Health & Beauty

5 of the Best Homemade Foot Soaks

5 of the Best Homemade Foot Soaks

တစ်နေကုန် သွားလာလှုပ်ရှားတဲ့နေရာမှာ ခြေထောက်တွေဟာ အသုံးပြုရဆုံးနဲ့ ဂရုမစိုက်ခံရဆုံး ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။

ညဘက်အိပ်ရာမဝင်ခင် ခြေထောက်တွေကို သဘာဝပစ္စည်းတွေ အသုံးပြုပြီး ဆေးစိမ်ပေးခြင်းဟာ ပင်ပန်းနွမ်းနယ်မှုနဲ့ ညောင်းညာကိုက်ခဲမှုတွေကို ပြေပျောက်စေတဲ့အပြင် ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်တာကြောင့် ခြေထောက် ဆေးစိမ်နည်း (၅) မျိုးကို မျှဝေပေးလိုက်ပါတယ်။ 

(၁) ပျားရည်နဲ့ အုန်းနို့ကို အသုံးပြုပြီး ခြေထောက်ဆေးစိမ်နည်း

ပျားရည်၊ ဆား၊ အုန်းနို့တို့ကို ခြေထောက်မြုပ်ရုံ ထည့်ထားတဲ့ ရေခပ်နွေးနွေးထဲမှာ ရောလိုက်ပါ။ ပြီးရင် သစ်ဂျပိုးခေါက်မှုန့်နဲ့ ကြိုက်နှစ်သက်ရာ Essential Oil တစ်မျိုးမျိုးကို အနည်းငယ် လောင်းထည့်ပါ။ အဲ့ရေနွေးထဲမှာပဲ ခြေထောက်ကို မိနစ် (၂၀) လောက် စိမ်ထားပါ။ ဒီနည်းက ဆောင်းတွင်းမှာ အသားပတ် ခြေဖနောင့်ကွဲတဲ့ ဒဏ်တွေကို သက်သာပျောက်ကင်းစေပါတယ်။ 

(၂) ပန်းသီးရှာလကာရည်ကို အသုံးပြုပြီး ခြေထောက်ဆေးစိမ်နည်း

ရေခပ်နွေးနွေးကို ဇလုံတစ်ခုထဲမှာ ခြေထောက်မြုပ်ရုံထည့်ပြီး ပန်းသီးရှာလကာရည် အနည်းငယ်ထည့်ကာ မိနစ် (၂၀) ခန့် ခြေထောက်ဆေးစိမ်ပေးပါ။ ဒီနည်းလမ်းဟာ ညောင်းညာကိုက်ခဲမှုတွေကို ပြေပျောက်စေပါတယ်။ ပြီးတော့ ခြေဖနောင့်ကွဲတာတွေကို သက်သာပျောက်ကင်းစေနိုင်ပြီး ခြေထောက်မှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားပိုးတွေကိုပါ သေစေနိုင်ပါတယ်။

(၃) သဘာဝအဆီတွေကို အသုံးပြုပြီး ခြေထောက်ဆေးစိမ်နည်း

အုန်းဆီ၊ သံလွင်ဆီ၊ နှမ်းဆီနဲ့ လေးညှင်းဆီတို့ကို ရေခပ်နွေးနွေးထည့်ထားတဲ့ ဇလုံတခုထဲကို ထည့်ပြီး (၁၅) မိနစ်ခန့် ခြေထောက်ဆေးစိမ်ပေးခြင်းအားဖြင့် ခြေသလုံးကြွက်သားတွေ နာကျင်ကိုက်ခဲခြင်းကို ပြေလျော့သက်သာစေတဲ့အပြင် ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကိုပါ ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

(၄) ဆားနဲ့ မုန့်ဖုတ်ဆိုဒါကို အသုံးပြုပြီး ခြေထောက်ဆေးစိမ်နည်း

ဒီနည်းလမ်းကို ပြုလုပ်ဖို့အတွက် ရေခပ်နွေးနွေး တစ်ဇလုံ၊ ဆားနဲ့ မုန့်ဖုတ်ဆိုဒါတို့ လိုအပ်ပါတယ်။ ဇလုံတစ်ခုထဲမှာ ရေခပ်နွေးနွေးကို ခြေထောက်မြုပ်ရုံလောက်ထည့်ပြီး ဆားအနည်းငယ်နဲ့ မုန့်ဖုတ်ဆိုဒါတို့ကို ရောစပ်ကာ (၁၅) မိနစ်ခန့် ခြေထောက်ဆေးစိမ်ပေးခြင်းအားဖြင့် ညောင်းညာကိုက်ခဲမှုတွေကို ပြေပျောက်စေမှာ ဖြစ်ပါတယ်။

(၅) သံလွင်ဆီ၊ ပူစီနံရွက်နဲ့ သံပုရာသီးတို့ကို အသုံးပြုပြီး ခြေထောက်ဆေးစိမ်နည်း

ရေခပ်နွေးနွေး ထည့်ထားတဲ့ ဇလုံတစ်ခုထဲကို သံလွင်ဆီအနည်းငယ်၊ ပူစီနံရွက်၊ ဆားအနည်းငယ်နဲ့ အကွင်းလိုက် လှီးထားတဲ့ သံပုရာသီးစိပ်တို့ကို ထည့်ပြီး (၁၅) မိနစ်ခန့် စိမ်ပေးပါ။ ဒီနည်းလမ်းကို ပြုလုပ်ခြင်းဟာ ခြေထောက်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတာကြောင့် ဇက်ကြောတက်ခြင်း၊ ခေါင်းကိုက်ခြင်းတွေကိုပါ ပျောက်ကင်းသက်သာစေနိုင်ပါတယ်။

⇐ Previous Next

Read 736 times