Health & Beauty

10 Healthiest Types Of Fresh Fruit Juice

10 Healthiest Types Of Fresh Fruit Juice

နေ့စဉ်ဘ၀မှာ ကိုယ်တာဝန်ယူထားရတဲ့ လုပ်ငန်းဆောင်တာများစွာကို အားအင်အပြည့်၊ လန်းလန်းဆန်းဆန်းနဲ့ ပြီးမြောက်အောင် လုပ်နိုင်ဖို့က အရေးကြီးပါတယ်။ ဒီလို လန်းဆန်းဖို့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အချိုရည်တွေ သောက်မယ့်အစား သဘာ၀သစ်သီးဖျော်ရည်တွေကို သောက်မယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို ပိုရစေပါတယ်။

ဒါကြောင့် ဘယ်သစ်သီးဖျော်ရည်တွေက သင့်ကျန်းမာရေးကို ဘယ်လိုအထောက်အကူဖြစ်စေတယ် ဆိုတာကို မျှဝေပေးသွားမှာပါ။ ဒါ့အပြင် သစ်သီးဖျော်ရည်တွေကို သောက်သုံးတဲ့အခါ ရရှိနိုင်မယ့် အာဟာရဓာတ်တွေ မဆုံးရှုံးစေဖို့ နည်းလမ်းမှန်မှန်နဲ့ ဘယ်လိုဖျော်သောက်ရမလဲဆိုတာကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

၁။ လိမ္မော်သီးဖျော်ရည်

လိမ္မော်သီးဖျော်ရည်မှာ ပါဝင်တဲ့ ဗီတာမင်စီက ကင်ဆာရောဂါ မဖြစ်အောင် တားဆီးနိုင်တဲ့အပြင် ကိုယ်တွင်းဆဲလ် ပျက်စီးမှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သံဓာတ်လည်းပါဝင်ပြီး ကိုယ်ဝန်ဆောင်သည်တွေ သောက်သုံးပါက ကလေးမွေးဖွားရ လွယ်ကူစေပါတယ်။ လိမ္မော်သီးဖျော်ရည်မှာ ကယ်လဆီယမ်၊ ဗီတာမင်ဒီနဲ့ အိုမီဂါသရီးဖက်တီး အက်စစ်တွေ ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။

၂။ ပန်းသီးဖျော်ရည်

ပန်းသီးဖျော်ရည်ဟာ မှိုပိုးတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ တခြား ကျန်းမာရေး ကောင်းစေတဲ့အချက်တွေအနေနဲ့ အသက်ရှူစနစ်ကို ကောင်းမွန်စေခြင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း၊ စွမ်းအင်တိုးစေခြင်း၊ ရောဂါတိုက်ထုတ်ပေးခြင်း၊ အမြင်အာရုံကောင်းစေခြင်းစတဲ့ အချက်တွေများစွာ ပါဝင်တာကြောင့် ပန်းသီးဖျော်ရည်ကိုလည်း သောက်ပေးသင့်ပါတယ်။

၃။ သလဲသီးဖျော်ရည်

သလဲသီးဖျော်ရည်သောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးရလဒ်တွေများစွာ ရရှိမှာဖြစ်ပါတယ်။ သလဲသီးမှာ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်ပြီး နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေတာကြောင့် သင်သောက်နေကျ ဖျော်ရည်တွေထဲမှာ သလဲသီးဖျော်ရည်ကို ထပ်ပေါင်း ဖြည့်စွက်ပေးပါ။

၄။ ဘလူးဘယ်ရီသီးဖျော်ရည်

ဘလူးဘယ်ရီသီးဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်တဲ့အပြင် အသက်ရှည်စေတဲ့ အသီးတစ်မျိုးလို့ ဆိုပါတယ်။ ကိုယ်လက်စထရောကို ကျစေတဲ့အတွက် နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ မျက်စိအမြင်အာရုံကိုတိုးစေပြီး မှတ်ဉာဏ်ကောင်းစေကာ ဆီးလမ်းကြောင်း ပိုးဝင်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

၅။ ခရင်မ်ဘယ်ရီဖျော်ရည်

ချဉ်တဲ့ အရသာရှိပြီး အနီရောင်ဖြစ်တဲ့ ဘယ်ရီသီးဟာ ရောဂါပိုးတွေကို ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ နှလုံးကျန်းမာရေးကို ကောင်းစေတဲ့ Flavonoid တွေ ပါဝင်ပြီး ဘက်တီးရီးယားပိုးတွေကို တိုက်ထုတ်နိုင်တဲ့ အာနိသင်ရှိပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တဲ့သူတွေအနေနဲ့ နေ့စဉ်သောက်သုံးပေးသင့်တဲ့ သစ်သီးဖျော်ရည်လည်းဖြစ်ပါတယ်။

၆။ စပျစ်သီးဖျော်ရည်

စပျစ်သီးဖျော်ရည်က သွေးဖိအားကို ထိန်းညှိပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောဖြစ်တဲ့ LDL ကိုလက်စထရောကိုလည်း ကျစေပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးကြောပျက်စီးမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

Advertisement

Click Here > Pro Plus Furniture

၇။ ချယ်ရီသီးဖျော်ရည်

ချယ်ရီသီးဖျော်ရည်ကတော့ ကြွက်သားတွေ ပျက်စီးတာနဲ့ နာကျင်တာကို သက်သာစေတဲ့ ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။ သူ့ထဲမှာ ကင်ဆာကို တိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း အများအပြား ပါဝင်ပါတယ်။

၈။ အနီရောင် စပျစ်သီးဖျော်ရည်

အနီရောင် စပျစ်သီးကတော့ ကင်ဆာကို တားဆီးပေးပြီး မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်။ နှလုံးကျန်းမာရေးကို အကောင်းဆုံး အထောက်အကူပြုတဲ့ အသီးလည်းဖြစ်ပါတယ်။ 

၉။ မုန်လာဥနီဖျော်ရည်

မုန်လာဥနီက ကင်ဆာဆဲလ်တွေကို ချေဖျက်ပေးပြီး အသည်းအားလည်း ကောင်းမွန်စေပါတယ်။ အသားအရေလှစေခြင်း၊ ဗီတာမင်အေ ပါဝင်တဲ့အတွက် နေလောင်ဒဏ်ကိုလည်း ပျောက်ကင်းစေပါတယ်။ မျက်လုံးအားကောင်းခြင်း၊ နှလုံးရောဂါဖြစ်နိုင်ချေနည်းခြင်း စသဖြင့် ကာကွယ်ပေးနိုင်ပါတယ်။

၁၀။ သခွားသီဖျော်ရည်

သခွားသီးကို အသီးဖျော်ရည်အဖြစ်တော့ သောက်သုံးတဲ့သူတွေ နည်းပါတယ်။ တချို့ဆို Detox Water အဖြစ်နဲ့လည်း သောက်ကြပါတယ်။ သခွားသီးဖျော်ရည်ဟာ ရင်အေးစေပြီး ရေငတ်လည်းပြေစေပါတယ်။ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ သံဓာတ်တွေ ပါဝင်တဲ့အတွက် သွေးနီဥဖြစ်စေမယ့်ဓာတ်တွေကို အားပေးနိုင်လို့ သွေးအားကောင်းစေပါတယ်။ 

အပေါ်မှာ ဖော်ပြပေးခဲ့သလို ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ သစ်သီးဖျော်ရည်တွေ သောက်တဲ့အခါ ဖျော်ရည်ထဲက အာဟာရဓာတ်တွေ မဆုံးရှုံးစေဖို့ ရှောင်ကြဉ်ရမယ့် နည်းလမ်းတွေ ရှိပါတယ်။ ဘာတွေလဲဆိုရင် - 

- ကိုယ်သောက်မယ့် အအေးဖျော်ရည်ကို ရေခဲသေတ္တာထဲမှာ သိမ်းဆည်းပြီး အအေးခံတာမျိုး မလုပ်ပါနဲ့။ တချို့ အာဟာရဓာတ်တွေဟာ အပူ၊ အအေးဓာတ် လွန်ကဲသွားရင် ပျက်ပြယ်သွားတတ်ပါတယ်။ ဒါကြောင့် သစ်သီးဖျော်ရည်တွေကို ဖျော်ပြီးပြီးချင်း သောက်တာက ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်

- သစ်သီးတွေကို Blender (ကြိတ်စက်) နဲ့ ဖျော်မယ်ဆိုရင် မူလသစ်သီးရဲ့ အာဟာရဓာတ်တွေနဲ့ အချိုဓာတ်တွေ အပြည့်အဝ ပါရှိလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် လက်နဲ့ပဲ ချေပြီး ဖျော်တာမျိုး လုပ်သင့်ပါတယ်။ 

- သစ်သီးဖျော်ရည် သောက်သူအများစုဟာ သစ်သီးချည်းသီးသန့် ဖျော်သောက်သုံးတာမျိုး နည်းပါတယ်။ သကြား၊ ဒိန်ချဉ်၊ နို့ စတာတွေကို အရသာပိုကောင်းအောင် ထည့်ဖျော်ကြပါတယ်။ ဒီလိုလုပ်တာဟာ မူလသစ်သီးရဲ့ အချိုဓာတ်ကို နောက်ထပ် အချိုအရသာတွေ ထပ်ပေါင်းပေးလိုက်သလိုမျိုးဖြစ်သွားပြီး သွေးတွင်းသကြားဓာတ် လွန်ကဲစေဖို့ တွန်းအားဖြစ်စေပါတယ်။ ဒါကြောင့် အချိုဓာတ်တွေ ပါဝင်တဲ့ အမျိုးအမယ်တွေ ထပ်မထည့်မိဖို့ သတိထားရမှာဖြစ်ပြီး သဘာဝသစ်သီးအတိုင်းသာ ဖျော်စပ်သောက်သုံးသင့်ပါတယ်။

- နောက်ဆုံးအနေနဲ့ "တန်ဆေး လွန်ဘေး" ဆိုတဲ့ စကားအတိုင်း သစ်သီးဖျော်ရည်တွေကို ကျန်းမာရေးကောင်းဖို့အတွက်ဆိုပြီး နေ့စဉ်အလွန်အကျွံ သောက်တာမျိုး မလုပ်ပါနဲ့။ ကိုယ်တွင်းသကြားဓာတ်များခြင်း၊ ကယ်လိုရီတက်ခြင်း၊ အ၀လွန်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။  

Source: Healthy & Knowledge

⇐ Previous Next

Read 1103 times