Things To Do

သဏ္ဍာန်ပြောင်းလာတဲ့ ရန်ကုန်မြို့ရဲ့ အသွင်အသစ်ကို ဖော်ထုတ်တင်ပြမယ့် “ရှိ”

"Shi" Art Exhibition In Yangon

“ရှိ” ဆိုတာက မြန်မာနိုင်ငံရဲ့ မြို့ပြကြီးဖြစ်တဲ့ ရန်ကုန်မြို့မှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့အထိ (၄၄) ရက်တိုင် ကျင်းပသွားမယ့် အနုပညာပြပွဲတစ်ခုဖြစ်ပါတယ်။

မြန်မာ့အနုပညာလောကရဲ့ ဗဟိုချက်ဖြစ်တဲ့ ရန်ကုန်မြို့ဟာ ဒီပြပွဲရဲ့ နောက်ခံပိတ်ကား ဖြစ်ပြီးတော့ “ရှိ” အနုပညာပြပွဲကို ဘတ်စ်ကားသွားလားမှုများတဲ့ မြို့တွင်းရှိ နေရာ (၇) ခုမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ရွေးချယ်ထားတဲ့ နေရာ (၇) ခုကတော့ Goethe-Institut Myanmar၊ ဒို့အိမ် (၄၆ လမ်း)၊ ဒို့အိမ် (ဘိုကလေးစျေး)၊ လောကနတ်၊ Myanm/art၊ ကလသာ၊ အရသာခံတို့ဖြစ်ပြီး မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

“ရှိ” အနုပညာပြပွဲမှာ အနုပညာရှင်ပေါင်း (၅၀) ကျော်ရဲ့ အနုပညာလက်ရာပေါင်း (၄၀) ကျော်ကို ပြသသွားမှာဖြစ်ပါတယ်။ “ရှိ” ဆိုတာ ရှိခြင်း၊ တည်ရှိခြင်းတို့ကို အဓိပ္ပာယ်ဆောင်သလို “ရှိ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီအနုပညာပြပွဲက  နေထိုင်ရာ လူမှုပတ်ဝန်းကျင်နဲ့ အနုပညာနေရာတွေကြားက  အဆက်အသွယ် ပြတ်တောက်မှုတွေကို ပြန်လည်ချိတ်ဆက် ဆွေးနွေးဖို့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။  

“ရှိ” အနုပညာပြပွဲဟာ အနုပညာရှင်တွေနဲ့ သူတို့လက်ရာတွေအပြင် စကားလက်ဆုံကျမှုတွေ၊ မှတ်တမ်းတင်မှုတွေ ပါဝင်တဲ့ မြန်မာ့အနုပညာအခင်းအကျင်းရဲ့ လျှပ်တစ်ပြက် ရိုက်ချက်တွေပါပဲ။ ကျင်းပသွားမယ့် (၄၄) ရက်တာ ကာလပတ်လုံးမှာလည်း ပြိုင်တူ ထုတ်ပြန်ချက်တွေ၊ အားပြိုင်နေတဲ့ ဇာတ်ကြောင်းတွေနဲ့ ဆွေးနွေးမှုတွေလည်း ပါဝင်မှာပါ။

“နေရာ/လက်ရာ စကားဝိုင်း/ရှိ” — အနုပညာရှင်တွေနဲ့ ပြခန်းနေရာတွေကြား ဆွေးနွေးမှုစီးရီး၊ “အနုပညာရှင်/ရှိ” — ဖိတ်ခေါ်ထားတဲ့ အနုပညာရှင်တွေအတွက် ဆွေးနွေးမှုစီးရီး၊ “အနုပညာစာတမ်းဖတ်ပွဲ/ရှိ” — အနုပညာရှင်တွေနဲ့ အနုပညာရပ်ဝန်းထဲမှာ အလုပ်လုပ်ကိုင်နေကြတဲ့ သူတွေရဲ့ စာတမ်းဖတ်ပွဲ အစီအစဉ်တွေအပြင် အနုပညာနဲ့ စာရေးခြင်းကြားမှာ လိုအပ်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့နဲ့ စနစ်ကျတဲ့ အနုပညာ ဝေဖန်အရေးအသား၊ သတင်းပညာနဲ့ မီဒီယာတွေကို ကိုယ်စားပြုဖို့ အစီအစဉ်ဖြစ်တဲ့ “အနုပညာစာမူ၊ စာတမ်းဖိတ်ခေါ်ခြင်း/ရှိ” လည်း ကျင်းပမှာဖြစ်ပါတယ်။

“ရှိ” အနုပညာပြပွဲဟာ မြန်မာပြည်မှာ ဆက်လက်တည်ရှိ လည်ပတ်နေတဲ့ အနုပညာ ဂေဟစနစ်ရယ်၊ ဒီပတ်ဝန်းကျင်ထဲက အနုပညာရှင်တွေနဲ့ ယဉ်ကျေးမှု အနုပညာလုပ်သားတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို အရှိကိုအရှိအတိုင်း ချပြသွားမယ့်ပွဲဖြစ်ပါတယ်။

⇐ Previous Next

Read 1096 times