Food & Drink

7 Best Chetty Restaurants In Yangon

7 Best Chetty Restaurants In Yangon

ပုံမှန်စားနေကျ မြန်မာအစားအစာ၊ ထိုင်းအစားအစာတွေ၊ ဟော့ပေါ့အကင်တွေချည်း စားရတာ ငြီးငွေ့လာပြီဆိုရင် အပြောင်းအလဲလေး ဖြစ်သွားအောင် အိန္ဒိယအစားအစာကိုမှ အိန္ဒိယလက်ရာစစ်စစ် မဆလာနံ့မွှေးမွှေးနဲ့ ချက်ထားတဲ့ ချစ်တီးထမင်း စားလို့ရအောင် ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားပြီး နာမည်ကြီး လူကြိုက်များနေတဲ့ အ၀စား ချစ်တီးထမင်းဆိုင် (၇) ဆိုင်ကို ဖော်ပြပေးလိုက်ပါတယ်။ 

၁။ နယူးဒေလီ

ဒီဆိုင်ကတော့ စတင်ဖွင့်လှစ်တဲ့ (၁၉၆၃) ခုနှစ်ထဲက ယခု (၂၀၂၃) ခုနှစ်ထိ မူလလက်ဟောင်း အရသာမပြောင်းဘဲ လူတိုင်းကြိုက်တဲ့ အိန္ဒိယတောင်ပိုင်း အရသာစစ်စစ်ကိုပဲ ပေးတဲ့  ပန်းဘဲတန်းမြို့နယ်က နာမည်ကြီး ချစ်တီးထမင်းဆိုင် ဖြစ်ပါတယ်။ 

ဒီဆိုင်မှာဆိုရင် သတ်သတ်လွတ် ချစ်တီထမင်းအ၀စားကို ပိုက်ဆံ ၂,၀၀၀ ကျပ်ထဲနဲ့ စားလို့ရမှာဖြစ်ပြီး အရံဟင်းကလည်း (၈) မျိုးတောင် ပါပါသေးတယ်။ သတ်သတ်လွတ် မစားချင်ဘူးဆိုလည်း ချစ်တီးထမင်းနဲ့ အသား/ငါးဟင်းတွဲထားတဲ့ အ၀စားမီနူးတွေလည်း ရှိပါတယ်။ စျေးနှုန်းကတော့ ၅,၀၀၀၊ ၆,၀၀၀ ဝန်းကျင်လောက်ပဲ ရှိပါတယ်။ ဒါ့အပြင် ပူရီ၊ တိုရှည်၊ အီလလီ၊ ချာပါတီ ပလတာ၊ စမူဆာ တို့ရရှိပါတယ်။ သောက်စရာအနေနဲ့ ကော်ဖီ၊ ဂျင်းကော်ဖီ၊ လက်ဖက်ရည်၊ ဂျင်းလက်ဖက်ရည်၊ နွားနို့တို့ကို ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် ဟလာလ်လည်းဖြစ်လို့ လူမျိုးမရွေး၊ ဘာသာမရွေး သွားရောက်စားသုံးနိုင်ပါတယ်။

၂။ ရွှေမင်္ဂလာ အိန္ဒိယ စားသောက်ဆိုင်

ဒီချစ်တီးထမင်းဆိုင်လေးကတော့ သိမ်ဖြူလမ်း၊ သိမ်ဖြူစာတိုက်မှတ်တိုင်အနီးမှာ ရှိပါတယ်။ ဒီဆိုင်မှာရနိုင်တဲ့ မီနူးတွေကတော့ မနက်စာအနေနဲ့ တိုရှည်၊ ပူရီ၊ ချာပါတီ၊ ပလာတာ၊ အိကြာကွေး၊ စမူဆာ၊ နံပြား၊ လက်ဖက်ရည်၊ ကော်ဖီ၊ စီလုံတီး၊ နို့ပေါင်း၊ ဂျင်းလက်ဘက်ရည်၊ နွားနို့တို့ကို ရွေးချယ်နိုင်ပါတယ်။

ချစ်တီထမင်းကတော့ သတ်သတ်လွတ်ဆို ၂,၀၀၀ ကျပ်၊ အသားဟင်းနဲ့ အရံဟင်း (၆) မျိုးပါဆို စျေးနှုန်းက ၄,၅၀၀ ကျပ်ကနေ ၆,၅၀၀ ကျပ်ထိ ရှိပါတယ်။ ချစ်တီးထမင်းပွဲကြီး အသားဟင်း (၄) မျိုးနဲ့ အရံဟင်း (၆) မျိုးပါဆို ၁၅,၀၀၀ ကျပ်နဲ့ အ၀စားလို့ရပါတယ်။ 

၃။ ရန်ကုန်ချစ်တီး

ဗမာလူမျိူးဖွင့်ထားတဲ့ ဒီချစ်တီးထမင်းဆိုင်က ကုန်သည်လမ်းနဲ့  ကမ်းနားလမ်းကြား၊ ကမ်းနားဘလောက်မှာ ဖွင့်လှစ်ထားရှိပြီး မျက်နှာစာ နှစ်ဖက်ဖွင့် ဖြစ်တဲ့အတွက် ၃၇ လမ်းကရော၊ ၃၈ လမ်းကပါ ဝင်ရောက်နိုင်ပါတယ်။ 

ရန်ကုန်ချစ်တီးက ဟင်းလျာတိုင်းကတော့ ဘုရားကျောင်းမှာ ချက်တဲ့ ဟိန္ဒူလူမျိုးကိုယ်တိုင် ချက်ပေးထားတာဖြစ်လို့ အိန္ဒိယလက်ရာစစ်စစ် မရမှာတော့ မပူရပါဘူး။ ချစ်တီးထမင်း သက်သက်လွတ် အ၀စားကို ပဲဟင်းအပါအဝင် အရံဟင်း (၉) မျိုးနဲ့ စားသုံးနိုင်ပြီး စျေးနှုန်းကတော့ ၂,၅၀၀ ကျပ် ဖြစ်ပါတယ်။ အသားဟင်းနဲ့ စားချင်သူတွေအတွက်လည်း ကိုယ်တိုင်ကြိတ် မဆလာအကောင်းဆုံးနဲ့ ချက်ပြုတ်ထားတဲ့ အသားဟင်းအမျိုးပေါင်း (၁၂) မျိုးကျော်ကို အ၀စားအတွက် ရွေးချယ်လို့ရပါတယ်။ ကိုယ်ရွေးချယ်တဲ့ အသား၊ ငါးဟင်းပေါ် မူတည်ပြီး စျေးနှုန်းက ၃,၀၀၀ ကနေ ၆,၀၀၀ ကျပ်အထိ ရှိပါတယ်။  

မနက်စာအတွက် လက်ဖက်ရည်၊ ကော်ဖီ၊ မဆလာလက်ဖက်ရည်၊ ဂျင်းလက်ဖက်ရည်၊ စီလုံတီး၊ ပလာတာ၊ ပူရီ၊ ချာပါတီ၊ တိုရှည် အစုံတို့ကို ရွေးချယ်စားသုံးနိုင်ပါတယ်။

Advertisement

Click Here > Biz Partner

၄။ ရွှေမြို့တော် အဆင့်မြင့်တီးဟောက်(စ်)နှင့် ချစ်တီးစားတော်ဆက်

ရွှေမြို့တော် အဆင့်မြင့်တီးဟောက်(စ်)နှင့် ချစ်တီးစားတော်ဆက်ဆိုင်ရဲ့ သက်တမ်းက (၂၈) နှစ်ရှိပြီဖြစ်ပြီး  အလုံမှာတစ်ဆိုင်၊ မြေနီကုန်းမှာတစ်ဆိုင်၊ ဗိုလ်တစ်ထောင်မှာတစ်ဆိုင် ဆိုင်ခွဲ (၃) ခု ရှိပါတယ်။ အလုံဆိုင်ခွဲက ကားပါကင် ကျယ်ကျယ်ဝန်းဝန်းရှိလို့ သွားစားတဲ့သူတွေ ပိုများပါတယ်။ 

ဒီဆိုင်မှာက မူလလက်ရာဟောင်းအတိုင်း (၂၈) နှစ် သက်တမ်းရှိတဲ့ အိန္ဒိယတောင်ပိုင်းလက်ရာစစ်စစ် ချစ်တီးထမင်းနဲ့ ဟင်းလျာတွေအပြင်၊ ပန်းသေးအစားအစာတွေ၊ မြန်မာအစားအစာတွေ၊  ဒင်ဆမ်းမျိုးစုံနဲ့ ပေါင်မုန့်၊ ကိက်မုန့်အပြင် အချိုတည်းစရာ မုန့်မျိုးစုံကိုလည်း ရရှိနိုင်ပါတယ်။ သောက်စရာကတော့ အသီးဖျော်ရည်၊ အအေး၊ စီလုံတီး၊ နွားနို့ စသဖြင့် အကုန်ရပါတယ်။ 

ဒီဆိုင်မှာ ချစ်တီးထမင်းအ၀စားက သတ်သတ်လွတ်ဆို ၂,၅၀၀ ကျပ်ဖြစ်ပြီး အသီးအနှံကြော်၊ ပဲဟင်း၊ ထမင်းတို့ကို ကြိုက်သလောက်ထပ်တောင်းလို့ရပြီး အသားနဲ့ အ၀စားဆို ကိုယ်ရွေးချယ်တဲ့ အသားဟင်းပွဲပေါ် မူတည်ပြီး ၄,၀၀၀ ကျပ်လောက်ကနေ စရှိပါတယ်။

ရွှေမြို့တော်က မီနူးအားလုံးကို လူမျိုးဘာသာမရွေး သုံးဆောင်နိုင်အောင်၊ ကျန်းမာရေးနဲ့ညီညွတ်အောင် အထူးစီမံ ချက်ပြုတ်ပေးထားပါတယ်။ မိသားစုနဲ့ အသင်းအဖွဲ့များအတွက်လည်း အထူး VIP အခန်း တွေလည်း ရှိပါသေးတယ်။

၅။ ဂိုလ်ဒင်းမြန်လိုက်ကာ ချစ်တီးထမင်းဆိုင်

ဒီဆိုင်ကတော့ လသာလမ်း အောက်ဘလောက်နဲ့ ဆူးလေဘုရားလမ်း (နေပြည်တော်ရုပ်ရှင်ရုံဘေး) မှာ ဆိုင်ခွဲနှစ်ခု ဖွင့်ထားတဲ့  ဂိုလ်ဒင်းမြန်လိုက်ကာ ချစ်တီးထမင်းဆိုင်ပဲ ဖြစ်ပါတယ်။

ဒီဆိုင်မှာ အ၀စား ချစ်တီးထမင်း သတ်သတ်လွတ်ကိုမှ ၂,၅၀၀ ကျပ်ကနေ စတင် မှာယူစာသုံးနိုင်ပြီးတော့ ကြိုက်နှစ်သက်ရာ အသားဟင်းတစ်ခွက်နဲ့ အရံဟင်းအစုံကိုမှ အ၀စား ၄,၅၀၀ ကျပ်ကနေစပြီး ၅,၅၀၀ ကျပ်ထိ ရှိပါတယ်။ အသားဟင်း အ၀စားတစ်ပွဲမှာ ထမင်းဖြူ၊ သီးစုံပဲဟင်းရည်၊ မနုဿဏီဟင်းရည်၊ ရှောက်သီးသနပ်၊ ငရုတ်သီးကြော်နဲ့ အသားဟင်းအနှစ်တို့ကို မ၀မချင်း လိုသလောက် ထပ်တောင်းလို့ ရပါသေးတယ်။

ချစ်တီထမင်းဟင်းတွေအပြင် တခြားအိန္ဒိယအစားအစာတွေဖြစ်တဲ့ တိုရှည် အာလူးပူရီ၊ မလိုင်နံပြား၊ ပဲပြုတ်နံပြားနဲ့ မလိုင်အပြည့် စီလုံတီးတို့ကိုလည်း မှာယူသုံးဆောင်နိုင်ပါတယ်။ 

၆။ ကျော်စံ ချစ်တီးထမင်းဆိုင်

ကျော်စံချစ်တီးထမင်းဆိုင်လေးကတော့ ပဲခူးမြို့မှာတစ်ဆိုင်၊ မိုးကောင်းလမ်း၊ မိုးကောင်းရိပ်သာ (တိုက်တန်းယားဘေး)၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့မှာ တစ်ဆိုင် ဆိုင်ခွဲနှစ်ဆိုင် ရှိပါတယ်။ ဆိုင်ရဲ့ သက်တမ်းကလည်း (၂၅) နှစ် သက်တမ်းရှိပြီဆိုတော့ အထိုက်အလျောက် လူသိများပါတယ်။  

ဒီဆိုင်မှာက အိန္ဒိယ အစားအစာ အရံဟင်း (၁၃) မျိုးကျော်ကို အ၀စား ၃,၀၀၀ ကျပ်တည်း​ဖြင့် စီစဥ်ရောင်းချပေးနေပါတယ်။ ကျော်ဆန်းချစ်တီးထမင်းဆိုင်ရဲ့ အ၀စား ၃,၀၀၀ ကျပ်မှာ ဘာတွေပါလဲဆိုရင် အရံဟင်း (၁၃) မျိုးအပြင် ထမင်းဖြူ၊ ပဲဟင်း၊ ပါပလာ၊ မနုဿဏီဟင်းရည်၊ နို့သာကူတို့ကိုလည်း မ၀မချင်း စိတ်ကြိုက် ထပ်တောင်းလို့ရပါသေးတယ်။

အသားဟင်းအနေနနဲ့ဆို ဆိတ်၊ ကြက်၊ ငါး၊ ပုဇွန်၊ ဂဏန်းဟင်းတို့ သုံးဆောင်နိုင်ပြီး စျေးနှုန်းတွေကတော့ ၃,၅၀၀ ကနေ ၁၂,၀၀၀ ကျပ်ထိ ရှိပါတယ်။  တိုရှည်၊ ပူရီ၊ ချာပါတီ၊ ပလာတာ၊ စမူဆာ၊ လက်ဖက်ရည် စတဲ့ တခြားစားသောက်ဖွယ်ရာများလည်း ရွေးချယ်မှာယူနိုင်ပါတယ်။

၇။ ဘာဘာကဖီး

“Bar Bar Cafe - ဘာဘာကဖီး” ဆိုတဲ့ ချစ်တီးထမင်းဆိုင်ကတော့ စားသုံးသူတွေရဲ့ မှတ်ချက်ကောင်းတွေ ရထားပြီး ကန်သာယာမှတ်တိုင် (သုဓမ္မာလမ်းမကြီးပေါ်) အနီး၊ မြောက်ဥက္ကလာမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ဆိုင်နေရာက ကျယ်ကျယ်ဝန်းဝန်းရှိလို့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး စားသုံးနိုင်မှာဖြစ်ပါတယ်။ 

ဒီဆိုင်မှာဆိုရင် ချစ်တီးထမင်းအတွက် အသားဟင်း ရွေးချယ်စရာ စုံစုံလင်လင်ရှိပြီး အ၀စားကိုမှ ရွေးချယ်တဲ့ အသားဟင်းပွဲပေါ် မူတည်ပြီး စျေးနှုန်းတွေက ၄,၀၀၀ ကျပ်ကစလို့ ၁၀,၀၀၀ ကျပ်ထိ ရှိပါတယ်။ သက်သက်လွတ် အ၀စားဆိုရင်တော့ ၃,၀၀၀ ကျပ်ပဲ ရှိပါတယ်။ 

အ၀စားပုံစံကတော့ ကိုယ်ရွေးချယ်ရာ အသားဟင်းပွဲကို တယောက်စား တစ်ပွဲသာ ရရှိမှာဖြစ်ပြီး တခြားအရံတွေဖြစ်တဲ့ ထမင်း၊ ပဲဟင်း၊ ပဲနှပ်၊ အသီးအရွက်ကြော်၊ အချဉ်၊ မနုဿနီဟင်းရည် စတာတွေကိုတော့ အဝစားနိုင်သလောက် ရရှိမှာဖြစ်ပါတယ်။

ချစ်တီးထမင်းအပြင် အချိုပွဲ၊ တိုရှည်၊ အာလူးပူတီ၊ ချာပါတီ၊ ပဲဟင်းနံပြား၊ ဆိတ်ပဲ၊ ဆိတ်စွပ်နံပြား၊ ပလာတာ၊ ကီးမားပလာတာ တို့ရရှိပြီး သောက်စရာအနေနဲ့ Milk Tea၊ ဂျင်းလက်ဖက်ရည်၊ နွားနို့ စတာတွေလည်း ရပါသေးတယ်။ 

⇐ Previous Next

Read 3537 times