Health & Beauty

Tips For Weight Loss

Tips For Weight Loss

လူတွေက အရမ်း၀လာပြီ ဝိတ်ချတော့မယ်ဆိုရင် အစားလျှော့စားဖို့၊ ညစာမစားဖို့ စသဖြင့် ဒီနည်းလမ်းတွေကို အရင်တွေးတတ်ကြပါတယ်။

ပထမဆုံးသိဖို့က ဝိတ်ချဖို့အတွက် Diet လုပ်ခြင်း၊ မလုပ်ခြင်းက အဓိကမဟုတ်ပါဘူး။ တကယ်က ကျန်းမာပြီး နည်းစနစ်ကျတဲ့ အိပ်ပုံ၊ စားပုံ၊ နေထိုင်ပုံ အမှန်မရှိလို့ ကိုယ်အလေးချိန် တိုးလာတာဖြစ်ပါတယ်။

ဒါကြောင့် အစားလုံး၀လျှော့စားရန်မလိုဘဲ ဝိတ်ကျစေတဲ့နည်း (၅) နည်းကို မျှဝေပေးလိုက်ပါတယ်။

 

(၁) အစားအသောက်

မနက်စာနဲ့ ပတ်သတ်ပြီး ပြောရမယ်ဆိုရင် စားရမယ့်အချိန်နဲ့ ပုံစံမှန်ဖို့ အရေးကြီးပါတယ်။ မနက်စာကို ၈ နာရီမထိုးခင်မှာ သေသေချာချာ ဗိုက်၀အောင် စားပါ။

မနက်စာစားရင် ပရိုတင်းဓာတ်ရအောင် ပဲ၊ ကြက်ဥ၊ ဘဲဥ နှင့် ကစီဓာတ်ရအောင် ထမင်း၊ ချပါတီ၊ စီရီယယ် (Cereal) စသဖြင့် စားနိုင်ပါတယ်။

နေ့လည်စာစားတဲ့အခါ ထမင်းကို ဗိုက်၀အောင် မစားဘဲ ဟင်းသီးဟင်းရွက်များများ စားပေးရပါတယ်။ အသား၊ ငါးကိုတော့ အစာအားလုံးရဲ့ လေးပုံတစ်ပုံလောက်ပဲ စားရင် လုံလောက်ပါပြီ။ အချုပ်ပြောရရင် နေ့လည်စာမှာ ထမင်းနဲ့အသားကို တစ်ဆစားပြီး အသီးအရွက်ကို နှစ်ဆစားပေးရပါမယ်။

ညစာမစားတာက သင့်ကိုယ်အလေးချိန်လျော့ကျမှုကို နှေးကွေးစေပါတယ်။ သင့်ခန္ဓာကိုယ်က အစာလုံလောက်အောင် မရတဲ့အခါမှာ ရတဲ့အစာကို ရေရှည်သုံးဖို့ အဆီအဖြစ် စုဆောင်းလိုက်တဲ့အခါ ဝိတ်ပိုတက်စေပါတယ်။

တစ်ခုသတိထားရမှာက ညစာကို မအိပ်ခင် ၂ နာရီကနေ ၃ နာရီအတွင်း နောက်ဆုံးထား စားပါ။ ညစာစားတဲ့အခါ နေ့လည်စာအတိုင်း ဟင်းသီးဟင်းရွက်ကို များများစားရပါမယ်။

ဥပမာ - ထမင်း (၅) ဇွန်း၊ အသား (၅) ဇွန်း စားရင် ဟင်းသီးဟင်းရွက် (၁၀) ဇွန်း စားရပါမယ်။

 

(၂) ဆောင်ရန်/ ရှောင်ရန် အချက်များ

အစားစားတဲ့အခါ စားသမျှရဲ့ ၅၀% က ဟင်းသီးဟင်းရွက် ဖြစ်ရပါမယ်။ ၂၅% က အသား၊ ငါး၊ ဥ၊ ပဲတို့ဖြစ်ပြီး ကျန် ၂၅% မှာ ထမင်း၊ ဂျုံ တို့လို ကစီဓာတ်ပါတဲ့ဟာမျိုးတွေ စားရမှာပါ။

သစ်သီးကို ကြိုက်သလောက်စားလို့ရတာမှန်ပေမဲ့ ညစာအဖြစ်မစားပါနဲ့။

အစေ့အဆံတွေကို အဆာပြေစားလို့ရပါတယ်။ ဥပမာ - ဖရုံစေ့၊ နေကြာစေ့၊ ဗန်ဒါစေ့၊ မြေပဲ

နေ့တိုင်း ရေ (၂) လီတာဝန်းကျင်၊ Green Tea ရေနွေကြမ်း နှစ်ခွက် သောက်ပါ။ ထမင်းစားနေတဲ့ အချိန်မှာ ရေနွေးကြမ်းသောက်တာ ပိုကောင်းပါတယ်။

နိုင်ငံခြားထုတ် ရယ်ဒီမိတ်မုန့်ထုတ်တွေ မစားပါနဲ့။ အချိုနဲ့ အာလူးကြော်ကို လုံး၀ရှောင်ပါ။

 

(၃) ကိုယ်လက်လေ့ကျင့်ခန်း

ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့အခါ နေ့တိုင်းပုံမှန် မိနစ် (၂၀) ကနေ နာရီဝက်လောက် လုပ်ရင်ကို အဆင်ပြေနေပါပြီ။ လမ်းလျှောက်တာမျိုး ပေါ့ပေ့ါပါးပါးလောက် လုပ်ရင်ရပါတယ်။ တကယ်တော့ ကိုယ်လက်လေ့ကျင့်ခန်းကြောင့် ခန္ဓာကိုယ်ထဲက အဆီတွေ လောင်ကျွမ်းသွားရင် ရပါပြီ။ သိပ်ကြီးကြီးမားမားတွေ လုပ်စရာမလိုပါဘူး။

 

(၄) စိတ်လေ့ကျင့်ခန်း

ဝိတ်တက်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုက စိတ်ဖိစီးမှုဖြစ်တာပါ။ စိတ်ညစ်ရင် ပို၀တယ်ဆိုတာမျိုး ကြားဖူးမယ်ထင်ပါတယ်။

စိတ်ညစ်တဲ့အခါမှာ သင့်ခန္ဓာကိုယ်က သကြားဓာတ်ကို တောင့်တလာပါတယ်။ သကြားဓာတ်လိုလာတဲ့အခါ အချိုတွေစားမိတယ်။ အချိုတွေစားမိတော့ ဝိတ်တတ်စေပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေအောင် တရားထိုင်ခြင်း၊ ယောဂလုပ်ခြင်း၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ခြင်း၊ စိတ်ပြေလက်ပျောက် ခရီးထွက်ခြင်း စတာတွေကို လုပ်ပေးနိုင်ပါတယ်။

 

(၅) အိပ်စက်ခြင်း

အိပ်စက်ခြင်းအနေနဲ့ ည ၁၁ နာရီမတိုင်ခင် အိပ်စက်ပြီး မနက် (၇) နာရီ နိုးထတာဟာ အကောင်းဆုံးဖြစ်ပါတယ်။ တစ်ချို့ အစောကြီး မအိပ်တတ်တဲ့သူတွေကတော့ ပုံမှန်အိပ်ချိန် (၇) နာရီလောက်ရှိရင် အဆင်ပြေပါတယ်။ အိပ်ရေးမ၀ရင် ဝိတ်ပိုတက်လာနိုင်လို့ ပုံမှန် အိပ်ချိန်နဲ့ ထချိန်က (၇) နာရီနဲ့ (၈) နာရီကြား ဖြစ်ဖို့ အရေးကြီးပါတယ်။

 

⇐ Previous Next

Read 2866 times