Career & Jobs

အလုပ်ခွင်မှာ ပျော်အောင်နေနည်း (၅) နည်း

5 Tips To Enjoy Your Work

သင်ဟာ အလုပ်ဖိစီးမှုကြောင့်ဖြစ်ဖြစ်၊ အထက်လူကြီးနဲ့ အဆင်မပြေလို့ဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေလို့ဖြစ်ဖြစ် အလုပ်လုပ်ရတာ မပျော်တော့တာမျိုး ဖြစ်တတ်ပါတယ်။

အဲ့လိုအချိန်မျိုးမှာ သင်တွေးမိမှာက ငါဒီအလုပ်မှာ အဆင်မပြေဘူး။ အလုပ်ထွက်လိုက်တော့မယ် ဆိုတာပါ။ တကယ်တော့ အလုပ်တစ်ခုကနေတစ်ခုပြောင်းဖို့ဆိုတာ မလွယ်ပါဘူး။

ဒါကြောင့် အလုပ်ထွက်စရာမလိုဘဲ အလုပ်မှာပျော်အောင် နေနိုင်မယ့် နည်းလမ်းလေး (၅) ခုကို မျှဝေပေးလိုက်ပါတယ်။

၁။ ဆုပေးပါ။

ဘယ်သူကဆုပေးရမှာလဲဆိုရင် သင့်ကိုယ်သင် ဆုပေးရမှာပါ။ အလုပ်လုပ်ရတာ ပင်ပန်းတဲ့အခါတိုင်း ဒီအလုပ်ပြီးရင် ငါဘာပြန်ရမှာလဲဆိုတာ တွေးပြီး ပျော်ကြည့်ပါ။

ဥပမာ - အလုပ်ပြီးရင် ငါကြိုက်တဲ့ ပီဇာစားမယ် ဒါမှမဟုတ် ငါကြိုက်တဲ့ရုပ်ရှင်ကားကြည့်မယ် ဆိုတာမျိုးက အလုပ်လုပ်ရတာ ပိုပျော်လာစေပါတယ်။

၂။ ရည်မှန်းချက်ထားပါ။

သင်ဒီအလုပ်ကို စလုပ်ထဲက သင့်မှာ ရည်မှန်းချက်တစ်ခုခုတော့ရှိမှာပါ။ ပိုက်ဆံလိုချင်လို့လုပ်တာလား? အတွေ့အကြုံရချင်လို့လုပ်တာလား? ငါတစ်နေ့ ဒီအလုပ်မှာ အကြီးအကဲနေရာတစ်ခု ရောက်ရမယ်ဆိုတဲ့ ရည်မှန်းချက်ရှိလား? သင့်ရည်မှန်းချက်အပေါ်မှာပဲ အာရုံစိုက်ထားမယ်ဆိုရင်  တခြားစိတ်ညစ်စရာတွေ တွေးမယ့်အချိန်မရတော့ဘူးပေါ့။

၃။ စိတ်ထဲမထားပါနဲ့

ကိုယ်က အလုပ်မှာ အမှားတစ်ခုလုပ်လိုက်လို့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်ဖြစ်၊ အထက်လူကြီးဖြစ်ဖြစ် ဝေဖန်တာမျိုးရှိခဲ့ရင် စိတ်ထဲထားပြီး စိတ်မကောင်းဖြစ်နေတာမျိုး မလုပ်ပါနဲ့။ နောက်တစ်ခါ ဒီလိုအမှားမျိုးထပ်မဖြစ်အောင် ဘယ်လိုပိုကောင်းအောင် ကြိုးစားရမလဲဆိုတာကိုပဲ တွေးပါ။

၄၊ ဝေးဝေးနေပါ။

ဘယ်သူတွေနဲ့ ဝေးဝေးနေရမလဲဆိုရင် သင်နဲ့ အဆင်မပြေတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တတ်နိုင်သမျှ ဝေးဝေးနေပါ။ သင့်အနေနဲ့ သူတို့နဲ့ ငြင်းခုန်တာမျိုး၊ စကားစစ်ထိုးတာမျိုးတွေ ရှောင်ပါ။ သူတို့ဘက်က တိုက်ခိုက်လာရင်လည်း စိတ်အေးအေးထားပြီး တုံ့ပြန်ပါ။

၅။ အသစ်တွေလုပ်ပါ။

တော်တော်များများက အလုပ်တစ်ခုမှာ အချိန်အတိုင်းအတာတစ်ခု ကြာသွားပြီဆိုရင် တူညီတဲ့‌အလုပ်တွေပဲ နေ့စဉ်လုပ်နေရလို့ ငြီးငွေ့တာမျိုးဖြစ်တတ်ပါတယ်။ အဲ့လိုဖြစ်တဲ့အခါ သင်အနေနဲ့ မလုပ်ဖူးတဲ့ အလုပ်လေးတွေ စမ်းလုပ်ကြည့်ပါ။ 

ဥပမာ - Project သစ်တစ်ခုမှာ ဝင်ကူညီပေးတာ။ ပိုခက်ခဲတဲ့အလုပ်တွေကို မန်နေဂျာဆီက တောင်းပြီးလုပ်ကြည့်တာမျိုး လုပ်သင့်ပါတယ်။ 

လုပ်နေကျအလုပ်နဲ့ ခွဲထွက်နေတာမျိုးတွေ လုပ်ရတဲ့အခါ စိတ်လှုပ်ရှားစရာကောင်းပြီး အတွေ့အကြုံသစ်တွေ၊ Skill သစ်တွေ ရလာပါလိမ့်မယ်။

အပေါ်မှာ ပြောပြပေးခဲ့တဲ့ အချက်တွေကတော့ အလုပ်ထွက်စရာမလိုဘဲ အလုပ်မှာပျော်အောင်နေလို့ရတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ ကိုယ်မပျော်တဲ့နေရာမှာ ပျော်အောင်နေကြည့်ဖို့တော့ ခက်ပါလိမ့်မယ်။ အတတ်နိုင်ဆုံး ကြိုးစားကြည့်ပါ။ နည်းလမ်းပေါင်းစုံ ကြိုးစားပြီးမှ မအောင်မြင်ဘူးဆိုရင်တော့ အလုပ်သစ်ရှာဖို့ အကြံပြုချင်ပါတယ်။

⇐ Previous Next

Read 1155 times