Things To Do

Robbery Prevention Tips

Robbery Prevention Tips

အခုချိန်မှာ ရန်ကုန်၊ မန္တလေးတို့လို မြို့ပြကြီးတွေမှာတောင် ခိုးဆိုးလုနှိုက် ဒုစရိုက်မှုတွေ၊ နေအိမ်ဖောက်ထွင်းခံရပြီး အသက်အန္တရာယ် ပြုလုပ်ခံရမှုတွေထိ ရှိလာတာကို အားလုံးသိကြမယ်ထင်ပါတယ်။

YBS ပေါ်မှာ ခါးပိုက်နှိုက်ခံရတာ၊ လမ်းသွားရင်းနဲ့ အလစ်သုတ်တာ၊ တို့ဆေးတို့ပြီး ခေါ်သွားတာ စသဖြင့် ဒုစရိုက်မှုတွေ ပေါများလာတာကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် နေ့စဉ်နဲ့အမျှ တွေ့လာရပါတယ်။

ခက်ခဲကျပ်တည်းနေတဲ့အချိန်မှာ ကိုယ့်မှာရှိစုမဲ့စုလေးတွေ ပါသွားခဲ့ရင် ယူကြုံးမရဖြစ်ရပါတယ်။

ဒါကြောင့် မဖြစ်မနေ လမ်းထွက်နေရသူတွေအတွက် ခါးပိုက်နှိုက်ခံရတာတွေ၊ ပေါ်တင်အလုခံရတာမျိုးတွေကို အတတ်နိုင်ဆုံး ရှောင်ရှားနိုင်စေဖို့ နည်းလမ်း(၇)နည်းကို မျှဝေပေးလိုက်ပါတယ်။

၁။ သွားလာရင်း ပစ္စည်းထုတ်စစ်တာမျိုး ရှောင်ပါ။

သွားရင်းလာရင်းနဲ့ သင့်ပစ္စည်းတွေကို အမှတ်တမဲ့ ထုတ်စစ်လိုက်ရင် အလစ်သုတ်သမားရဲ့ သားကောင်က သင်ဖြစ်သွားပါလိမ့်မယ်။ ဒါ့အပြင် သင်ပစ္စည်းစစ်နေတုန်း ခါးပိုက်နှိုက်က သူ့ပစ္စည်းတွေကို သင်ခိုးသွားပါတယ်ဆိုပြီး ဉာဏ်များနိုင်ပါသေးတယ်။

၂။ လမ်းသွားရင်း ဖုန်းစကားပြောခြင်း ရှောင်ပါ။

သင်က လမ်းပေါ်မှာ ဖုန်းစကားပြောတဲ့အခါ သင့်အာရုံက ဖုန်းပေါ်မှာပဲ ရှိနေတဲ့အတွက် သင့်လက်ထဲက ဖုန်းကို အလစ်သုတ်သမားက ယူပြေးဖို့ အရမ်းလွယ်ပါတယ်။ လမ်းသွားရင်းဖုန်းလာတဲ့အခါ သိပ်အရေးမကြီးဘူးဆိုရင် နောက်မှာပြန်ခေါ်မယ်လို့သာပြောပြီး ဖုန်းချလိုက်သင့်ပါတယ်။

၃။ လမ်းပေါ်က ATM စက်တွေမှာ ငွေမထုတ်ပါနဲ့။

သင်က ပလပ်ဖောင်းပေါ်မှာရှိတဲ့ ATM စက်တွေမှာ ငွေထုတ်နေခဲ့ရင် အလစ်သုတ်သမားတွေက သင့်ငွေတွေကို လုပြေးဖို့ အခွင့်အရေးပေးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ATM စက်မှာ ငွေထုတ်ချင်တယ်ဆိုရင် ဟိုတယ်၊ ဘဏ်၊ စားသောက်ဆိုင်တို့လို အဆောက်အဦးထဲမှာရှိတဲ့ ATM စက်တွေမှာသာ ငွေထုတ်ပါ။

၄။ ပစ္စည်းတွေကို ကိုယ်နဲ့ နီးနီးကပ်ကပ်မှာထားပါ။

အများသုံးယာဉ် YBS စီးတဲ့အခါ သင့်ပစ္စည်းတွေကို မျက်စိရှေ့မှာထားတာ အကောင်းဆုံးပါ။ ခါးပိုက်နှိုက်က အရမ်းကို ခြေမြန်လက်မြန်ရှိတာကြောင့် အလစ်ငိုက်တဲ့အချိန်မှာ ပစ္စည်းကို ယူသွားနိုင်ပါတယ်။ ဖုန်း၊ ပိုက်ဆံအိတ်နဲ့ အရေးကြီးတဲ့သော့တွေကို လက်ကကိုင်ထားတာဖြစ်ဖြစ်၊ အိတ်ကို ခန္ဓာကိုယ်အရှေ့ပို့ထားတာဖြစ်ဖြစ်လုပ်ပါ။

၅။ လမ်းမကြီးနဲ့ကပ်ပြီး လမ်းလျှောက်တာကို ရှောင်ပါ။

ခါးပိုက်နှိုက်တွေက ဆိုင်ကယ်နဲ့ ရောက်လာတတ်ပြီး သင့်ပိုက်ဆံအိတ်ကို လုပြေးနိုင်ပါတယ်။ အဲဒါကြောင့် လမ်းမကြီးနဲ့ ခပ်ဝေးဝေး ပလပ်ဖောင်းပေါ်မှာ လမ်းလျှောက်သင့်ပါတယ်။

၆။ နှိပ်စေ့တစ်မျိုးတည်းပါတဲ့ အိတ်ကို မသုံးပါနဲ့။

အလစ်သုတ်ပြေးသမားတွေရန်ကနေ ကင်းစေဖို့ စလွယ်သိုင်းလွယ်လို့ရမယ့် အိတ်တွေကို ပိုရွေးချယ်သင့်ပါတယ်။ နှိပ်စေ့ချည်းပဲပါတဲ့ အိတ်ဆို သူတို့အတွက် ခါးပိုက်နှိုက်ရတာ အရမ်းလွယ်ပါတယ်။ ဒါကြောင့် နှိပ်စေ့အပြင် ဇစ်ပါတဲ့ အိတ်မျိုးကို သုံးသင့်ပါတယ်။ 

၇။ ဆန်းဝစ်ချ်နည်းလမ်းကို သတိထားပါ။

ဆန်းဝှစ်ချ်နည်းလမ်းဆိုတာက ဓါတ်လှေကား၊ စက်လှေကားတွေမှာ ခါးပိုက်နှိုက်အုပ်စုက သင့်ရဲ့အရှေ့နဲ့ အနောက်မှာ နေရာယူလိုက်တာမျိုးပါ။ သင့်ရှေ့မှာ ပိတ်ရပ်နေပြီး သွားမရတဲ့အချိန်မှာ နောက်ကလူက ပစ္စည်းတွေကို အလစ်သုတ်သွားပါတော့တယ်။ ဒီလိုနည်းလမ်းကို ဈေးဝယ်စင်တာတွေ၊ လေဆိပ်တွေ၊ ဘူတာရုံတွေမှာ အသုံးများပါတယ်။ ဆန်းဝှချ်အခြေအနေလို့ ခံစားရရင် အိတ်ကို အရှေ့ဘက်မှာ ပြောင်းပြီးလွယ်ပါ။

⇐ Previous Next

Read 1262 times