Things To Do

Tips For Healthy Eating

Tips For Healthy Eating

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ အဖက်ဖက်က စျေးတက်နေတာကြောင့် လူတိုင်းလူတိုင်း ကျပ်တည်းမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလိုအချိန်မှာ ချမ်းသာတဲ့လူတွေအတွက်ကတော့ သိပ်ပြသနာမရှိပေမဲ့ လက်လုပ်လက်စားတွေ၊ ဝန်ထမ်းတွေအတွက် စားရေးသောက်ရေး အခက်အခဲ ရှိလာပါပြီ။

ဒါကြောင့် အသက်ရှင်နေထိုင်ဖို့ အဓိကလိုအပ်တဲ့ စားရေးသောက်ရေးမှာ အတတ်နိုင်ဆုံး ငွေကိုချွေတာပြီး အာဟာရလည်းဖြစ် ကျန်းမာရေးနဲ့လည်း ညီညွတ်အောင် ဘယ်လိုစားရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

၁။ ဆန်

ဆန်ကို ပေါ်ဆန်းချည်း မဟုတ်ဘဲ အကြမ်း ရောပါ။ အကြမ်းချည်းပဲ စားရင်လည်း ကျန်းမာရေးအတွက် အဆင်ပြေပါတယ်။ အဝလွန်သူတွေ၊ ဆီးချိုသမားတွေအတွက် ဆန်ကြမ်းက အဆာခံတော့ ပိုတောင် သင့်တော်ပါသေးတယ်။

၂။ ပဲ

အသားတွေ အရမ်းဈေးတက်နေချိန် အသားဓါတ်ကို ပဲက ယူပါ။ ဈေးအသက်သာဆုံးဖြစ်ပြီး စားလို့ အဆင်ပြေမယ့် ပဲကိုရွေးပါ။ ပဲတွေရဲ့ အာဟာရဓါတ်က တစ်ခုနဲ့တစ်ခု သိပ်မကွာခြားပါဘူး။

၃။ ဆီ

ဆီကတော့ စားအုန်းဆီ ဈေးတောင် တက်နေတော့ အကောင်းစားဆီတွေဆို မပြောလိုတော့ပါဘူး။ စားအုန်းဆီကတော့ ကျန်းမာရေးအတွက် အဆင်မပြေလှပါဘူး။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ငွေကြေးအခက်အခဲကြောင့် ဒီဆီကို မဖြစ်မနေ သုံးနေကြရပါတယ်။

အဆင်ပြေမယ်ဆိုရင် ပဲပုပ်စေ့ဆီလိုမျိုး တခြားဆီ‌တွေထက် ဈေးအနည်းငယ် သက်သာမယ့် ဆီကို သုံးပေးပါ။ ပြီးရင် ဟင်းချက်တဲ့အခါ ဆီကို တတ်နိုင်သမျှ ချွေတာသုံးပါ။ ဆီအများကြီးနဲ့ ကြော်တာမျိုးမလုပ်ဘဲ ပြုတ်ကြော်၊ ကြော်ချက် အနေအထားလေးတွေသာ ချက်ပါ။

၄။ မြေပဲ

အခုအချိန်မှာ ဟင်းဖွယ်ဖွယ်ရာရာ ချက်ဖို့ အဆင်မပြေရင် ထမင်းနဲ့ မြေပဲ (သို့) ပဲပြုတ်ကို ဆီနယ်ပြီး စားတာကလည်း ထမင်းမြိန်သလို အာဟာရလည်းပြည့်ဝပြီး ကယ်လိုရီဓာတ်လည်း ရရှိပါတယ်။

၅။ ကြက်ဥ၊ ဘဲဥ

ကြက်ဥ၊ ဘဲဥတွေက အကောင်းဆုံး အာဟာရ အစားအစာတွေပါ။ အသားတွေထက် ဈေးသက်သာပေမယ့် အခုချိန်မှာ ဥတွေလည်း ဈေးတက်နေပါတယ်။ ဒီအချိန်က တောကြက်ဥ၊ CP ကြက်ဥဆိုပြီး ခွဲနေရမယ့် အချိန်တော့ မဟုတ်ပါဘူး။ တောကြက်ဥနဲ့ CP ကြက်ဥက အာဟာရအားဖြင့် အများကြီး ကွာခြားမှုမရှိလို့ ဈေးကြီးတာကို ဝယ်တာ လျှော့ပြီး သက်သာတာသာ ရှာဝယ်ချက်ပါ။

၆။ ဟင်းသီးဟင်းရွက်

အရွက်ကြော် များများစားပါ။ ဘယ်စားလို့ရတဲ့ အရွက်မျိုးကိုမဆို စားနိုင်ပါတယ်။ အာဟာရပြည့်ဖို့ဆို အရွက်ကရမယ့် အမျှင်ဓါတ်နဲ့ ဗီတာမင်၊ သတ္တုဓါတ်ကလည်း လိုပါသေးတယ်။ ဒါကြောင့် အဆင်ပြေမယ့် အရွက်ကြော် ဒါမှမဟုတ် အရွက်ဟင်းချိုလေး လုပ်စားပါ။

အခုလို ကုန်စျေးနှုန်းတွေ ထိန်းမရအောင် တက်နေချိန်မှာ အပိုငွေအကုန်မခံဘဲ ကျန်းမာရေးနဲ့ ညီညွတ်အောင် အိမ်မှာ စနစ်တကျ ချက်ပြုတ်သင့်ပါတယ်။ အဆီတွေ အရမ်းစားတာမျိုး ရှောင်ပါ။ ဟင်းထဲမှာ ဆားလျှော့ချက်ကြပါ။

Source - ဒေါက်တာ ညီညီကျော် 

⇐ Previous Next

Read 1135 times