Things To Do

မဖြစ်မနေ ဘတ်စ်စီးရသူတွေအတွက် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကာကွယ်နည်းများ

Coronavirus Prevention Tips for Mandatory Bus Rides

ကိုရိုနာဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပြီး လူတော်တော်များများကို အသက်ဆုံးစေခဲ့တာကို တွေ့နေရပါတယ်။ မြန်မာနိုင်ငံမှာလည်း Positive ဖြစ်တဲ့သူတွေ တွေ့ရှိနေရပြီဆိုတော့ အထူးကို ဂရုစိုက်ပြီး ကြိုတင်ကာကွယ်ရမယ့် အချိန်ပဲဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်က ရုံးကိုမဖြစ်မနေသွားရမယ် ဒါမှမဟုတ် အကြောင်းကိစ္စတစ်ခုခုနဲ့ အပြင်သွားရမှာမို့လို့ Bus ကားစီးတော့မယ်ဆိုရင် ဗိုင်းရပ်စ်ကူးစပ်ခြင်းမခံရအောင် ကာကွယ်လို့ရမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) လက်သန့်ဆေးရည်ဆောင်ပါ

လက်ကို စင်ကြယ်စေဖို့ဆိုရင် ဆပ်ပြာနဲ့ရေဟာ အကောင်းဆုံးဆိုပေမယ့် ကိုယ်သွားတဲ့နေရာတိုင်းမှာတော့ ဆပ်ပြာနဲ့ရေကို ယူသွားဖို့ အဆင်မပြေလောက်ပါဘူး။ ဒီတော့ တစ်ကိုယ်ရည်သုံး လက်သန့်ဆေးရည်တွေကို သယ်ဆောင်သွားတာက အကောင်းဆုံးဖြစ်ပြီး ဘတ်စ်ကားပေါ်တက်ခါနီး အချိန်တွေနဲ့ ဘတ်စ်ကားပေါ်က ပြန်ဆင်းလာချိန်တွေမှာ လက်ကို သန့်စင်တာက အကောင်းဆုံးပါ။

(၂) တစ်ရှူး၊ လက်ကိုင်ပုဝါဆောင်ထားပါ

ဘတ်စ်ကားပေါ်မှာ သင့်အနေနဲ့ ချောင်းဆိုးချင်လာပြီဆိုရင် ဒါမှမဟုတ် နှာချေချင်လာပြီဆိုရင် တစ်ရှူးသုံးတာ အကောင်းဆုံးပါ။ ဒီလိုမှမဟုတ်ရင်လည်း သင့်ရဲ့လက်ကိုင်ပုဝါနဲ့ ပါးစပ်၊ နှာခေါင်းတွေကို အုပ်ထားတာက ဘေးလူအတွက် အန္တရာယ်ကင်းပါတယ်။ သင့်ရဲ့အနီးတဝိုက်မှာ ချောင်းဆိုး၊ နှာချေနေတဲ့သူတွေရှိရင်လည်း သူတို့ကို သင် ဆောင်လာတဲ့ တစ်ရှူးတွေပေးပြီး ကူညီလို့ရပါတယ်။

(၃) နှာခေါင်းစည်းသုံးပါ

နှာခေါင်းစည်း (Mask) တွေသုံးတာကလည်း ရောဂါပိုးတချို့ကို ကာကွယ်ပြီးသား ဖြစ်သွားနိုင်ပါတယ်။ သင့်ဆီကို ရောဂါ အလွယ်တကူ မကူးနိုင်တော့သလို သင့်ဆီမှာ ရောဂါပိုးရှိနေတယ်ဆိုရင်လည်း တခြားသူတွေဆီ လွယ်လွယ်နဲ့ မကူးနိုင်တော့ဘူးပေါ့။

(၄) ချောင်းဆိုးနေသူတွေနဲ့ဝေးဝေးမှာနေပါ

သင့်ရဲ့အနီးအနားမှာ ချောင်းဆိုးနေသူ တစ်ယောက်ရှိတယ်ဆိုရင် သူနဲ့ ဝေးဝေးမှာနေဖို့ တတ်နိုင်သမျှ ကြိုးစားတာက အကောင်းဆုံးပါ။ မဟုတ်ရင် သင့်စိတ်ထဲမှာ သူ့ဆီက ရောဂါကူးသွားမလားဆိုတဲ့ အတွေးမျိုး ဝင်နေမိမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သံသယဝင်နေမိတော့မှာပါ။ အဲဒီလူဆီမှာ တကယ်ပဲ ရောဂါပိုးပါလာခဲ့ရင်လည်း သင့်ကို ကူးစက်နိုင်မှာပဲမို့ ချောင်းဆိုးတဲ့လူတွေနဲ့ ဝေးဝေးမှာနေတာ အကောင်းဆုံးပါ။

(၅) ဖုန်းမသုံးပါနဲ့

ဖုန်းရဲ့မျက်နှာပြင်မှာ ရောဂါပိုးတွေ ကပ်ငြိလွယ်တာကို သင်သိပြီးသားဖြစ်မှာပါ။ ဒီတော့ လူများတဲ့ကားပေါ်မှာ ဖုန်းသုံးဖို့ ကြိုးစားတာဟာ ရောဂါပိုးတွေကို ဖိတ်ခေါ်သလိုဖြစ်နေတာ အသေအချာပါပဲ။ သင့်အတွက် ဘယ်လောက် အရေးကြီးတာပဲဖြစ်ပါစေ ကားပေါ်မှာတော့ တတ်နိုင်သလောက် ဖုန်းမသုံးပါနဲ့။

(၆) ကျန်းမာအောင်နေပါ

တကယ်လို့ သင်က ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင်နေတဲ့သူတစ်ယောက်ဆိုရင် ရောဂါပိုးတွေ လွယ်လွယ်နဲ့ မဝင်နိုင်တော့ဘူးပေါ့။ အိပ်ရေးဝအောင် အိပ်မယ်၊ အစားကောင်းကောင်းစားမယ်၊ တစ်ကိုယ်ရည်လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်မယ်၊ အားရှိအောင်နေမယ်ဆိုရင် ရောဂါပိုးတွေ လွယ်လွယ်နဲ့ ရောက်မလာနိုင်တော့ဘူးလေ။ ဒီတော့ ကျန်းမာအောင်နေဖို့လည်းအရေးကြီးပါတယ်။

⇐ Previous Next

Read 2060 times