Health & Beauty

Habits That Make You Look Older Than Your Age

Habits That Make You Look Older Than Your Age

အသားအရေ စိုပြေပြီး နုပျိုနေစေဖို့ အသားအရေထိန်းသိမ်းရေးပစ္စည်းတွေ ဘယ်လောက်ပဲ သုံးသုံး နေထိုင်စားသောက်မှုပုံစံ မှားယွင်းနေသေးရင် သင့်ရဲ့ အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ပိုက်ဆံတွေ များစွာ အကုန်အကျခံပြီးမှ ဘာမှထူးမလာတာက သင်ကိုယ်တိုင် မထင်မှတ်ဘဲ လုပ်နေမိတဲ့ အမှားအယွင်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းအရင်းတွေကြောင့် သင့်ကို ရှိရင်းစွဲအသက်ထက် ပိုပြီး အိုမင်းရင့်ရော်သွားစေနိုင်လဲဆိုတာ မျှဝေပေးသွားပါမယ်။

၁။ အိပ်ရေးမ၀ခြင်း

အိပ်ရေးဝဝလင်လင် မအိပ်တာက ကျန်းမာရေးကို ထိခိုက်စေတဲ့ အဆိုးရွားဆုံး အကြောင်းအရာဆိုတာကို အရင်ကလည်း အကြိမ် ထောင်နဲ့ချီပြီး ကြားဖူးမှာပါ။ အိပ်ချိန်မမှန်တာ၊ အိပ်ရေးမဝတာတွေက နောက်ပိုင်း ခန္ဓာကိုယ်မှာပါ ရောဂါတွေ ဝင်လာစေပါတယ်။

သင့်အနေနဲ့ ညက ငါးနာရီလောက်ပဲ အိပ်စက်ခဲ့ရပေမဲ့ အဆင်ပြေတယ်လို့ ထင်ချင်ထင်ပါလိမ့်မယ်။ ဒါပေမဲ့ အိပ်စက်အနားယူချိန် တအားနည်းတာက အရေပြားကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ ဒီအကြောင်းအရင်းက သင့်ကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကို ဖြစ်စေပါတယ်။

အိပ်စက်နေတဲ့အချိန်မှာ ဝက်ခြံလိုမျိုး အရေပြားထိခိုက်မှုတွေကို သက်သာအောင် လုပ်ဆောင်ပေးတာကြောင့် ငယ်ရွယ်နုပျိုတဲ့ ရုပ်သွင်ကို ထိန်းသိမ်းဖို့အတွက် အိပ်ရေးဝဝ အိပ်စက် အနားယူတာက အရေးပါပါတယ်။ ငယ်ရွယ်တဲ့ ရုပ်သွင်ပြင်ကို ထိန်းသိမ်းနိုင်ဖို့ တစ်ညကို အနည်းဆုံး ခုနစ်နာရီကနေ ရှစ်နာရီခန့် အိပ်စက်ပေးရပါမယ်။

Advertisement

Click Here > Sanctuary (Builders)

၂။ အချိုဓာတ် များများ စားသုံးခြင်း

အချိုရည်တွေနဲ့ စတိုးဆိုင်တွေက ဝယ်ယူတဲ့ ကွတ်ကီးတွေကို စားသုံးတာက ခန္ဓာကိုယ်အချိုးအစားကိုသာ ထိခိုက်စေတာမဟုတ်ဘဲ အသားအရေကိုလည်း ထိခိုက် ပျက်စီးစေပါတယ်။ ပြုပြင်ပြင်ဆင်ထားတဲ့ အသင့်စား အစားအစာတွေ၊ အချိုရည်တွေ၊ အယ်လ်ကိုဟောတွေကို အလွန်အကျွံ စားသုံးတာက အသားအရေကို မစိုမပြေ ဖြစ်စေပါတယ်။ သွေးတွင်း အချိုဓာတ် မြင့်နေတဲ့သူတွေက ရှိရင်းစွဲ အသက်အရွယ်ထက် ပိုမို အိုမင်းရင့်ရော်ကြပါတယ်။

၃။ အမြဲလိုလို စိတ်ဖိစီးနေခြင်း

သင်ဟာ အမြဲလိုလိုဝယ်ရမယ့် ကုန်စည်ပစ္စည်းတွေ၊ လျှော်ဖွပ်ရမယ့် အဝတ်အစားတွေရဲ့ အကြောင်း၊ အလုပ်အပြီးသတ်ရမယ့် သတ်မှတ်ရက်မှာ အချိန်မီ ပြီးစီးအောင် လုပ်ဆောင်ရမယ့် အကြောင်းတွေကို အမြဲလိုလို တွေးတောနေမယ်ဆိုရင် တွေးတောဆောင်ရွက်တာတွေ ပြီးတဲ့အချိန်မှာ အနားယူပြီး အသက်ဝဝရှူဖို့ အချိန်ထားရှိသင့်ပါတယ်။ အဲဒီလို အစဉ်မပြတ် စိတ်ဖိစီးစရာတွေကို တွေးတောနေတာက အိပ်စက်မှုပုံစံကို ထိခိုက်စေရုံသာမက နှလုံးရောဂါဖြစ်နိုင်ခြေကို တိုးစေနိုင်သလို အသက်အရွယ်ကိုလည်း ပုံမှန်ထက် ၁၀ နှစ်လောက် အိုမင်းရင့်ရော်စေပါတယ်။

၄။ ကိုယ်အလေးချိန်ကျစေခြင်း 

သင်ဟာ ကိုယ်အလေးချိန် ကျချင်တာကြောင့် လိုချင်တဲ့ ကိုယ်အလေးချိန်ရောက်အောင် အစားအစာတွေကို ရွေးချယ်စားသုံးတာ၊ လေ့ကျင့်ခန်း လုပ်ဆောင်တာတွေက ခန္ဓာကိုယ် ကျစ်လစ်သွယ်လှစေဖို့အတွက် အကောင်းဆုံးသော နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ကိုယ်အလေးချိန် ကျဆင်းစေဖို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အစားအစာအုပ်စုတွေကို ဖယ်ထုတ် စားသုံးတာက ဆိုးရွားတဲ့ ရွေးချယ်မှုဖြစ်သလို အရေပြားကို နေလောင်ဒဏ်နဲ့ အခြားထိခိုက် ပျက်စီးမှုအန္တရာယ်တွေကနေ ကာကွယ်ပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကိုလည်း အလုံအလောက် မထုတ်လုပ်ပေးနိုင်ဘဲ ဖြစ်စေပါတယ်။

၅။ မျက်နှာသစ်တဲ့ အကြိမ်ရေ များလွန်းခြင်း

ပြီးပြည့်စုံတဲ့ အသားအရေနဲ့ သန့်ရှင်းစင်ကြယ်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ချင်ကြတာကြောင့် မျက်နှာသစ်တာကို အကြိမ်များစွာ လုပ်ဆောင်လေ့ ရှိကြပါတယ်။ ဒီလို လုပ်ဆောင်တာဟာလည်း အသားအရေကို ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးစေပြီး အရွယ်မတိုင်ခင် အိုမင်းစေနိုင်ပါတယ်။ တစ်နေ့မှာ မနက် တစ်ကြိမ်နဲ့ ည တစ်ကြိမ် မျက်နှာသစ်ပေးရုံကို မျက်နှာပေါ်က အညစ်အကြေးတွေ ဖယ်ရှားဖို့ လုံလောက်ပါပြီ။ 

Source: Kumudra

⇐ Previous Next

Read 633 times