Things To Do

အမျိုးသမီးသီးသန့်သာ ဝင်ခွင့်ပြုတဲ့ အေးချမ်းရာအရပ်လေး ထေရီမတို့ရွာ

Meditation Place That Only Females Are Allowed To Enter

လူဖြစ်ရကျိုးနပ်ဖို့ တရားထူး၊ တရားမြတ် အမှန်တကယ် ရလိုသူတွေ၊ အမျိုးသမီးသီးသန့် အေးအေးချမ်းချမ်း တရားအားထုတ်လိုသူတွေ၊ မြတ်ဗုဒ္ဓအလိုကျ နည်းမှန်လမ်းမှန် စနစ်တကျ  သိလိုတတ်လိုသူတွေ၊ အခုမှ တရားအားထုတ်ကာစမို့ ကမ္မဋ္ဌာနာစရိယကိုယ်တိုင် အနီးကပ်ညွှန်ပြမှုကို ခံယူလိုတဲ့သူတွေအတွက် ရန်ကုန်မြို့နဲ့ မနီးမဝေးက ဆိတ်ငြိမ်တဲ့အပြင် မြေဧက (၄၀) ကျော် အတွင်းမှာ မြင်မြင်သမျှ ကြည်နူးစရာတွေနဲ့ ပြည့်စုံနေတဲ့ တောရရိပ်သာလေးတစ်ခုကို ညွှန်ပြပေးချင်ပါတယ်။ 

မွန်းကြပ်ပူလောင်မှုတွေနဲ့ ဝေးရာ တောတောင်သဘာ၀နဲ့အပြိုင် သာယာလှပနေတဲ့ ဒီနေရာလေးရဲ့ နာမည်က ထေရီမတို့ရွာ ဖြစ်ပါတယ်။ ထေရီမတို့ရွာ ရိပ်သာမှာဆိုရင်  အထပ်မြင့် တက်စရာမလိုဘဲ ရေချိုးခန်း၊ ရေအိမ် ပူးတွဲပါတဲ့ ယောဂီ (၃) ပါး တစ်ခန်းတည်း အတူနေရမယ့် တစ်ထပ်ယောဂီဆောင်လေးတွေ ရှိပါတယ်။

အသက်အရွယ်ကြီးစဥ်ငယ်လိုက် အမှတ်စဥ်အတိုင်း အဆောင်၊ တရားမှတ်နေရာ၊ ဆွမ်းစားနေရာ၊ ဖိနပ်ချွတ်တာက အစ နည်းစနစ်ကျတဲ့ နေရာဖြစ်ပါတယ်။ စားသောက်ရေးအနေနဲ့ ယောဂီတွေအားလုံး ဘုံစားသုံးကြရတဲ့နေရာ ဘောဇနဆောင်မှာ ဘူဖေးစနစ်ဖြင့် စိတ်ကြိုက် အသင့် စားသုံးနိုင်ပါတယ်။ အာရုဏ်နဲ့ နေ့ နှစ်ချိန်လုံးအတွက် အသားဟင်း၊ ငါးဟင်း၊ အရည်သောက်၊ အသီးအရွက်ကြော်၊ အကြော်စုံ၊ အသုပ်စုံအပြင် ညနေအတွက် ကော်ဖီ၊ လက်ဖက်ရည်၊ အချိုပွဲနဲ့ အအေးပါ စီစဉ်ပေးပါတယ်။ 

ဆွမ်းစားစရိတ် အခမဲ့ ဖြစ်ပြီးတော့ မွေ့ယာ၊ အိပ်ယာခင်း၊ ခေါင်းအုံးနဲ့ ခေါင်းအုံးစွပ်၊ စောင်၊ ခြင်ထောင်၊ သွားပွတ်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာကြမ်းချော လုံးဝ ယူသွားရာမလိုပါဘူး။ အားလုံးကို ရိပ်သာက စီစဉ်ပေးတာ ဖြစ်ပါတယ်။ ရိပ်သာဝင်ဖို့ စာရင်းပေးသွင်းလိုသူများအနေနဲ့ မှတ်ပုံတင်မူရင်း၊ မိတ္တူ၊ မိမိပတ်စ်ပို့ပုံ (၂) ပုံနဲ့ ယောဂီဝတ်စုံ (သို့) သီလရှင်ဝတ်စုံ ယူဆောင်သွားရပါမယ်။ 

ဝါတွင်းကာလမှအပ လစဥ် လပြည့်နေ့တိုင်း သီလရှင်အပါး (၆၀) အတွက် ကိုးရက်တာ အထူးတရားစခန်း ဖွင့်လှစ်ပေးထားပါတယ်။ အဖိတ်နေ့ နေ့လယ် ၂ နာရီ အရောက်သွားဖို့တော့ လိုပါမယ်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာလည်း ဓုတင် ၅ ပါး ကျင့်ဆောင်သော အမျိုးသမီးယောဂီသီးသန့် နှစ်ရက်တရားစခန်း ဖွင့်ပါတယ်။ 

 Advertisement

Click Here > Hnin Taung

ထေရီမတို့ရွာ ရိပ်သာဝန်းထဲမှာ မုစလိန္ဒာအိုင်၊ ဘောဂဝတီထေရီ နဂါးရုံဘုရား၊ ရုံးခန်း၊ သိမ်တော်၊ ဧည့်ဆောင်၊ တန်ဆောင်း၊ ဘောဇနဆောင်နဲ့ ဆွမ်းချက်ဆွမ်းပြင်ဆောင်အပြင် တစ်ပါးထိုင် ဇရပ် ၁၅ ခု (ထန်းလက်မိုး)၊ ဝေယျာဝစ္စဆောင် ၂ ဆောင် (သွပ်မိုးနီညိုရောင်)၊ ယောဂီဆောင် ၁၀ ဆောင် (သွပ်မိုးစိမ်းပြာ)၊ လျှိုပိတ်တမံ ရေနဲ့ ကြာကန်၊ အများသုံးရေအိမ်၊ ကွန်ကရစ်လမ်း၊ မြေနီလမ်း၊ ကားပါကင်၊ ဆိုလာမီးတိုင်များ၊ ရေတွင်း ရေကန်များ၊ ရေသန့်စက်နဲ့ ရေချမ်းစင်များ၊ အပန်းဖြေထိုင်ခုံများ၊ နှစ်ရှည်သီးပင်စားပင်များ၊ အရိပ်ရသစ်ပင်များ၊ ပန်းအလှစင်များနဲ့ အော်ဂဲနစ်စိုက်ခင်းများဖြင့် ပြည့်စုံလှပါတယ်။

ဒီလို အေးချမ်းသာယာလှတဲ့ တရားရိပ်၊ ဘုရားရိပ်မှာ တရားဘာ၀နာ ပွားများလိုသူတွေအတွက် ရိပ်သာလမ်းညွှန်ကတော့ ရန်ကုန်အဝေးပြေးဂိတ်ကနေ နေပြည်တော်၊ မိတ္ထိလာ၊ မန္တလေး၊ တောင်ကြီးကားများ လမ်းကြုံစီး၊ ရန်ကုန်- မန္တလေး အမြန်လမ်း ၁၈ မိုင် ၃ ဖာလုံတွင် ဆင်းပြီး၊ ဆိုင်ကယ် Taxi များ ငှားလာနိုင်ပါတယ်။ ရန်ကုန်မှ Taxi ငှားပြီး လာမယ်ဆိုရင် တစ်နာရီကျော်ကျော်လောက် စီးရပါမယ်။ ရန်ကုန်ကနေ ကိုယ်ပိုင်ကားနဲ့ လာရင် ရန်ကုန်- မန္တလေး အမြန်လမ်း ၁၈ မိုင် ၃ ဖာလုံ ရောက်ရင် ညာကွေ့ ဗောဓိဆာယာတောရ ထေရီမတို့ရွာ လမ်းညွှန်အတိုင်း ဝင်လာလို့ ရပါပြီ။

လိပ်စာ

====

ရန်ကုန် - မန္တလေး အမြန်လမ်း၊ မိုင်တိုင် (၁၈ မိုင် ၃  ဖာလုံ)၊ ရွေစည်တော် ရိပ်သာအနီး၊ မင်းကုန်းကျေးရွာ၊ လှည်းကူးမြို့နယ်၊ ရန်ကုန်။

ဆက်သွယ်ရန် ဖုန်းနံပါတ်

==========

09-5140556.

09-78 5140556

09-755 427 428

09-4500 27079

တရားစခန်းအတွက် ဖြစ်စေ၊ သာသနာပြုလုပ်ငန်းများတွင် ပါဝင်လို၍ ဖြစ်စေ အထက်ပါ ဖုန်းနံပါတ်များကို အသေးစိတ် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

⇐ Previous Next

Read 1644 times