သူဘာလုပ်ပေးပေး အလိုမကျတွေ ဖြစ်နေတတ်ပါတယ်။ စကားများလိုက်၊ တောင်းပန်ခံလိုက်၊ အချော့ခံလိုက်နဲ့ အီလည်လည်ကြီး ဩဂုတ်လကို ကုန်ဆုံးရမှာပါ။ 

တစ်ယောက်တည်းသမားတွေ - ချစ်ချင်တဲ့ စိတ်ထက် တစ်ယောက်တည်း နေချင်တဲ့ စိတ်က ပိုပါလိမ့်မယ်။ ဩဂုတ်လမှာ Libra တွေ စန်းပွင့်ပါလိမ့်မယ်။ တစ်ယောက်ထက် ပိုတဲ့ သူတွေဆီကနေ သဘောကျကြောင်း အပြောခံရပါမယ်။ ကိုယ့်ဘက်ကတော့ အလိုက်အထိုက် စကားပြန်ပြောပေးရုံကလွဲပြီး အခွင့်အရေး မပေးချင်တဲ့ ပုံစံပါ။ 

Crush နေသူတွေ - အခြေအနေ အရမ်းကောင်းကြီးတော့ မဟုတ်ပေမဲ့ ပုံမှန်စကားပြောဖြစ်၊ ဆုံဖြစ်နေပါလိမ့်မယ်။

၈။ SCORPIO (OCTOBER 23 – NOVEMBER 22)

ချစ်သူရည်းစားရှိသူတွေ - ဒီလကတော့ ကိုယ့်ဘက်က သူ့အပေါ် အေးစက်သလို ဖြစ်နေပါမယ်။ ကိုယ်ပျော်သလို နေနေပြီး သူ့ကိုလည်း အချိန်သိပ်မပေးချင်သလို ဖြစ်နေလိမ့်မယ်။ သူ့ဘက်က ဂရုစိုက်မှုတွေလည်း တာဝန်အရဖြစ်နေတယ်ဆိုပြီး တစ်ယောက်တည်း အတွေးများနေရမယ့် လပါ။ သူ့ဘက်ကလည်း ကိုယ့်ကို သံသယတွေ ဖြစ်နေပါမယ်။ နှစ်ယောက်သား လူချင်း အတူတူရှိနေပေမယ့် စိတ်ချင်း ဝေးနေပါလိမ့်မယ်။

တစ်ယောက်တည်းသမားတွေ - အချစ်ကို ထောင်လို့ပဲ မြင်နေပါတယ်။ ကိုယ့်ရဲ့ လွတ်လပ်မှုတွေ၊ ကိုယ်ပိုင်အချိန်တွေ လက်လွှတ်လိုက်ရမှာကို စိုးရိမ်နေလို့ မချစ်ချင်သေးပါဘူး။ မာယာများတဲ့သူ၊ လူရည်လည်တဲ့သူတွေ ကိုယ့်နှလုံးသားတံခါးကို လာဖွင့်ဖို့ ရှိပါတယ်။ သတိထားပါ။

Crush နေသူတွေ - အချစ်ရေးမှာ ကံကောင်းနိုင်ပါတယ်။ မမျှော်လင့်ဘဲ ရင်ခုန်စရာ အခိုက်အတန့်တွေ ကြုံရပါလိမ့်မယ်။ 

၉။ SAGITTARIUS (NOVEMBER 23 – DECEMBER 21)

ချစ်သူရည်းစားရှိသူတွေ - ဩဂုတ်လကတော့ နှစ်ယောက်သား စကားမပြောဖြစ်ရင်လည်း မဖြစ်ဘူး။ ပြောဖြစ်ရင်လည်း ရန်စကား၊ ဒေါသထွက်စရာက ပိုများပါမယ်။ ကိုယ့်ဘက်ကလည်း စိတ်ကောက်၊ သူ့ဘက်ကလည်း စိတ်ကောက်နဲ့ ဖြတ်သန်းရမှာပါ။ သူ့ဘက်ကလည်း သူ့ကို နားလည်ပေးစေချင်၊ ကိုယ့်ဘက်ကလည်း လုံး၀အလျှော့မပေးချင်နဲ့ လတစ်လလုံးက ချစ်ရတာထက် ရန်ဖြစ်ရတာ ပိုများနေပါမယ်။ နှစ်ယောက်ကြားမှာ အလျှော့ပေးမှုတွေ၊ ပွင့်လင်းမှုတွေ လိုနေတာကြောင့် အဆင်ပြေအောင် ညှိနှိုင်းရမှာပါ။ 

တစ်ယောက်တည်းသမားတွေ - ဩဂုတ်လမှာ စကားပြောဖော်လေးတစ်ယောက် လိုချင်နေတော့ ကိုယ့်ကို လာကြူနေတဲ့သူတိုင်းကို စိတ်လိုလက်ရ စကားပြန်ပြောမိပါလိမ့်မယ်။ အကြိုက်မတွေ့သေးတော့  ဆက်ရွေးနေရပါဦးမယ်။ Ex ကြီးစီက မေတ္တာတွေ ပြန်ရတတ်ပါတယ်။ 

Crush နေသူတွေ - စကားတော့ လက်ခံပြောပေမယ့် နည်းနည်းချေသလိုလို အဖက်မလုပ်ချင်သလိုလို လုပ်ခံနေရလိမ့်မယ်။  

၁၀။ CAPRICORN (DECEMBER 22 – JANUARY 20)

ချစ်သူရည်းစားရှိသူတွေ - ကိုယ်ဂျီကျသမျှကို သူက စိတ်ရှည်ရှည်နဲ့ လိုက်ချော့၊ လိုက်ဖြည့်ဆည်းပေးမှာပါ။ Capricorn တွေ အချစ်ခံရမယ့် လပါ။ ဒါပေမဲ့ ကိုယ်က သူပြောခဲ့ဖူးတဲ့ ရင်နာစရာ စကားတချို့ကို ပြန်တွေးရင်းနဲ့ သူ့အပေါ် မကြည်ဘူး ဖြစ်နေပါမယ်။ သူလည်း ကြာလာတော့ စိတ်မရှည်တော့ဘဲ နေချင်သလိုသာ နေတော့ဆိုပြီး လွှတ်ထားလိုက်လိမ့်မယ်။ အဲ့အခါကျ ကိုယ်က ပြန်လိုက်ရရော။ နှစ်ယောက်ကြား မဟုတ်တာလေးတွေကို စိတ်ဆိုးလိုက်၊ သဝန်တိုလိုက်နဲ့ ကတောက်ကဆလေးတွေဖြစ်ပြီး ကုန်ဆုံးရနိုင်ပါတယ်။     

တစ်ယောက်တည်းသမားတွေ - လူမျိုးခြား၊ ဘာသာခြားတွေ မျက်စိကျတာ ခံရတတ်ပါတယ်။ ကိုယ်တိုင်လည်း တစ်ဖက်သတ် သဘောကျမိမယ့် သူနဲ့ ဆုံတွေ့ရတတ်တယ်။ တစ်ကိုယ်တော်ပေမယ့်လည်း အချစ်တွက် ပထမဆုံးခြေလှမ်း စလှမ်းဖြစ်မယ့် လလေးမို့ ရင်ခုန်ဖို့ကောင်းမှာပါ။ 

Crush နေသူတွေ - Attention ရမယ့်အပြင် Minor Skinship လေးတွေတောင် ဖြစ်လာနိုင်ပါတယ်။

၁၁။ AQUARIUS (JANUARY 21 – FEBRUARY 18)

ချစ်သူရည်းစားရှိသူတွေ - Aquarius တွေ လေစိမ်းတိုက်မယ့် လပါ။ သူ့ဘက်က ကိုယ့်အပေါ်ကို ဘယ်လောက်ကောင်းကောင်း ကိုယ့်ဘက်က ပြတ်မယ်ချည်း ပြောနေတတ်ပါတယ်။ Single ဘ၀က အကောင်းဆုံးလို့ တွေးနေမိပါမယ်။ သူ့ဘက်ကတော့ ကိုယ့်မျက်နှာ တစ်ကမ္ဘာဆိုပြီး လိုက်ချော့ပေမဲ့ ကိုယ်က အရမ်းပြတ်သားနေပါလိမ့်မယ်။ သူ့ဘက်ကလည်း ကိုယ်စိတ်ပြေအောင် ဘာလုပ်ပေးရမလဲ မသိတော့ စိတ်ရှုပ်စရာတွေ ရှိပါမယ်။ သူ့ဘက်ကလည်း ကိုယ့်ကို ချစ်လို့သာ လိုက်ခေါ်၊ လိုက်ချော့နေရပေမယ့် မာနကြီးတဲ့ လူမျိုးပါ။ အဓိပ္ပါယ်မရှိတာတွေ လုပ်တယ်ဆိုပြီး သူက ပြန်စိတ်ဆိုးသွားပါလိမ့်မယ်။ 

တစ်ယောက်တည်းသမားတွေ - တစ်ကိုယ်တည်း ဖြတ်သန်းရမယ့် လပေမဲ့ ကိုယ်သဘောကျနေသူကို ကိုယ့်ဘက်ကစပြီး အဆင့်တက်ဖို့ ခြေလှမ်းစနိုင်ပါတယ်။ ရလဒ်မကောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ရည်းစားမရှိဘဲနဲ့ကို အသည်းကွဲရတတ်ပါတယ်။

Crush နေသူတွေ  - သူ့ဘက်က မီးစိမ်းမပြသေးတော့ မျှော်ရင်းနဲ့သာ ချစ်ရမှာပါ။

၁၂။ PISCES (FEBRUARY 19 – MARCH 20)

ချစ်သူရည်းစားရှိသူတွေ - ဒီလမှာ ကိုယ်က သိပ်မရိုနိုင်ဘူး ဖြစ်နေပါတယ်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေ၊ ခံစားချက်တွေထက် လုပ်စရာတွေကိုသာ ပိုဖိလုပ်မိနေမယ်။ အဲ့တော့ သူ့ဘက်ကလလည်း ကိုယ့်ကို ဂရုမစိုက်ဘဲ သူပျော်ရာပဲ သူလုပ်နေမယ်။ နှစ်ယောက်ကြားမှာ နွေးထွေးမှု မရှိဘူး ဖြစ်နေတယ်။ နှစ်ယောက်ကြားမှာ ရန်ဖြစ်ပြီး စိတ်ညစ်စရာမျိုးတွေ မရှိပေမဲ့ ကိုယ့်ဘက်ကလည်း သူ့ကို မချစ်ချင်တော့သလို သူ့ဘက်ကလည်း ကိုယ့်အပေါ် ရင်ခုန်သံတွေ ငြိမ်သက်လာနိုင်ပါတယ်။ 

တစ်ယောက်တည်းသမားတွေ - လအစပိုင်းမှာတော့ အချစ်အတွက် တက်ကြွနေပေမဲ့ လဝက်လောက်ရောက်ရင် ဘာမှဆက်မဖြစ်ချင်တော့ဘဲ တစ်ယောက်တည်းပဲ ဖြတ်သန်းချင်ပါလိမ့်မယ်။ ရုပ်ရည်ကြည့်ကောင်းတဲ့ သူမျိုးနဲ့ ဆုံတွေ့ရနိုင်ပေမယ့် ကိုယ့်အတွက် သူက မစစ်မှန်သေးပါဘူး။ အချစ်ခံရမှာထက် ပလေးခံရနိုင်တဲ့ လမို့ ရွေးချယ်မှု မှန်ကန်ဖို့ လိုပါတယ်။

Crush နေသူအတွက် - စကားတွေ ပြောဖြစ်နေလိမ့်မယ်။ Romance တွေ မပါတဲ့ စကားဝိုင်းလေးတစ်ခု ဆိုပေမယ့် ရင်းနှီးမှုတော့ ပိုတိုးလာနိုင်ပါတယ်။

Source - Miracle Whispers : Bliss Realm

⇐ Previous Next

Read 2058 times