အမွေအနှစ်များ ပေါကြွယ်၀သော မြန်မာနိုင်ငံတွင် ထိန်းသိမ်းရန် ကျန်ရှိနေသော အမွေအနှစ်များစွာ ရှိပြီး ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ရန်ကုန်မြို့တော်ခန်းမသည်လည်း ထိန်းသိမ်းသင့်သော သမိုင်းဝင် အဆောက်အအုံတစ်ခု ဖြစ်သည်။
ရန်ကုန်၏ အထင်ကရ အဆောက်အဦး သမိုင်းကို မီးမောင်းထိုးပြရန် ၁၉၂၅ မှ ၁၉၄၀ အထိ အ တည်ဆောက်ခဲ့သော မြို့တော်ခန်းမသည် ဥရောပဒီဇိုင်းနှင့် ဖွဲ့စည်းပုံကို မြန်မာ့ရိုးရာနှင့် ပေါင်းစပ်ထားသည့် ပုံစံကို အသုံးပြုထားပြီး မြန်မာနိုင်ငံ၏ ပထမဆုံး အကြီးမားဆုံး အဆောက်အအုံများအနက်မှ တစ်ခုဖြစ်သည်။
အဆောက်အအုံ၏ ခန်းမထဲတွင် မြန်မာ့ ဗိသုကာလက်ရာများနှင့် တန်ဆာဆင်ထားပြီး ကျယ်ဝန်းသော လှေကားများ၊ ထီးဟန်နန်းဟန်ရှိသော တံခါးပေါက်များ၊ ဥဒေါင်းရုပ်၊ ကြာပန်းနှင့် နဂါးနှစ်ကောင်၏ အလှတို့ဖြင့် မြို့တော်ခန်းမသည် ခန့်ညားထည်ဝါလှသည်။
မဟာဗန္ဓုလပန်းခြံရှေ့ရှိ ရန်ကုန်မြို့တော်ခန်းမ တည်ဆောက်ရန်အတွက် အောက်တိုတာ (၉) ရက်နေ့ ၁၉၂၈ တွင် ရစ်ပွန်ဟော၌ ကျင်းပသည့် မြူနီစီပယ်အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။ ထိုစဉ်အခါက မြို့တော်ခန်းမကို ရစ်ပွန်ဟောဟု ခေါ်တွင်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့တော်ခန်းမကို ၁၉၂၉ တွင် မြန်မာ ဗိသုကာပညာရှင် စည်သူဦးတင်က ပုံစံရေးဆွဲကာ ၁၉၃၄ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၃၆ ခုနှစ်တွင် ဖွင့်ပွဲပြုလုပ်ခဲ့သည်။
၁၉၄၆ ခုနှစ်တွင် မြို့တော်ခန်းမသည် စစ်ခုံရုံးအဖြစ် အသုံးပြုခြင်းခံခဲ့ရသည်။ ထို့အပြင် ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၃) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းမှ နောက်ဆုံး မိန့်ခွန်းပြောကြားခဲ့သော နေရာဖြစ်သည်။
၂၀၁၄ ခုနှစ် ဩဂုတ်လ (၉) ရက်နေ့တွင် အပြာရောင်ကမ္ပည်း စာတမ်းကပ် သမိုင်းအမွေအနှစ် စာရင်းဝင် အဖြစ်သို့ရောက်ရှိခဲ့သည်။
Read 1995 times