Things To Do

ဘော်ဒါတွေနဲ့ ဘားထိုင်ရင် ဒါတွေ မလုပ်ပါနဲ့!!

Don't do this when sitting in a bar with boarders !!

TGIF ဆိုတော့ ဘော်ဒါတွေနဲ့ ပျော်ပျော်ပါးပါး ဘားထိုင်ရင်း Chillဖို့ ကြံစည်နေကြပြီလား? အားလပ်ချိန်လေးမှာ ကိုယ့်အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံဖို့ ချိန်းကြပေမယ့် အလိုက်မသိတဲ့ ဘော်ဒါတစ်ချို့ကြောင့် ဘားထိုင်ရင် စိတ်အနှောက်အယှက် ဖြစ်ရတာမျိုး လူတိုင်း ကြံဖူးကြမယ် ထင်ပါတယ်။

ဒါကြောင့် ဘားထိုင်ရင် အတူတူ ထိုင်တဲ့သူတွေ စိတ်အနှောက်အယှက် မဖြစ်ရလေအောင် ရှောင်သင့်တဲ့ အချက်လေးတွေကို ဒီကနေ့မှာ ပြောပြပေးသွားချင်ပါတယ်။

၁။ ဖုန်းမသုံးပါနဲ့။
တစ်ခါတစ်လေလေး ဘော်ဒါတွေနဲ့ ဆုံတုန်းမှာ ကိုယ်က တစ်ယောက်ထဲ ဖုန်းသုံးပြီး၊ ပြောနေတဲ့စကားဝိုင်းထဲ မပါဝင်နိုင်တဲ့အခါ ဘေးလူတွေက ကသိကအောက် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘားထိုင်တဲ့အခါ ဖုန်းကို အိတ်ထဲထည့်ထားလိုက်ပါ။

၂။ ဂျီးမများပါနဲ့။
ဘားထိုင်ပြီး သောက်စရာတွေ ရွေးကြတဲ့အခါ လူတစ်ယောက် အကြိုက်တစ်မျိုး ဖြစ်တတ်တာ မှန်ပါတယ်။ ဒါပေမယ့် အများနဲ့ စုပေါင်းပြီး ဘေရှင်းတာမျိုးဆို ကိုယ်တစ်ယောက်ထဲ ကြိုက်တာတွေချည်း ရွေးမှာမယ့်အစား ညှိနှိုင်းတိုင်ပင်ပြီး အားလုံးအဆင်ပြေဖို့ စဥ်းစားသင့်ပါတယ်။

၃။ အမြည်းအများကြီး မစားပါနဲ့။
တော်တော်များများက ဘားထိုင်ရင် သောက်ချင်လို့ လာကြတာ များပါတယ်။ ဒါကြောင့် သောက်စရာကို များများမှာပြီး စားစရာ အမြည်းကို အနည်းငယ်ပဲ မှာတတ်ကြတာ သဘာဝပါ။ ဒီလိုအချိန်မှာ ကိုယ်က သူများနည်းတူ သောက်ရမယ့်အစား အမြည်းတွေချည်း လှိမ့်စားနေမယ်ဆို အဆင်မပြေပါဘူးနော်။

၄။ ဖုန်းမပြောပါနဲ့။
အားလုံးက ခွက်ချင်းတိုက် Chill နေကြတဲ့အချိန်မှာ ကိုယ်က ချစ်သူနဲ့ဖြစ်ဖြစ်၊ အလုပ်ကိစ္စပဲဖြစ်ဖြစ် ဖုန်းတွေအကြာကြီး ပြောနေတာမျိုးက ကိုယ့်ဘော်ဒါတွေ ကိုယ့်အပေါ် စိတ်ညိုညင်စရာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘားထိုင်တဲ့အခါ အရမ်းအရေးကြီးတဲ့ ကိစ္စကလွဲရင် ဖုန်းအကြာကြီး မပြောသင့်ပါဘူးနော်။

၅။ အိမ်ကို ကြိုပြောထားဖို့ မမေ့ပါနဲ့။
အရက်တောင် သောက်တတ်ပြီဆိုမှတော့ အိမ်လည်း ပိုင်သင့်ပါပြီနော်။ ဒါကြောင့် ကိုယ်က ဘားထိုင်ဖို့ အစီအစဥ်ရှိတယ်ဆိုရင် ညဘက် အိမ်ပြန်နောက်ကျမယ့်အကြောင်း ကိုယ့်အိမ်ကို ပြောထားသင့်ပါတယ်။ အိမ်ထောင်ဖက်ရှိတယ်ဆိုလည်း ကြိုပြောပြထားလိုက်တော့ ဖုန်းတဂွမ်ဂွမ်ဆက်ပြီး အရစ်ခံရတဲ့ ဒုက္ခ မရှိတော့ဘူးပေါ့။

၆။ လူပိုခေါ်မလာပါနဲ့။
Social ကျတာ ကောင်းပေမယ့်၊ Social ရောတာတော့ မကောင်းပါဘူး။ ကိုယ်က တစ်ဖွဲ့နဲ့ ချိန်းပြီးသားဆို အဲ့တစ်ဖွဲ့က အားလုံးသိတဲ့သူလောက်ပဲ ခေါ်လာတာ ကောင်းပါတယ်။ ဘယ်သူမှ မသိတဲ့သူစိမ်းတစ်ယောက်ကို ခေါ်လာတာက ဝိုင်းထဲကလူတွေအတွက် ကသိကအောက် ဖြစ်နိုင်သလို ခေါ်ခံရတဲ့ လူအတွက်လည်း အဆင်မပြေ ဖြစ်နိုင်ပါတယ်။

၇။ မသောက်ဘဲ မနေပါနဲ့။
ဘားထိုင်ပြီး ဘာမှမသောက်ရင် ရန်သူပါပဲနော်။ ကိုယ်က သောက်ချင်စိတ် မရှိဘူးဆိုရင်တောင် ဟန်ပြ တစ်ခွက်လောက်တော့ မှာထားသင့်ပါတယ်။ ကိုယ်က အရက်နဲ့ အလက်ဂျစ်ရှိတယ်ဆိုလည်း အတူထိုင်မယ့်သူတွေကို ပွင့်ပွင့်လင်းလင်း ကြိုပြောပြထားတာ အကောင်းဆုံးပါ။

၈။ Limit မကျော်ပါစေနဲ့။
သောက်တတ်သူ တော်တော်များများက ကိုယ့် Limit ကို သိထားသင့်ပါတယ်။ အားလုံးက ပျော်ချင်လို့ လာကြတဲ့အချိန်မှာ ကိုယ်က မူးနေလို့ ကိုယ့်ကို ပြုစုပေးနေရတာမျိုးဆို စိတ်ကသိကအောက် ဖြစ်စရာ ကောင်းပါတယ်နော်။

၉။ ပိုက်ဆံရှင်းတဲ့အချိန် မသိချင်ယောင် မဆောင်ပါနဲ့။
အကုန်လုံးက သောက်ချင်လို့ လာသောက်ကြတဲ့ သူတွေချည်းပါပဲ။ ကိုယ့်အတွက်ကိုကလွဲရင် ဘယ်သူကမှ သူများအတွက် ပိုက်ဆံအပို ပါလာကြမှာ မဟုတ်ပါဘူး။ ကိုယ်က သောက်ဖို့အတွက် ပိုက်ဆံအများကြီး မရှိဘူးဆိုရင် မထိုင်ခင်ကတည်းက ကြိုပြောထားသင့်ပါတယ်နော်။

ကဲ ဘော်ဒါတွေနဲ့ ဘားထိုင်တဲ့အခါ ရှောင်သင့်တဲ့အချက် တော်တော်များများကို သိသွားပြီဆိုတော့ ကိုယ့်သူငယ်ချင်းတွေထဲက အလိုက်မသိတတ်တဲ့ ဘော်ဒါတွေကို ဒီစာလေး လက်တို့ပြီး ခေါ်ပြလိုက်ဦးနော်။

ရန်ကုန်မှာရှိတဲ့ ဘားတွေနဲ့ စားသောက်ဆိုင်တွေကိုတော့ အောက်ပါလင့်ခ်မှာ ဝင်ရောက်ရှာဖွေလို့ ရပါတယ်။https://bit.ly/2CrZJmJ 

⇐ Previous Next

Read 1669 times